ဇွန်-၃၀၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ပျူ အထိုင်စခန်း ၃ နေရာ တပြိုင်တည်း အတိုက်ခံရပြီးနှစ်ဘက်ထိခိုက်မှုတွေရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၂၈)ရက်နေ့ မနက် ၆ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီး(ပျူ)ရွာ ပျူစခန်းနဲ့ စစ်တပ် စခန်းကုန်းတို့ကို ရွှေဘိုမြို့နယ်ပကဖက ဦးဆောင်ပြီး ပူးပေါင်းပကဖများနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဟင်္သာကြီး(ပျူ) ကျေးရွာစခန်းနဲ့ စခန်းကုန်းတို့ကို တပြိုင်တည်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးဘိုးနတ်တောင်ရှိ စစ်ကောင်စီ အထိုင်ချစခန်းကိုလည်း Drone ဗုံးသီးများချပြီးတော့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုပကဖအဖွဲ့က အသိပေးပါတယ်။

Public Service Announcement
ပျူနဲ့ စစ်သား အင်အား (၇၀)ကျော်ရှိတဲ့ နေရာ (၃)ခုကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဟင်္သာကြီး(ပျူ) ကျေးရွာက ဘန်ကာ (၅)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အနီးက စခန်းကုန်းကို ဆက်လက်သိမ်းနေချိန်ကျောက်မြောင်းခမရ(၁၂)၊ ရွှေဘို ခလရ(၄၂)တို့ကနေ ဟောင်ဝှစ်ဇာ၊ ၁၀၅ မမ၊ ၁၂၀ မမတွေနဲ့ အကြိမ်ကြိမ် ပစ်ကူခဲ့တဲ့အပြင် စစ်ကူပါထပ်ရောက်လာလို့ ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ ရွှေဘိုပကဖက ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၁၇) ဦးသေဆုံးတယ်လို့ တိုက်ပွဲဝင်ရဲဘော်တွေက မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး နယ်မြေခံတွေအတည်ပြုချက်အရ အရာခံဗိုလ် (၁)ဦးအပါအဝင် (၇)ဦး ထပ်မံသေဆုံးတယ်လို့ ရွှေဘိုပကဖက အသိပေးပါတယ်။
တိုက်ပွဲမှာ သုံ့ပန်း (၁၈)ဦး ဖမ်းမိပေမဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေဖြစ်နေတာ၊စစ်ရေးအခြေအနေတင်းမာလာတာနဲ့ နယ်မြေအနေအထားတွေအရဘေးလွတ်ရာလွှတ်ပေးလိုက်တယ်လို့ ရွှေဘိုပကဖက ထပ်မံအသိပေးပါတယ်။
တိုက်ပွဲမှာစစ်အုပ်စုဆီကနေကာဘိုင်(၂)လက်၊ ကိုးလုံး (၁)လက်၊ G-3 (၁)လက်၊ ကိုးလုံးကျည် (၆၆) တောင့်၊ G-3ကျည် (၆၃၅) တောင့်နှင့် ကျည်အိမ် (၄)ခုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် ဒီစစ်ဆင်ရေးမှာပကဖရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ရဲဘော် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရေးကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၂)(၄)(၅) ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့အဖြစ် ရွှေဘိုခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရေဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပကဖGroup – 3 အဖွဲ့၊ရွှေဘိုမြို့နယ်ပကဖPDO(Shwebo Faderal Tech-ဒရုန်းတပ်ဖွဲ့)၊ ဘုတလင်မြို့နယ် ပကဖဒရုန်းတပ်ဖွဲ့နှင့် တိုက်နယ် (၅)ပကဖဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကာကွယ်ရေးအဖွဲ့တွေဆီဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ရွှေဘိုမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့်မန္တလေး-ရွှေဘိုသွားခရီးသည်တွေ ကွင်းလမ်းတွေကနေ ပတ်သွားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
