ဇွန်၂၉၊၂၀၂၅၊မေ၊ထားမြတ်/People Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။
ဇွန်လ၂၉ရက်နေ့၊ မနက်၁၁နာရီ၅၀ မိနစ်မှာ လက်ပန်လှ ကျေးရွာ၊ပြည်စိုးအောင် ရပ်ကွက်ကို စစ်ကောင်စီ တိုက်လေယာဥ်က ပေါင်၃၀၀ ဗုံးကြဲခဲ့တာလို့ သူကပြောပါတယ် ။
“အသက်၄၀ အရွယ်အမျိုးသမီး တဦး သေသွားတယ်။အရိုးရော၊အသားရော တစဆီဖြစ်သွားတယ်”လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။ဒါ့အပြင် နေအိမ်၃လုံး လည်းပျက်စီးခဲ့ပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်က လက်ပန်လှ ကျေးရွာက ပြည်စိုး အောင် ရပ်ကွက်ကို မကြာခဏ လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။
“ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊စစ်ဘေးရှောင်စခန်း၊ ဆေးရုံ အဲဒီလို မကြဲသင့်တဲ့နေရာတွေကို အများကြီး ကြဲပြီး လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတယ်”လို့ ပြင်ဦးလွင်ခရိုင်ပဖက တာဝန်ရှိသူက ပြောပါတယ် ။
စစ်ကောင်စီကနိုင်ငံတကာအမြင်ကောင်ဖို့ ငြိမ်းချမ်းရေးဖိုရမ်ကဲ့သို့သော ဟန်ပြလုပ်ရပ်တွေကို လုပ်ပြီး တဖက်မှာပြည်သူတွေကို လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ သူကဆက်ပြောတယ် ။
ပြီးခဲ့တဲ့မတ်လ ၁၄ ရက်နေ့ကလည်း လက်ပန်လှ ကျေးရွာဈေးထဲကို စစ်တပ် တိုက်လေယာဥ်တွေက ဖျက်အားပြင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂၇ ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စစ်တပ်က တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ စဉ့်ကူး၊မတ္တရာနဲ့သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု တွေမကြာခဏ ပြုလုပ် ခဲ့ပြီး ၂၀၂၅ ခုနှစ်ထဲမှာပဲ လေကြောင်းတိုက်ခိုက်မှု အကြိမ်ဆယ်နဲ့ချီပြုလုပ်ခဲ့ပါတယ်။ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူရာနဲ့ချီပြီး သေဆုံး ဒဏ်ရာ ရခဲ့ပါတယ် ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက “(စစ်ကောင်စီက) ငြိမ်းချမ်းရေးဆွေးနွေးနေတယ်ဆိုပြီး လုပ်နေတယ်။တဖက်မှာ ဗုံးကြဲနေတယ်။တဖက်မှာ ရွာတွေဝင် မီးရှို့တယ်။တဖက်မှာလူထုတွေကို ညှင်းပန်းသတ်ဖြတ်နေပြီး ငြိမ်းချမ်းရေးဆိုတဲ့ဟာကအဲဒါက မဖြစ်ဘူး”လို့ပြောပါတယ်။
စစ်ကောင်စီဟာ ဇွန်လ ၂၅ရက်ကနေ ၂၇ရက်အထိ နေပြည်တော်မှာ စစ်တပ်ကို မတိုက်တဲ့လက်နက်ကိုင်အဖွဲ့တွေ ၊ရွေးကောက်ပွဲရှုံးပါတီတွေ စစ်တပ်ထောက်ခံသူတွေနဲ့ ငြိမ်းချမ်းရေးဖိုရမ်ဆိုပြီး လုပ်ခဲ့ပါတယ်။ တဖက်မှာတော့ဆွေးနွေးပွဲ ကျင်းပနေတုန်းမှာပဲ ကျောက်မဲ ၊နောင်ချို ၊မိုးကုတ် ၊ကရင်နီပြည် စတဲ့ ဒေသအနှံကို ပြည်သူတွေကိုပါပစ်မှတ်ထားဗုံးကြဲခဲ့ပါတယ် ။
