DEE/People’s Spring
ဆေးခြောက်ကိုတရားဝင်ရှုရှိုက်လို့ရနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာလက်ဖက်ရည်ကို မှောင်ခိုဝယ်သောက်ရတယ်လို့ပြောရင် ယုံရခက်ခက်ပါ။ ထိုင်းနိုင်ငံ အနောက်ဘက်စွန်းပိုင်းက နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့တနေရာမှာ ခုရက်ပိုင်းမှာတော့ လက်ဖက်ရည်ကို မှောင်ခိုဝယ်သောက်နေရပါတယ်။
မဲဆောက်မြို့က မြန်မာတွေသောက်နေကြလက်ဖက်ရည်ဆိုင်တွေပိတ်ထားရလို့ သောက်နေကြဖောက်သည်တွေက မသောက်ရမနေနိုင် ပါဆယ်ဆွဲပြီး ကိုယ့်ရဲ့နေအိမ်မှာ သောက်ရတာကို မှောင်ခိုသောက်တာလို့ အချင်းချင်းစနှောက်ပြောဆိုတာဖြစ်ပါတယ်။

အကြောင်းကတော့ ထိုင်းအာဏာပိုင်အဖွဲ့စုံ”တောမောဝင်တယ်” ဆိုတာကြောင့်ပါ။ အဖွဲ့စုံတောမောဝင်တယ်ဆိုတာ ထိုင်းနိုင်ငံရဲ့ စစ်တပ်၊ရဲတပ်ဖွဲ့၊လူဝင်မှုကြီးကြပ်ရေး(လဝက)စတဲ့ အားလုံးပါတဲ့အဖွဲ့ဖြစ်ပါတယ်။

Public Service Announcement
၂၀၂၅ နှစ်ဆန်းစလို့ အဖွဲ့စုံတောမောဝင်ပြီး ဖမ်းဆီးစစ်ဆေးမှုကြမ်းနေတဲ့ မဲဆောက်မြို့မြို့မှာ မြန်မာတွေအများစုနေတဲ့နေရာတွေမှာ ခုရက်ပိုင်း ပိုတိတ်ဆိတ်နေပါတယ်။ မဲဆောက်မြို့က နေရာပေါင်းစုံမှာ တောမောဝင်ပြီး စစ်ဆေးဖမ်းဆီးတာ ကြမ်းနေတာကြောင့်ပါ။
“မဲဆောက်မှာနေရာပေါင်းစုံ၊ အခင်အကျင်းပေါင်းစုံ၊ဒေါင့်ပေါင်စုံမှာရှိတဲ့ နိုင်ငံခြားသားဖြစ်တဲ့ မြန်မာနိုင်ငံသားတွေ ကျီးလန့်စာစားဖြစ်နေတယ်”လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌဦးမိုကြိုးက ပြောပါတယ်။
ဦးမိုးကြိုးဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး မဲဆောက်မြို့ကို ရောက်ရှိနေတာ နှစ်ပေါင်း ၂၂နှစ်ရှိနေပါပြီ။ သူနေထိုင်တဲ့ နှစ် ၂၀ကျော်အတွင်းမှာ အခုဇွန်လထဲမဲဆောက်မြို့ရဲ့ ဖမ်းဆီးစစ်ဆေးမှုဟာ အကြမ်းတမ်းဆုံးလို့လည်း သူကမှတ်ချက်ပြုပါတယ်။
မဲဆောက်မြို့မှာ လက်ဖက်ရည်မှောင်ခိုဝယ်သောက်ရတဲ့အထိ ဖြစ်လာတဲ့ အကြောင်းအရင်းဟာ ဇွန်လ ၆ ရက်က စပါတယ်။
မဲဆောက်မှာ အီးဗိုက်လို့ခေါ်တဲ့ ဘတ္ထရီတပ်စက်ဘီးတွေကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရာက စပါတယ်။ အီးဗိုက်တွေကို မဲဆောက်ရောက်မြန်မာတွေအပါအဝင် ဒေသခံထိုင်းအချို့လည်း စီးနင်းကြပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကတော့ ဒေသခံထိုင်းတွေ အီးဗိုက်စီးရင် ဖမ်းဆီးလေ့ မရှိပေမယ့် မြန်မာတွေ အီးဗိုက်စီးရင်တော့ ဖမ်းဆီးပါတယ်။ အရင်က ဖမ်းရင် ဒဏ်ကြေးဆိုပြီး ဘတ်တစ်ထောင်၊နှစ်ထောင်ပေး အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ဇွန်လ ၆ရက်ကစပြီး အီးဗိုက်စီးနင်းသူတွေကို စီမံချက်နဲ့ ဖမ်းဆီးပါတော့တယ်။

အီးဗိုက်စီမံချက်ပြီးလို့ သွားလာရေးအဆင်ပြေမယ်ရှိသေး နောက်တစ်ခု စီမံချက် ထပ်လာပြန်ပါတယ်။ ဆမ်လော့လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ် ဖမ်းဆီးရေးပါ။
ဆမ်လော့ သုံးဘီးဟာ ပစ္စည်းတွေတင်ဆောင်လို့ရအောင် ပြုလုပ်ထားတဲ့ သုံးဘီးဆိုင်ကယ်ဖြစ်ပါတယ်။ အဲဒီ ဆမ်လော့ကိုတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းလို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာတွေ အများစု မောင်းကြတာဖြစ်ပါတယ်။ဆမ်လော့စီမံချက်မှာတော့မဲဆောက်ရောက်မြန်မာတွေ အတော်များ ဖမ်းဆီးခံရပါတယ်။
ထိုင်းအာဏာပိုင်တွေလုပ်ခဲ့တဲ့ အထက်ကစီမံချက်နှစ်ခုဟာ မဲဆောက်ရောက်ရွှေ့ပြောင်းမြန်မာတွေအပေါ် ဖိအားပေးလုပ်ခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒါတင်ရပ်သွားတာလားဆိုတော့ မပြီးသေးပါဘူး။
နောက်ထပ် စီမံချက်တစ်ခုထပ်လာပြန်ပါတယ်။
အဲဒါကတော့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးရေး စီမံချက်ပါ။ အဲဒီစီမံချက်ဟာထိုင်းရောက်မြန်မာတွေအနက်က တရားမဝင်နေထိုင်သူတွေ၊ အထောက်အထားမပြည့်စုံတဲ့သူတွေ ကြောက်လန့်ကြတဲ့ စီမံချက်ပါ။
အဲဒီစီမံချက်ကို ဇွန်လ ၁၈ရက်မှာစပြီး အဖွဲ့စုံတောမော ဝင်နေတာဖြစ်ပါတယ်။
“နေအိမ်တန်းလျား၊စိုက်ခင်း၊ တောင်ခြေတွေပါမကျန် စျေးဆိုင်၊ စားသောက်ဆိုင်တွေ ပိုက်စိတ်တိုက် ဖမ်းဆီးနေတယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။

အဖွဲ့စုံတောမောအဖွဲ့ဟာ အရင်အကြိမ်တွေတုန်းကမလုပ်ခဲ့တဲ့ စျေးဆိုင်အချို့တောင်အခုတစ်ကြိမ်မှာ ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေထိလုပ်လာပါတယ်။
ဇွန်လ ၂၃ရက်က တမာတောလက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးပြီး မြန်မာ ၄ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ မဲဆောက်မြို့မှာ အခုလို စီမံချက်တွေလုပ်ပြီး စစ်းဆေးဖမ်းဆီးမှုတွေကြမ်းနေတာဟာ အကြောင်းအရင်းတွေ အများကြီးရှိတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပြောပါတယ်။
ဒီတခါစီမံချက်ထဲမှာ ထိုင်းအာဏာပိုင်တွေအပြင် လွှတ်တော်အမတ်တွေ၊ ထိုင်းမဘသလို့ခေါ်တဲ့ ထိုင်းအမျိုးသားရေးအစွန်ရောက်လှုပ်ရှာသူတွေ ပါဝင်လာတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းလာတဲ့ မြန်မာတွေက ဒေသခံထိုင်းတွေရဲ့ အလုပ်တွေကို လုယူလုပ်နေတဲ့အချက်က အဓိကဖြစ်ပြီး ဒေသခံထိုင်းတွေရဲ့ တိုင်တန်းမှု၊ ထိုင်းမျိုးချစ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ရွေးကောက်ခံအမတ်တွေရဲ့ မဲဆန္ဒရှင်တွေအပေါ် သဘောကျအောင်လိုက်လံလုပ်ဆောင်ပေးမှုတွေကြောင့်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
“တရားမဝင်မြန်မာတွေက ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တွေ လုယူလုပ်နေတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ အိမ်ယာအဆောက်အအုံတွေမှာ တရားမဝင်နေထိုင်နေကြတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တွေ လုယူလုပ်နေတာတင်မဟုတ်ဘဲ မူးယစ်ဆေးဝါးတွေဖြန့်ချီနေတယ်။ လက်နက်အရောင်းအဝယ်တွေ လုပ်နေကြတယ်ဆိုတဲ့ သတင်းအမှားပေး တာတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာ။ ဒေသခံ ထိုင်းနိုင်ငံခြားသားအချို့ကလည်း မြန်မာတွေအပေါ် အမြင်မကြည်မှုတွေကြောင့် ပွတ်တိုက်မိပြီး အခုလို ရှုတ်ရှုတ်သဲသဲဖြစ်နေတာ”လို့ ဦးမိုကြိုးက ပြောပါတယ်။

မဲဆောက်မှာ ထိုင်းနိုင်ငံသား လေးသောင်းကျော်ရှိပြီး မြန်မာနိုင်ငံသား နှစ်သိန်းခွဲ ဝန်းကျင်ရှိတယ်လို့ The Deplomat သတင်းဌာနက ၂၀၂၅ မေလမှာဖော်ပြပါတယ်။ မြန်မာ နှစ်သိန်းခွဲထဲမှာ ဒုက္ခသည်တွေရော ၊ရွေ့ပြောင်းအလုပ်လုပ်သူတွေရော၊ နိုင်ငံရေးကြောင့်တိမ်းရှောင်နေရသူတွေ စသဖြင့်အကုန်ပါဝင်တယ်လို့ဆိုပါတယ်။
ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)ဦးဆောင်တဲ့အဖွဲ့ဟာ ရွှေ့ပြောင်းမြန်မာတွေအပေါ် သွေးထိုးလှုံ့ဆော်မှုတွေလုပ်နေတာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။ နှုတ်ခမ်းမွှေးအဖွဲ့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာတဲ့အပေါ် ဧပြီ ၅ရက်က ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့သူတွေကို ရန်ရှာခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
“မဲဆောက်မှာလည်း အဖွဲ့ရှိတယ်။ မြန်မာဆိုင်တွေမှာ ဘာတွေရောင်းနေတယ်။ ဘာလုပ်တွေလုပ်နေကြတယ်ဆိုတာ သူတို့ကို လာတိုင်လို့ရတယ်ဆိုပြီး လှည့်ပတ်ပြောနေတဲ့အဖွဲ့ရှိတယ်”လို့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးကြောင့် မဲဆောက်မြို့ကို ရွှေ့ပြောင်းလာတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ သူဟာ မိသားစုလိုက် ရွှေ့ပြောင်းလာတာဖြစ်ပြီး မဲဆောက်မြို့မှာ ကုန်စိမ်းရောင်းဝယ်လုပ်ကိုင်စားသောက်နေရသူဖြစ်ပါတယ်။
” ကျနော်တို့ကို နားခိုင်းတယ်။ စျေးမထွက်နဲ့ဆိုပြီး”လို့ သူက ဆက်ပြောပါတယ်။
မဲဆောက်မှာ ထမင်းဆိုင်ဖွင့်လှစ်ထားတဲ့ အမျိုးသမီးတစ်ဦးကလည်း “အစ်မတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ နေထိုင်ရေး၊ စားသောက်ရေးက ကြာရင် ဒုက္ခရောက်မှာလေ။ အပြင်လည်း မထွက်ရဘူး။ ကျီးလန့်စာစားနဲ့ နေရတာ။ ကြာလာရင် စိတ်ကျရောဂါတွေ ဖြစ်လာလိမ့်မယ်။ ဒုက္ခရောက်တာပေါ့။ ဘယ်မှလည်းမသွားရဲဘူး။” လို့ သူ့အခက်အခဲကိုပြောပါတယ် ။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်ကလည်း မဲဆောက်မြို့အမတ်ဖြစ်တဲ့ Move Forward Party က အမတ် Wiroj Lakkhanaadisornက မဲဆောက်ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဒေသခံတွေရဲ့ တင်ပြချက်တွေကို နားထောင်ခဲ့ပါတယ်။
လွှတ်တော်အမတ်က မဲဆောက်မြို့တနေရာမှာ မြန်မာလိုရေးထားတဲ့ မြေကွက်အရောင်းကြော်ငြာဆိုင်ဘုတ်နဲ့ ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံသားတွေ မြေဝယ်ယူလို့ရပြီးလားလို့ သူရဲ့ လူမှုကွန်ရက်မှာ မေးခွန်းထုတ်ရေးသားခဲ့ပါတယ်။
“ကျွန်တော် အမျိုးသားရေး လုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်လုပ်ဆောင်နေတာဟာ ထိုင်းပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်နေတာပါ။ နိုင်ငံခြား သားတွေကအမြဲမှားပြီး ကျွန်တော်တို့ ထိုင်းနိုင်ငံသားတွေက အမြဲမှန်နေတယ်လို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး”လို့လည်း အမတ် Wiroj Lakkhanaadisornက ရေးသားထားပါတယ်။
၂၀၂၆ မှာပြုလုပ်မယ့် ထိုင်းရွေးကောက်ပွဲ နီးလာတာကြောင့် ထိုင်းအမတ်တွေဟာ ပြည်သူတွေ သဘောကျမယ့်အရာတွေ လိုက်လံလုပ်ဆောင်နေတာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတစ်ဦးက သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲနီးလာပြီလေ။ သူ့မဲပေးမယ့်သူတွေ ကျေနပ်အောင်လုပ်မှာပဲ”လို့ ၎င်းက ဆက်ပြောပါတယ်။
မဲဆောက်မြို့အပါအဝင် ထိုင်းနိုင်ငံမှာ ရှုပ်ထွေးနေတာကြောင့် မြန်မာလုပ်သားတွေအပါအဝင် ရွှေ့ပြောင်းလာကြတဲ့ မြန်မာတွေအနေနဲ့ အရင်ကထက် သတိထားနေထိုင်ကြဖို့လည်း ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က သတိပေးပါတယ်။
မဲဆောက်မြို့မှာ ဇွန်လ ၁၈ရက်ကစတဲ့ စစ်ဆေးဖမ်းဆီးရေးစီမံချက်ဟာ ၁၇ရက်ကြာ လုပ်မှာဖြစ်တယ်လို့ ဇူလိုင် ၄ ရက်အထိဖြစ်မယ်လို့ ထိုင်းရောက်မြန်မာအရေးဆောင်ရွက်နေသူတွေကပြောရတယ်။ အခုစစ်ဆေးမှုမှာတော့ ဘန်ကောက်ကနေလာတဲ့အဖွဲ့တွေလည်းရောက်နေပြီဖြစ်ပါတယ်။ လက်တလောမှာ မြန်မာတွေ ၅၀ ကျော်လောက်အထိ ဖမ်းဆီးခံထားရပါတယ်။
မဲဆောက်မှာ အထောက်အထားမပြည့်စုံလို့ ဖမ်းဆီးခံရရင် ပုံမှန်အခြေအနေဆို ဒဏ်ကြေးပေးပြီး ပြန်လွတ်ပေမယ့် စီမံချက်နဲ့ တောမောဝင်လို့ ဖမ်းဆီးခံမှုနဲ့ကြုံရင်တော့ ထောင်ကျခံရမှာဖြစ်ပါတယ်။ ထိုင်းရောက်မြန်မာတွေကတော့ဖမ်းဆီးခံရပြီးတော့ မြန်မာနိုင်ငံကို ပြန်ပိုခံရမှာကို ပိုစိုးရိမ်ကြတာပါ ။

ထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီး မြန်မာနိုင်ငံပြန်ပို့ရင်စစ်ကောင်စီက စောင့်ပြီး စစ်မှုထမ်းခိုင်းတဲ့ဖြစ်ရပ်ပေါင်း ၊လူငယ်အမျိုးသားပေါင်းက ဒီနှစ်ပိုင်းအတွင်းမှာ မနည်းမနောရှိခဲ့ပြီမို့ မဲဆောက်ကမြန်မာတွေလည်းစိုးရိမ်ကြတာဖြစ်ပါတယ် ။
နိုင်ငံရေးကြောင့် မြန်မာနိုင်ငံတွင်းမှာနေလို့ မရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာရတဲ့သူတွေအပေါ် နှစ်ပေါင်း(၃၀)ကျော်လုံးလုံးတာဝန်ကျေခဲ့တဲ့ မဲဆောက်မြို့ဟာ အခုလပိုင်းတွေအတွင်းကစပြီး ပြောင်းလဲစပြုနေပြီလို့ ထိုင်းရောက်မြန်မာအချို့က ပြောပါတယ် ။
မဲဆောက်ဟာ မြန်မာကနေ ထွက်ပြေးလာသူတွေအတွက် ခိုလှုံရာနေရာအဖြစ်ရော၊ အကျဥ်းထောင်တစ်ခုအသွင်အနေနဲ့ပါ ရှိနေတယ်လို့ သူတို့ကဖွင့်ဟ ပါတယ်။
မဲဆောက်မြို့မှာကုန်စိမ်းရောင်းဝယ်နေတဲ့ အမျိုးသားကတော့ မိသားစုဝမ်းရေးအတွက် ဈေးမရောင်းပဲ ရက်အကြာကြီးတောင့်မခံနိုင်ဘူးလို့ ပြောပါတယ်။
” အငတ်တော့ မခံနိုင်ဘူး။ ဖမ်းတဲ့ကြားက ရောင်းရမှာဘဲ”။
ထမင်းဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးကလည်း ဆိုင်ပိုင်ထားရတာ ၈ ရက်လောက်ရှိပြီမို့ ဝင်ငွေမရှိတာ ၈ ရက်ရှိပြီလို့ ငြီးညူပါတယ် ။လကုန်အထိ ဆိုင်ပိတ်ထားဖို့ ပြောလို့ပိတ်ထားရမယ်လို့သူကဆက်ပြောပါတယ်။
“မဖွင့်ရဲဘူး။ ဖြစ်သွားရင် ဘယ်သူမှ တာဝန်ယူပေးမှာမဟုတ်ဘူး။ အရဲစွန့်မဖွင့်ရဲဘူး။ တစ်ခုခုဖြစ်သွားရင် ဘယ်သူမှ လိုက်ရှင်းပေးမှာမဟုတ်ဘူး” လို့သူကဖွင့်ဟပါတယ်။ ။
