close
Connect with us

Hi, what are you looking for?

အတွေးအမြင်

“ငြိမ်းချမ်းရေးဟက်ပီးဝါးတားသောက်ကြသူများ”

လတ်တလော တကယ့်ပြဿနာဟာ အာဏာကို စစ်တပ်က အကြွင်းမဲ့ကျင့်သုံးနေတဲ့အထဲမှာ အဆိုးရွားဆုံးဟာ တရားစီရင်ရေးအာဏာကို ကျင့်သုံးနေမှု ဖြစ်ပါတယ်။

စစ်​ကောင်စီရဲ့ ​နေပြည်​တော်ငြိမ်းချမ်း​ရေးဖိုရမ်း

မသီတာ-စမ်း​ချောင်း​ရေးသားသည်။

လတ်တလော တကယ့်ပြဿနာဟာ အာဏာကို စစ်တပ်က အကြွင်းမဲ့ကျင့်သုံးနေတဲ့အထဲမှာ အဆိုးရွားဆုံးဟာ တရားစီရင်ရေးအာဏာကို ကျင့်သုံးနေမှု ဖြစ်ပါတယ်။

လွှတ်တော်ဆိုတဲ့ ဥပဒေပြုမဏ္ဍိုင် ပေါ်ထွက်လာပစေဦး၊တရားစီရင်ရေးမဏ္ဍိုင်က ဥပဒေအထက်မှာ ရှိမြဲရှိနေတဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးမဏ္ဍိုင် အလိုကျသာ လိုက်နာဆောင်ရွက်နေမယ်ဆိုရင် သာမန်ပြည်သူလူထုအတွက် ဘယ်လိုငြိမ်းချမ်းရေးမျိုးကိုမှ ဆောင်ကြဉ်းပေးမှာ မဟုတ်ပါဘူး။

၂၀၁၀-၂၀၂၀ မှာ လွှတ်တော်တွေ ရှိခဲ့ပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာမပေါ်ထွက်ခဲ့ဘဲ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က လုပ်စားတွေလောက်ပဲ ကားပါမစ်ရ ၊ ဒေါ်လာ-ယူရိုစားရ ဖြစ်ခဲ့ကြတာ အများအသိပါ။ ဒါကလည်း စစ်တပ်နဲ့ သူ့အလိုကျ ပြော/ပြုနိုင်ကြသူတွေကို ကျန်သာမန်လူတွေထက် အခွင့်အရေးမှန်သမျှ ပိုပေးခဲ့တဲ့အတွက် တရားဥပဒေ စိုးမိုးရေးအားနည်းခဲ့လို့ပါပဲ။

Public Service Announcement

Public Service Announcement

အခု ငြိမ်းချမ်းရေးစကားပြောကြတယ်ဆိုတာကလည်းလက်နက်ကိုင်တပ်ဖွဲ့ဆိုသူတွေ နဲ့ စစ်မတိုက်ရေးအကြောင်း ဆွေးနွေးကြဖို့လောက်အာရုံရောက်ကြတာပါ။တကယ်တော့စစ်ပွဲတွေမရှိတော့ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်တာကိုသာမန်လူထုက သိနေကြပြီးသားပါ။

သာမန်လူထုရဲ့ ငြိမ်းချမ်းချင်တဲ့စိတ်ဟာ လေအေးပေးစက်လွှတ်ထားတဲ့ ခန်းမတွေထဲကိုကျော့ကျော့မော့မော့ တက်လာနိုင်တဲ့ စစ်တပ်က ရန်သူအဖြစ် သဘောထားမခံရတဲ့လူအနည်းစုရဲ့ ငြိမ်းချမ်းရေးသမား ဖြစ်ချင်တဲ့စိတ်ထက် အဆရာထောင်မက ပိုတယ်ဆိုတာကိုလည်း သတိပြုကြရပါမယ်။ ဒါပေမဲ့ သာမန်လူထုအတွက် တကယ်လိုအပ်နေတဲ့ တရားဥပဒေ စိုးမိုးရေးကို ငြိမ်းချမ်းရေးစကားလုံး ငန်းဖမ်းနေတဲ့ ဆွေးနွေးသူလူနည်းစုက ဂရုမစိုက်ကြပါဘူး။

စစ်မှုထမ်းဥပဒေကိုဥပဒေပြုရေးမဏ္ဍိုင်မပါဘဲ အတည်ပြု အသက်သွင်းခဲ့ကြတာပါပဲ။ ဒီလို ဥပဒေ အသက်ဝင်လာတဲ့အခါ မြန်မာ့လူ့ဘောင်ဟာ ငြိမ်းချမ်းသွားရဲ့လား။ လေအေးပေးစက်ခန်းမထဲက ဆွေးနွေးသူတွေကတော့လွှတ်တော်ပေါ်လာရင်တမျိုးတမည် ဖြစ်လာမယ်လို့ လော်ဘီ လုပ်နေတုန်းပဲ။ ခက်တာက လွှတ်တော်မပါဘဲစစ်မှုထမ်းဥပဒေကို ပြဌာန်းအသက်သွင်းတဲ့ စစ်တပ်ရဲ့ တရားလက်လွတ် စစ်သားစုဆောင်းမှုတွေလောက် တမျိုးတမည် ဖြစ်စေတာ မရှိခဲ့ကြောင်း လေသံမဟရဲကြတာပါပဲ။

စစ်တပ်ကပျူစောထီးတွေမွေးပြီး တရားဥပဒေ စိုးမိုးမှု မပေါ်ပေါက်အောင်ခင်းကျင်းထားပြီးသားမို့ အောက်ခြေလူထုမှာ ဘယ်လောက်မငြိမ်းချမ်းဖြစ်နေရတယ်ဆိုတာကို ဘယ်သူကမှ မဆွေးနွေးရဲခဲ့ကြတာလည်း ထင်ရှားပါတယ်။ သာမန်ရပ်ကွက်အုပ်ချုပ်ရေးမှူးလောက်အဆင့်ကလူတွေကတောင် လူထုအပေါ် နိုင်ထက်စီးနင်း လုပ်ချင်ရာလုပ်နေကြတာကို ကြည်ဖြူပေးနေတဲ့၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတဲ့ အနေအထားကို စိုးရိမ်ကြောင့်ကြ မနေကြဘဲ တနိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်ပေါင်း တစ်ရာ့နှစ်ဆယ်ကို ပြောထွက်နိုင်ကြတာကလည်း အံ့လောက်စရာ အာဂသတ္တိတွေပါပဲ။

အဝေးကနေပြည်တွင်းသတင်းတွေကို ပိုစုံစုံလင်လင် သိချင်တော့ ဆိုရှယ်မီဒီယာမှာ ရှာဖတ်ရတာပါပဲ။ ဖေ့စ်ဘွခ်ထုံးစံ အထက်အောက်ပို့စ်တွေက အကြောင်းအရာ အတန်အသင့် ဆက်စပ်တာတွေ ပေါ်လာတတ်ပါတယ်။အယ်လ်ဂိုရစ်သမ်ရဲ့သဘောပေါ့။

ပို့စ်တစ်ခုမှာ အင်မတန်မှ နိုင်ငံရေးအတွေးအမြင် တလွဲတဖက်ကမ်းခတ်တဲ့ အပြောတစ်ခုကို ကြားလိုက်ရပါတယ်။ “ပါတီတစ်ခုက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲထက်ဝန်ကြီးဌာနသုံးခုကိုလည်းအစိုးရနေပြီး ဒုတိယသမ္မတနေရာကိုလည်း အဆိုပြုခွင့်ရထားတဲ့ စစ်တပ်က ကျင်းပတာဟာ သမာသမတ်ပိုကျမယ်လို့ ယုံကြည်တယ်”ဆိုတဲ့ပို့စ်ပါ။ လာမယ့် ကျင်းပ လတ္တံ့ဟု ယူဆနိုင်သော်ငြား အောင်မြင်အသိအမှတ်ပြုခံရဖို့အလားအလာအလွန်နည်းနေတဲ့ ရွေးကောက်ပွဲဟု ခေါ်ဆိုနိုင်တဲ့ လုပ်ဇာတ်မှာ ပါဝင်မယ့် ပါတီတစ်ခုရဲ့ အကြီးအကဲက ပြောတဲ့စကားပေါ့။ (ဒီနေရာမှာ ဘယ်ရွေးကောက်ပွဲအပေါ်မှာမဆို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာမက ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေဆိုတာတွေရဲ့ သက်ရောက်မှုတွေအကြောင်း ထည့်သွင်းဆွေးနွေးစရာတွေ ရှိပါတယ်။ ခက်တာက နိုင်ငံရေးသမားလို့သာ အခေါ်ခံချင်ကြပေမဲ့၊ အာဏာလိုချင်ကြပေမဲ့ -သူတို့အမြင်- ရွေးကောက်ပွဲ ကျင်းပသူရဲ့ တဖက်စီးနင်း အခွင့်ထူးတွေကို မတရားမှုလို့ မမြင်နိုင်မပြောနိုင် ဖြစ်နေရတာပါ။ စာရှည်မှာစိုးလို့ ဒီအကြောင်းတွေ အသေးစိတ်ကို မပြောတော့ပါဘူး။)

ဖြစ်ချင်တော့ အဲဒီပို့စ်အပြီး အောက်က ကပ်လျက်ပို့စ်မှာ တွေ့လိုက်ရတာက “ဟက်ပီးဝါးတား”လို့ ခေါ်တဲ့ မူးယစ်ဆေးဝါးကို သောက်သုံးတော့မယ့်သူတွေကိုသတိပေးထားတဲ့ကိုယ်တွေ့သောက်သုံးဖူးသူ မိန်းကလေးတစ်ယောက်ရဲ့ ဗီဒီယိုပါ။ သူ သတိပေးထားတာက အဲဒီ”ဟက်ပီးဝါးတား”ကို သောက်ပြီးသွားရင် တအားကို “ဖော်ရွေ”သဘောကောင်းသွားတာမို့ ကောင်လေးတွေက အဓမ္မပြုကျင့်လာရင်တောင် ကြေကြေနပ်နပ်ကြီး ခံယူပြီး အဲလိုခံယူမိမှန်းတောင် ကိုယ့်ဘာသာ မသိလောက်အောင် “ကောင်း”သွားတတ်တယ်ဆိုတဲ့အကြောင်းပါ။

“ရွေးကောက်ပွဲ”ကြီးပြီးတဲ့အခါ အကြွင်းမဲ့အာဏာကို စစ်တပ်က သုံးခွင့်မရတော့ဘဲ လွှတ်တော်ရယ်လို့ ပေါ်လာမယ်၊ အဲဒီလိုမှမဟုတ်ရင် အာဏာထိန်းတာကနေ အာဏာသိမ်းတာကိုပဲ လုပ်လို့ရမှာမို့ စစ်တိုက်နေတာထက် စာရင် စကားပြောဆွေးနွေးတာကပို”ကောင်း”မယ်လို့‌ ပြောသွားတဲ့နိုင်ငံရေးသမားတစ်ယောက်ရဲ့ ပို့စ်ကိုလည်းတွေ့လိုက်ရပြန်တယ်။

အင်း ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးအပေါ် အဲဒီနိုင်ငံရေးသမားဆိုသူတွေ အကောင်းမြင်ပုံဟာ သိပ်”ဖော်ရွေ”လွန်းလှတာပါလားလို့ နားလည်သဘောပေါက်မိရပါတယ်။ တဆက်တည်း မြန်မာ့နိုင်ငံရေးဟာ အစစ်အမှန်”တရားဥပဒေ”စိုးမိုးဖို့ထက် ကိုယ် “ကောင်း”တယ်ထင်နေတာတွေကို “ဖော်ရွေလွန်း”စွာ ကာကွယ်ပြောဆိုနိုင်ဖို့ဘက် ပိုအာရုံထားနေကြတာမျိုးလို့ သဘောပေါက်မိရပြန်တာပါပဲ။

မြန်မာ့နိုင်ငံရေးလောက်”အာဏာ”ကို “တရားဥပဒေ စိုးမိုးရေး”ထက် ပိုပြီး ဦးစားပေးစဉ်းစားတဲ့နိုင်ငံမျိုးတောင် ရှိသေးရဲ့လားလို့ တွေးမိတဲ့အထိပါပဲ

“အာဏာ”အတွက် “ဟက်ပီးဝါးတား” သောက်နေသူတွေဟာ သာမန်ပြည်သူတွေအတွက် စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးမှုကို ဘယ်လိုဆောင်ရွက်ပေးကြမယ်လို့ မဆွေးနွေးကြပါဘူး။ မြေပြင်မှာ ဖြစ်နေကြုံနေရတဲ့ မတရားမှုတွေ အဆုံးသတ်သွားအောင်၊ ထပ်မဖြစ်အောင်ဘယ်လိုတွေ တာဝန်ယူကြသင့်တယ်ဆိုတဲ့အကြောင်း အသေးစိတ် လေးလေးနက်နက် ဆွေးနွေးတာမျိုး မကြားရပါဘူး။ ဒါကြောင့်သာ သူတို့တွေဟာ လူထုထက် စစ်တပ်အပေါ် “ဖော်ရွေ”ဖို့ ရွေးချယ်ကြတာကိုး။ငြိမ်းချမ်းရေးဟက်ပီးဝါးတား သောက်ကြသူများပါပဲ။ ။

ဆက်စပ်သတင်းများ

သတင်း

ဇွန် ၂၉ ရက်ည​နေပိုင်းဗုံးကြဲမှုတွင် ပြည်သူ ၄ ဦးဒဏ်ရာရပြီး ​အ​ဆောက်အအုံ ၁၀ လုံးပျက်စီး

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်‌၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။

သတင်း

ရှမ်းပြည်နယ် မြောက်ပိုင်း၊ကျောက်မဲမြို့ကို စစ်​ကောင်စီက ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်တွင်လေကြောင်းမှဗုံးထပ်ကြဲသွားသည်။

သတင်း

ဧရာဝတီတိုင်းမြိုနယ်အချို့၌ တိုက်ပွဲများဖြစ်နေစဉ် စစ်ကောင်စီက ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းမှ စစ်ဆေးရေးဂိတ်များ၌ ဘန်ကာအသစ်များ ထပ်ဆောက်နေသည်။

Facebook