▪️DLY
ရေပတ်လည် ဝန်းရံနေသော ကုန်းမြေကို
ကျွန်းလို့ခေါ်ရင် ..
မုန်တိုင်းပတ်လည် ခြံရံထားတဲ့ ငါတို့ကို
ဘယ်လိုခေါ်ကြမလဲ ??
တနာရီ လေတိုက်နှုန်း တရာကျော်တဲ့ မင်းနဲ့
တနာရီ အိမ်ခြေ ၇၀ ပြာကျသွားတဲ့
ငါတို့မုန်တိုင်း .. ဘယ်သူ ပိုလူမဆန်ဘူးလဲ
အမှောင်ထဲမှာ နေသားကျလာတော့
မင်း ယူလာတဲ့ တိမ်မည်းတွေကိုလည်း
မော့ကြည့်ပြီး ခပ်ထေ့ထေ့ပြုံးလိုက်ရုံ၊
အပူမီးတွေလောင်နေတော့
မင်း သယ်လာတဲ့ လေတိုက်နှုန်းတွေကိုလည်း
ပျော်ပါးလိုက်ရုံ..

Public Service Announcement
လာဝေနေကျ
ခေါက်ဆွဲခြောက်ထုပ်နဲ့ ကြက်ဥတွေကို
ငါတို့ ခေတ်အဆက်ဆက်
(ဆွေစဉ်မျိုးဆက်)…
မုန်တိုင်းမရှိလည်း ..
အလုအယက် ဖြစ်ခဲ့ရတဲ့ အကြောင်း
မင်း … သိပါ့မလား
ည ၈ နာရီ ..
ပြည်သူမပိုင်တဲ့ နိုင်ငံပိုင် ရုပ်သံသတင်းက
မုန်တိုင်းသတိပေးချက်လာတယ်
ပြည်သူမပိုင်တဲ့ စည်ပင်ဝပြောမှုတွေအကြောင်း
နေရာကွက်ကြား ရွှေပြည်အေးတရားတွေအကြောင်း
လူအခွင့်အရေးအားနည်း ရပ်ဝန်းတွေအကြောင်း
လိမ္မော်ရောင်အဆင့်မှာ အထိုင်ကျပြီးသား
ငါတို့အတွက်..
အနီရောင်အဆင့်ကို
ရေမရောဘဲ မော့ချလိုက်ရုံ ..
မိုးရွာစေချင်လို့
မုန်တိုင်းကိုမျှော်ကြရတယ်..
ဒီလောက် ပို့စ်မော်ဒန်ဆန်တာရှိဦးမလား ..
စစ်ကိုရှောင်ရမလား၊
မုန်တိုင်းကိုပဲ ရှောင်မလားမေးလာရင်
သေချာတယ်၊
နှစ်ခုစလုံးကို ငြင်းပယ်ခွင့်မရခဲ့ဘူး။
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘DLY’
ရေးဖွဲ့တဲ့ “မိုခါ” ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
