ဒေါ်ဇင်မာအောင်ရေးသားသည်။
မြန်မာနိုင်ငံဟာသမိုင်းကြောင်းရဲ့အရေးကြီးတဲ့လမ်းဆုံလမ်းခွတစ်နေရာကိုရောက်နေပြီး နိုင်ငံမြောက်ဘက်ကအိမ်နီးချင်းနိုင်ငံနဲ့ ဆင်တူတဲ့ ပြောင်းလဲမှုခရီးစဉ်ဆီ ဦးတည်လာနိုင်ခြေတွေ ရှိပါတယ်။
တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ၁၉၂၇ ကနေ ၁၉၄၉ ထိ ဖြစ်ပွားခဲ့တဲ့ တရုတ် ပြည်တွင်းစစ်ရဲ့ လှိုင်းထန်တဲ့ ကာလတွေအကြောင်း သတိတရ ပြောဆိုနေကြမှာပါ။အဲဒီစစ်ပွဲအပြီးမှာတော့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို ထူထောင်ခဲ့ပါတယ်။ တရုတ်ရဲ့ ခေါင်းဆောင်တွေဟာ Long March စစ်ရေးလှုပ်ရှားမှုအကြောင်းကိုလည်းအမှတ်ရနေကြမှာပါ။အဲဒါဟာ ပြည်ပအင်အားကြီး နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရရှိထားပြီး တရုတ်ပြည်သူတွေရဲ့ အကျိုးထက် ကိုယ်ကျိုးစီးပွားကို ဦးထိပ်ထားရင်း လူထုကို ဖိနှိပ်အုပ်စိုးနေသူတွေကို ကြံ့ကြံ့ခံ မမှိတ်မသုန် တွန်းလှန်ခဲ့ရတဲ့ ခါးသီးတဲ့ ရုန်းကန်အားထုတ်မှုတွေအတွက် အထင်ကရ သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ မြန်မာနိုင်ငံဟာလည်း တူညီတဲ့ သမိုင်းကြောင်း အခိုက်အတန့်တစ်ခုကိုရင်ဆိုင် ကြုံတွေ့နေရပါတယ်။မြန်မာပြည်သူတွေဟာ အကြမ်းဖက် ဖိနှိပ်လိုတဲ့၊ အာဏာရှင်စနစ် နဲ့ စစ်တပ်ကြီးစိုး အုပ်ချုပ်မှုကိုလိုလားတဲ့အစုအဖွဲ့တစ်ခုကို ဆန့်ကျင်နေကြရတာ ဖြစ်ပါတယ်။ အခြေအနေတွေက တရုတ်မှာချန်ကေရှိတ်ရဲ့ကူမင်တန်အစိုးရကြီးစိုးခဲ့တဲ့ ကာလတွေနဲ့ ဆင်တူနေပါတယ်။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး အားထုတ်မှုဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ညီညွတ်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တရားမျှတမှုတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး ဘယ်ပြည်ပနိုင်ငံအတွက်မှမဟုတ်ပါဘူး။

Public Service Announcement
မြန်မာနိုင်ငံက လောလောဆယ် ဖြတ်သန်းနေတဲ့ အခြေအနေတွေဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်နိုင်စေခဲ့ဖို့အတွက် မော်စီတုံးကို တောင်သူလယ်သမားတွေနဲ့ အလုပ်သမား လူတန်းစား လှုပ်ရှားမှုတွေက အထိရောက်ဆုံး ထောက်ခံခဲ့ကြတဲ့အခြေအနေနဲ့ဆင်တူနေပါတယ်။အချုပ်အခြာအာဏာ တည်တံ့မှု၊ တည်ငြိမ်မှုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေဆီချီတက်ခဲ့တဲ့တရုတ်ရဲ့ခရီးလမ်းကြောင်းဟာ တရုတ်ပြည်သူတွေရဲ့ လိုလားချက်၊ လိုအပ်ချက်တွေမှာ အခြေတည်ခဲ့ပါတယ်။ မြန်မာ အနေနဲ့လည်း တူညီတဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။
လမ်းပေါ်မှာ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ ချီတက်ရင်း၊ ဖြစ်သလိုကြံဖန်တပ်ဆင်ထားတဲ့ လက်လုပ် သေနတ်လေးတွေကို အားကိုးရင်းအရှေ့တောင်အာရှ ဒေသရဲ့ အကြီးဆုံးစစ်တပ် တစ်ခုကို စိန်ခေါ်မယ့် မြန်မာ့တော်လှန်ရေးခရီးကိုအစပြုခဲ့ပါတယ်။
အခုအခါမှာတော့တော်လှန်ရေးဟာ ပြည်သူတွေရဲ့ မယိမ်းယိုင်တဲ့ စိတ်ဓာတ် ခိုင်မာမှုနဲ့အတူ စိတ်အားထက်သန်မှု၊တီထွင်ဆန်းသစ်မှုတွေပေါင်းစပ်ရင်း ပိုမို ကြီးမား တိုးတက်လာနေခဲ့ပါတယ်။
မြန်မာနဲ့ ပတ်သက်ရင် ဘယ်လို ထိတွေ့ ဆက်ဆံရမလဲလို့ နိုင်ငံတကာ အသိုက်အဝန်းက စဉ်းစားတဲ့ အခါမှာ အရမ်းရိုးရှင်းတဲ့အမှန်တရားနှစ်ခုကို ချဉ်းကပ်ရုံပါပဲ။ ပထမအချက်က တော်လှန်ရေးဟာ အဓွန့်ရှည်တည်တံ့နေမှာပါ။ ပိုအရေးကြီးတာကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် တော်လှန်ရေးကသာ တစ်ခုတည်းသာ လမ်းကြောင်းအဖြစ် ရှိနေခြင်းပါပဲ။
စစ်ဗိုလ်ချုပ်တွေနဲ့ မတူတာက ဒီအရွေ့ကို ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေက ဦးဆောင်နေကြတာ ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေကလည်း သူတို့ဟာ စစ်အစိုးရ နောက်တစ်ခုကို လက်ခံနိုင်တော့မှာ မဟုတ်ကြောင်းခိုင်မာစွာသက်သေပြထားပြီး အဲဒီအစားတော်လှန်ရေးကို အားပေး ထောက်ခံနေကြပါတယ်။ တော်လှန်ရေး အင်အားစုတွေကလည်း အောင်ပွဲဆီ မရောက်သေးသ၍ ဇွဲသန်သန်နဲ့ ဆက်ပြီး တိုက်ခိုက်နေကြပါလိမ့်မယ်။
ဒါပေမဲ့ ပြည်သူတွေရဲ့ရည်မှန်းချက်ဟာ စစ်တပ်ကို အမြစ်ပြတ်ရှင်းလင်းပစ်လိုက်ဖို့လည်း မဟုတ်ပါဘူး။ တကယ့် ရည်ရွယ်ချက်ကတော့ စစ်တပ်ဟာ ပြည်သူလူထုနဲ့ရွေးကောက်ခံအရပ်သား အစိုးရ တစ်ရပ်အပေါ် သစ္စာစောင့်သိတဲ့ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်း တစ်ခုအသွင် ကူးပြောင်းစေချင်တာသာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးချိန် ကတည်းက မြန်မာဟာ ခက်ထန်တဲ့ သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရပြီး အဲဒီ အခြေအနေမျိုးကို ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒီအတွေးဟာလွန်လွန်ကဲကဲမျှော်လင့်ထားတဲ့သဘောတရားဘာမှမပါဝင်ပါဘူး။
ပြီးတော့ အဲဒီအတွေးအမြင်ဟာတူညီတဲ့ ကံကြမ္မာမျိုးနဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်လိုတဲ့ တရုတ်ရဲ့ရည်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။ မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုဟာဒေသတွင်း၊ အထူးသဖြင့်တရုတ်ရဲ့ရေရှည်ငြိမ်းချမ်းမှု၊သာယာဝပြောမှုတွေအတွက် မရှိမဖြစ်တဲ့လိုအပ်ချက်တစ်ခုပါပဲ။
မြန်မာနိုင်ငံမှာလက်ရှိ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကိုငြိမ်းချမ်းစွာ ဖြေရှင်းဖို့၊ အရေးပါပြီးကြီးပွားတိုးတက်စေမယ့်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ ပြန်လည် ဆောင်ယူဖို့ တရုတ်က ဆန္ဒပြင်းပြနေတယ် ဆိုတာကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကောင်းကောင်း နားလည်ထားပါတယ်။ ဒါပေမဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အကျပ်အတည်းတွေရဲ့ အဓိကလက်သည် တရားခံ ဖြစ်တဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ လူသိရှင်ကြား ထိတွေ့ ဆက်ဆံမှုတွေ ရှိနေတာဟာ မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုကိုလိုလား ရှာဖွေပေးနေတဲ့ တရုတ်ရဲ့ ရပ်တည်မှုကို အားလျော့စေခဲ့ပါတယ်။
အရပ်သား ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ ကြမ်းကြုတ်ရက်စက်တဲ့စစ်ခေါင်းဆောင်တစ်ဦးနဲ့ အဲဒီလိုမျိုး ထိတွေ့ ဆက်ဆံနေခြင်းဟာ စိုးရိမ်စရာ ဖြစ်သလို တရုတ်-မြန်မာ ဆက်ဆံရေးကိုလည်း ရေတိုရော၊ ရေရှည်မှာပါ ထိခိုက်ပျက်စီးမှုတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။
နောက်ပြီးတော့ တိုတောင်းတဲ့၊ အပေါ်ယံ ဟန်ပြသက်သက်သာဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေးတွေ ဆိုတာဟာ ပဋိပက္ခကို ပိုမိုရှည်ကြာစေပြီး ခိုင်မာ အားကောင်းတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်တည်ဆောက်ရေးကို ပိတ်ပင်နေပါလိမ့်မယ်။ အတင်းအကျပ် ဖိအားပေးထားတဲ့ အဲဒီလိုသဘောတူညီမှုတွေဟာအဓွန့်ရှည်မယ့်တည်ငြိမ်မှုကို ဆောင်ယူပေးမယ့် တစ်ခုတည်းသော စစ်မှန်တဲ့ လမ်းကြောင်းဖြစ်တဲ့ တော်လှန်ရေး လှုပ်ရှားမှုကို အားလျော့စေပါတယ်။
ဖိအားပေး ခံရလို့ နိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုမှာ အပစ်အခတ် ရပ်နားထားတဲ့ အချိန်မှာ စစ်တပ်ဟာ တခြားဒေသ တစ်ခုမှာ ဆိုးယုတ်တဲ့ ကြမ်းတမ်း ရက်စက်မှုတွေကို ဆက်ပြီး ကျူးလွန်ခွင့် ရသွားမှာပါ။အဆုံးမှာတော့ အဲဒီလုပ်ရပ်တွေကပဲ တရုတ်ကိုယ်တိုင် အားပေး ထောက်ခံထားပါတယ်ဆိုတဲ့ တိုးတက်မှု အလားအလာတွေကို နှောင့်နှေး အားနည်းသွားစေမှာ ဖြစ်ပါတယ်။
တကယ်တမ်းမှာတော့ တရုတ်ဟာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အလေးထားပြီးမြန်မာ့အရေးနဲ့ပတ်သက်ရင်မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ သဘောထားနဲ့အညီကိုင်တွယ် ဆောင်ရွက်သင့်ပါတယ်။ သွေးခွဲပြီး အုပ်ချုပ်မယ်ဆိုတဲ့ မဟာဗျူဟာကို လက်ကိုင်ပြုထားတဲ့ စစ်တပ်ကို အကူအညီ ပေးနေတာတွေကို တရုတ်က ရပ်သင့်သင့်ပါပြီ။ အဲဒီအစား NUG အပါအဝင် မြန်မာ့နိုင်ငံရေးရဲ့ သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးနဲ့ ထိတွေ့ဆက်ဆံရေးကို တရုတ်က စဉ်းစားသင့်နေပြီ ဖြစ်ပါတယ်။
NUG နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တို့ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကြဉ်းယူပေးဖို့အတွက် အခရာကျနေပါတယ်။ မြန်မာနိုင်ငံထဲမှာ တရုတ်ရဲ့အဓိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေ တည်ရှိနေတဲ့ ဒေသတွေမှာ NUG၊ PDFတို့နဲ့ လက်တွဲ အလုပ်လုပ်ခြင်းအားဖြင့် တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးအတွက် အားထုတ် ရုန်းကန်နေတဲ့ လှုပ်ရှားမှုဟာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ပေးဖို့လည်း ရည်ရွယ်ထားပြီး တည်ငြိမ်မှုဟာ လူတိုင်းအတွက် ကောင်းကျိုး ဖြစ်ထွန်းစေမယ် ဆိုတာကို အသိအမှတ်ပြု နားလည်ထားပြီး ဖြစ်ပါတယ်။
နောက်ပြီး NUGနဲ့ PDFဟာ အနောက်နိုင်ငံတွေရဲ့ လက်ဝေခံတွေ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ အတွက်သာရပ်တည်ကြတာဖြစ်ပြီးဘယ်နိုင်ငံခြား အစိုးရ အတွက်မှအလုပ်လုပ်နေတာမဟုတ်ပါဘူး။ ပြည်သူ့ တော်လှန်ရေးကခရီးပိုရောက်အောင် ကူညီချင်တဲ့ နိုင်ငံတကာအင်အားစုတိုင်းကို NUGနဲ့ PDFက လမ်းဖွင့်ပေးထားပြီး အတူလက်တွဲ အလုပ်လုပ်ဖို့ လိုလားကြမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာ မြန်မာဟာတရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့အားကောင်းတဲ့ ဆက်ဆံရေးမျိုး တည်ရှိခဲ့ပါတယ်။ အဲဒီ သဘောတရားဟာ လက်ရှိ အချိန်ထိလည်း အဓိက ဦးစားပေး အဆင့်မှာ ရှိနေဆဲပါ။
ဒါပေမဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာအနေနဲ့ တရုတ်ဟာ NUGနဲ့ တော်လှန်ရေး လှုပ်ရှားမှုကို ထောက်ခံရမယ့်အစား စစ်တပ်နဲ့ လက်တွဲ အလုပ်လုပ်ဖို့ ဒေသခံ အဖွဲ့အစည်းတွေကို ဖိအားပေးနေကြောင်း သတင်းတွေကိုလည်း ကြားနေရပါတယ်။ အဲဒီချဉ်းကပ်မှုဟာတခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ဘူးဆိုတဲ့တရုတ်ရဲ့ ရေရှည်ဆွဲကိုင်ခဲ့တဲ့ မူဝါဒနဲ့ လွဲချော်နေတဲ့အပြင် မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုကိုရော၊ တရုတ်ရဲ့ ကိုယ်ပိုင် မဟာဗျူဟာ ရည်မှန်းချက်တွေကိုပါ ထိခိုက်စေမယ့် အန္တရာယ်မျိုး ရှိနေပါတယ်။
အဆုံးမှာတော့ တရုတ်အတွက် အရမ်းအရေးကြီးတဲ့ မေးခွန်း ၂ ခု ရှိနေပါတယ်။
(၁)ပဋိပက္ခအလွန်ကာလမှာအခင်းအကျင်းတွေမှာ တော်လှန်ရေး အင်အားစုက ဦးဆောင်တဲ့ အစိုးရ တစ်ရပ်နဲ့ စစ်အာဏာရှင်အုပ်စိုးမှု ယှဉ်ရင် ဘယ်ဟာက ပိုပြီး တည်ငြိမ်မလဲ။
(၂) ဘယ်အစုအဖွဲ့က ပိုပြီးခိုင်မာတည်တံ့မလဲ။
လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း လွတ်မြောက်ရေး အင်အားစုတွေရဲ့ အရပ်သားတစ်ပိုင်း အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်တဲ့နယ်မြေတွေဟာစစ်တပ်အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ဒေသတွေထက် ပိုမိုတည်ငြိမ်ပြီးစီးပွားရေးဆိုင်ရာစီးပွားရေးအရလည်းပိုပြီး အသွေးအရောင်စုံ တောက်ပခဲ့တာ တွေ့နိုင်ပါတယ်။ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားသ၍ ပြည်သူတွေကတော့ဆက်ပြီးခုခံဖီဆန်နေကြဦးမှာပါပဲ။
နောက်ပြီး နိုင်ငံကို စစ်တပ်က ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာကလည်းတစ်နေ့တခြားကျဉ်းမြောင်း ဆုတ်ယုတ်လာနေတာ မြင်သာပြီး အခုဆိုရင် နိုင်ငံဧရိယာရဲ့ လေးပုံတစ်ပုံလောက်သာ ချုပ်ကိုင်ထားနိုင်ပါတော့တယ်။အတိုချုပ်ရရင်တော့ စစ်တပ်ဟာ ရှုံးနိမ့်နိုင်သလို၊ မလွဲမသေရှုံးနိမ့်သွားပါလိမ့်မယ်။ ပြီးတော့ အဲဒီရလဒ်က တရုတ်အတွက် ပိုပြီးအကျိုးဖြစ်ထွန်းစေမှာပါ။
တရုတ်အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ NUG၊ PDFတို့ အပါအဝင် အစုအဖွဲ့ အားလုံးနဲ့ မျှမျှတတ၊ အပြုသဘောဆန်ဆန် ထိတွေ့ ဆက်ဆံသင့်ပါတယ်။ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးကို အားပေး ထောက်ခံတဲ့ အမြင်မျိုးဟာ နှစ်ဖက်ကြား ကောင်းကျိုးတွေကို ရရှိစေပါလိမ့်မယ်။ အဲဒီ ကောင်းကျိုးတွေဟာ မြန်မာပြည်သူတွေ၊ တရုတ်ပြည်သူတွေသာမကဘဲဒေသတစ်ခုလုံးကိုပါ ဖြန့်ကျက် သက်ရောက်ပါလိမ့်မယ်။
မြန်မာ ပြည်သူတွေကတော့ တော်လှန်ရေးအတွက် မမှိတ်မသုန် စိတ်ပိုင်းဖြတ်ထားပြီး ဂုဏ်သိက္ခာ၊ သာယာဝပြောမှုနဲ့ တရားမျှတမှုတွေ ပြည့်ဝမယ့် အနာဂတ် တစ်ခုအတွက် ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်။ အဲဒီလမ်းကြောင်းဟာ ရှုပ်ထွေးပြီး ကြမ်းတမ်းခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ စိတ်သန္ဓေမှာ စွဲထင်ခိုင်မာလက်ခံထားတဲ့ အနာဂတ်တစ်ခုသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ။
(NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ရေးသားပြီး Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည့် Support the people’s revolution ဆောင်းပါးကိုဘာသာပြန်ဆိုဖော်ပြထားခြင်းဖြစ်ပါသည်)
