ဇွန်-၂၇၊ ၂၀၂၅။ မေ/People Spring
စစ်ကိုင်းမြို့နယ် စစ်ကောင်စီတပ်ရဲ့ အုန်းတော ၆၀၀၅ တပ်က တင့်ကားတွေနဲ့ စစ်ကြောင်းထိုးနေတာမို့ ကျေးရွာ ၁၀ရွာလောက် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်ကစပြီး အုန်းတော ၆၀၀၅ တပ်က စစ်ကိုင်း-ဝက်လက်လမ်းပိုင်းရှိ ကျော်ဇေယျာ၊ ယင်းမကျင်း၊ မာလဲတော၊ မဂံဒူ၊ အုန်းနှဲပင်၊ သစ်ချိုကုန်း၊ ဝက်သားပုတ်၊ ရုံးပင်ကန် စတဲ့ ကျေးရွာ တွေကို စစ်ကြောင်းထိုးနေတာမို့ ဒေသခံတွေ ရှောင်နေရတာလို့ ဆိုပါတယ်။
“လက်နက်ကြီးနဲ့ ဟောင်ဝစ်ဆာတွေက အမြဲထု နေတာ။ အကုန်သတိနဲ့ နေနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒီနေ့လည်း ဘိုတဲကုန်းရွာကနေ တင့်ကား၂စီးနဲ့ အနီးနား ကျေးရွာတွေကို ပစ်ခတ်နေပြီး အုန်းနှဲပင်ရွာဘက်ကိုလည်း စစ်အင်အားဖြန့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေရာတချို့မှာလည်း ထိတွေ့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဟာ ဇွန်လ ၂၄ ရက် ညပိုင်းက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက မင်းကွန်းတိုက်နယ်ကနေ ဝက်လက်မြို့နယ်အစပ်အထိ စစ်ကြောင်းထိုးနေသလို အုန်းတော ၆၀၀၅တပ်ကနေ မြောက်ဘက် ဝက်လက်နယ်အစပ်အထိ စစ်ကြောင်းထိုးကာ နယ်မြေ ရယူဖို့ကြိုးစားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
