ကိုဗလရေးသားသည်။
အီရန်နဲ့အစ္စရေး နှစ်နိုင်ငံ စစ်ဖြစ်ခဲ့တာ တပတ်ပြည့်ခဲ့ပါပြီ။ နှစ်ဖက်စလုံးမှာ သေဆုံးဒဏ်ရာရတာတွေ ရာချီပြီး ရှိနေပါတယ်။
အစ္စရေးဟာလည်း အမေရိကန် အကူအညီနဲ့ စစ်ပွဲကို ဆက်လက် ဆင်နွှဲနေသလို အီရန်ကလည်း အညံ့မခံပဲ ဆက်လက် ခုခံတိုက်ပွဲဝင်နေပါတယ်။
အစ္စရေးဟာ အမေရိကန်ရဲ့ အကူအညီနဲ့ အီရန်ကို စစ်ပွဲဆင်နွှဲနေတာမို့ ဒီစစ်ပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သမ္မတအမိန့်နဲ့ ကိုယ်တိုင်စစ်ကြေညာပြီး အီရန်နဲ့အစ္စရေး စစ်ပွဲထဲ ပါလာနိုင်မလား။

Public Service Announcement
အမေရိကန်ဟာ တခြားနိုင်ငံနဲ့ စစ်တိုက်ဖို့ သမ္မတအမိန့်တခုထဲနဲ့ စစ်ကြေညာခွင့်ရှိလား။ ဒါတွေကို ဆွေးနွေးကြရအောင်ပါ။
အမေရိကန်မှာ သမ္မတဟာ တနိုင်ငံလုံးရှိ စစ်တပ်ရဲ့ အဆင့်မြင့်ဆုံးရာထူးဖြစ်တဲ့ Commander in Chief of the Armed Force ရာထူးကို ယူထားသူမို့ တခြားနိုင်ငံတခုခုကို စစ်စတင်ကြေညာဖို့ သူတဦးထဲနဲ့ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ထင်ရပါတယ်။
ဒါပေမယ့်မဟုတ်ပါဘူး။သမ္မတဟာတဦးထဲဆုံးဖြတ်ပြီး စစ်ကြေညာခွင့်မရှိပါဘူး။အမေရိကန်ရဲ့ သမ္မတဟာ Executive Order ထုတ်ပြန်ခွင့်ရှိပါတယ်။ Executive Order ဆိုတာ နမူနာအနေနဲ့ နိုင်ငံတွင်းရှိ အစိုးရဌာနတွေကို ညွှန်ကြားတာ၊ အရေးပေါ်အခြေနေကြေညာတာ၊ ကွန်ဂရက်က အတည်ပြုထားတဲ့ ဥပဒေတွေကိုအကောင်အထည်ဖော်တာ စတာတွေဟာ သမ္မတ တဦးထဲရဲ့ အမိန့်နဲ့ လုပ်ဆောင်ခွင့်ရှိပါတယ်။
ဒါပေမယ့်အခြားနိုင်ငံတခုခုကို သမ္မတရဲ့ အမိန့်၊ ဆုံးဖြတ်ချက်တခုထဲနဲ့ စစ်ကြေညာလို့မရပါဘူး။
စစ်ကြေညာချင်ရင် လုပ်ဆောင်ရမယ်ဟာတွေကို အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။
အမေရိကန်ရဲ့အခြေခံဥပဒေ အပိုဒ် ၁ ပုဒ်မ ၈ အရ စစ်ကြေညာခွင့်ကို ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ကွန်ဂရက်(အောက်လွှတ်တော်နဲ့ဆီးနိတ်)ကပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။ဒါ့အပြင်စစ်အသုံးစားရိတ်ကိုလည်းကွန်ဂရက်ကပဲကိုင်တွယ်ပါတယ်။ လက်ရှိအမေရီကန်ရဲ့ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော် ခေါ်တဲ့ ဆီးနိတ် မှာ ထရန့်ရဲ့ ပါတီဖြစ်တဲ့ ရီပတ်ဘလေကန်ပါတီက အမတ်အများစုရှိနေပါတယ်။ အောက်လွှတ်တော်မှာ ရီပတ်ပဘလေကန်ပါတီက အမတ်က ၂၂၀ ဦး၊အတိုက်အခံ ဒီမိုကရက်ပါတီက ၂၁၃ ဦး ( ၂ ဦးကကွယ်လွန်ထား)စီရှိပါတယ်။ ဆီနိတ်မှာလည်း ရီပတ်ဘလေကန်အမတ် ၅၃ ဦး ၊ ဒီမိုကရက်အမတ် ၄၅ ဦးနဲ့ တစ်သီးပုဂ္ဂလအမတ် ၂ ဦးရှိပါတယ်။
ဒီနေရာမှာမီဒီယာရဲ့အခန်းကဏ္ဍဟာအလွန်အရေးကြီးကြောင်း ကြားဖြတ် နမူနာပေးဆွေးနွေးချင်ပါတယ်။၂၀၀၃ ခုတုန်က အီရတ်ကို အမေရိကန်က အရေးယူနိုင်ဖို့ ကွန်ဂရက်က ခွင့်ပြုပေးခဲ့ပါတယ်။ အဲ့အချိန်မှာ သမ္မတက George W. Bush ပါ။
ကွန်ဂရက်ရဲ့ အမေရီကန်ကအီရတ်ကို စစ်ကြေညာတဲ့ ဆုံးဖြတ်ချက်ဟာ အဲ့ဒီစစ်ပွဲမတိုင်ခင် ရေးသားထုတ်လွှင့်ခဲ့ကြတဲ့မီဒီယာတွေကြောင့်လည်းအဓိက ပါဝင်ပါတယ်။
အဲ့ဒီအချိန်က New York Times သတင်းစာက နာမည်ကျော် သတင်းစာဆရာမ Judith Miller အပါအဝင် မီဒီယာတွေဟာ အီရတ်နဲ့ပတ်သတ်ပြီး စုံစမ်းဖော်ထုတ်ရေးသားခဲ့တာတွေ များစွာ ရှိခဲ့ပါတယ်။Judith Miller က သူမစုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့ ဆောင်းပါးထဲမှာ “အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ဆက်ဒမ်(အီရတ်သမ္မတ) ပိုင်ဆိုင်နေပြီ”လို့ ထည့်သွင်းရေးသားခဲ့ပါတယ်။ အဲ့ဒါကို အမေရိကန်နိုင်ငံရေးသမားတွေရော သန်းပေါင်းများစွာသောပြည်သူတွေကပါ ယုံကြည်ကြပါတယ်။
အီရတ်ကို အရေးယူဖို့၊ မယူဖို့ ဆုံးဖြတ်ကြတဲ့အခါ ကွန်ဂရက်အတွင်းမှာ လွှတ်တော်အမတ်တွေဟာ New York Times သတင်းစာက Judith Miller ရေးထားတဲ့ “အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ဆက်ဒမ်(အီရတ်သမ္မတ) ပိုင်ဆိုင်နေပြီ”ကို ကိုးကားဆွေးနွေးကြတယ်။
နောက်ဆုံးမှာ အီရတ်ကို စစ်တိုက်ဖို့ ကွန်ဂရက်က ဆုံးဖြတ်ခဲ့ကြတယ်။ အမေရိကန်နဲ့အီရတ်စစ်ပွဲဟာ ၉ နှစ်နီးပါးကြာခဲ့ပါတယ်။စိတ်မကောင်းစရာကတော့ အီရတ်မှာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ ဘာလက်နက်မှ မပိုင်ဆိုင်ခဲ့ဘူးဆိုတာ သိရှိခဲ့ကြတယ်။ စစ်ကိုလိုလားတဲ့ သမ္မတရယ်၊ မှားယွင်းသုံးသပ်တဲ့ သတင်းမီဒီတွေကြောင့် နှစ်ဖက်စလုံးမှာ များစွာဆုံးရှုံး နစ်နာခဲ့ကြရပါတယ်။
အမေရိကန်သမ္မတဟာအခြေခံဥပဒေအပိုဒ် ၂ ပုဒ်မ (၂) အရ Commander in Chief of the Armed Force ဖြစ်တာမို့ စစ်ကြေညာခွင့်မဆုံးဖြတ်နိုင်ပေမယ့် စစ်ပွဲရဲ့ စစ်ဆင်ရေးကိစ္စတွေမှာတော့ ကွန်ဂရက်ရဲ့ အဆုံးအဖြတ်မပါပဲ သမ္မတကပဲ ဦးဆောင် ဆုံးဖြတ်နိုင်ပါတယ်။
၁၉၇၃ခုနှစ် မှာတော့ War Power Resolution(ACT) ကွန်ဂရက်က အတည်ပြုပေးခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်သမ္မတဟာ အမေရိကန်တပ်ဖွဲ့တွေကို သေချာစိစစ်မှုမရှိပဲ ဗီယက်နမ်ကို စေလွှတ်ခဲ့တယ်လို့ သုံးသပ်မိတာကြောင့် War Power Resolution(ACT) ကိုအတည်ပြုပြဌာန်းခဲ့တာပါ။
အဲ့ဒီဥပဒေအရ သမ္မတဟာ အရေးပေါ်အခြေနေဖြစ်ပြီး စစ်ပွဲရှိတဲ့နေရာတွေကို အမေရိကန်တပ်တွေ စေလွှတ်လိုက်ပြီဆိုရင် ကွန်ဂရက်ရဲ့ အတည်ပြုချက်ရယူစရာမလိုပေမယ့် ၄၈ နာရီအတွင်း ကွန်ဂရက်ကို သမ္မတက အသိပေးတင်ပြရမှာပါ။
တကယ်လို့ ကွန်ဂရက်က သမ္မတရဲ့ တင်ပြချက်ကို ရက်ပေါင်း ၆၀ အတွင်း အတည်မပြုပေးခဲ့ဘူးဆိုရင်တော့ စစ်တပ်ဟာ စစ်ပွဲကနေ ပြန်လည်ဆုတ်ခွာ ရမှာဖြစ်ပါတယ်။
၂၀၁၁ ခုမှာတုန်းကအမေရိကန်သမ္မတ အိုဘားဟာ ကွန်ဂရက်ရဲ့အတည်ပြုချက်မယူပဲ နေတိုးတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အမေရိကန်လေတပ်ဟာ လစ်ဗျားကို တိုက်ခိုက်ခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။
လောလောဆယ်အခြေနေအရအမေရိကန်ဟာ အီရန်နဲ့အစ္စရေးစစ်ပွဲ နောက်ကွယ် ခပ်နီးနီးမှာ ရှိနေပြီး ကွန်ဂရက်ရဲ့ ခွင့်ပြချက်နဲ့ စစ်ထဲကိုပါလာနိုင်မလား၊ အိုဘားမား လစ်ဗျားကိုတိုက်ခိုက်တုန်းကလို နေတိုးလိုအဖွဲ့မျိုးနဲ့ပူးပေါင်းကာ မလိမ့်တပတ်နဲ့ လေကြောင်းကနေ တိုက်ခိုက်မလား၊ စစ်ထဲပါမလာပဲ နောက်ကွယ်ကနေပဲ ဆက်ရှိနေမလားဆိုတာ စောင့်ကြည့်ကြရမှာပါ။ ။
