close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ငလျင် ၃ လပြည့် အင်းဝနှင့် တံတားဦး

လေးထပ်ကြီးကျောင်း။ ဓာတ်ပုံ-ZA

ဇေအောင်/People’s Spring

တံတားဦးမြို့ဝရောက်တော့ နေမွန်းတည့်လေပြီ။

တံတားဦးသည် တိတ်ဆိတ်လေးတွဲ့စွာဖြင့် ကြိုဆိုခဲ့သည်။ မြို့အဝင် ရန်ကုန်-မန္တလေးလမ်းကို မေးတင်ထားသော လမ်းဘယ်ညာနှဘက်မှ ဆီဆိုင်နှစ်ဆိုင်သည်လည်း ဆီထည့်သည့်ယာဥ် တစီးတလေမျှပင်မရှိ။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် မန္တလေး၊ အမရပူရမြို့များကို ရောက်ဖြစ်ခဲ့သော်လည်း တံတားဦးမြို့ကိုမူ မရောက်ခဲ့ပေ။ ယခု ငလျင်အလွန် ၃ လကြာမှ ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တံတားဦးမြို့လယ်လမ်းမကြီးဝဲယာတွင်တော့ အပြိုအပျက်အိမ်အများစု ရှင်းလင်းပြီးဖြစ်နေတာ တွေ့ရသည်။ တချို့ကတော့ အိမ်ကလေးတွေပင် ပြန်ဆောက်နေကြပြီ။ မူလက တိုက်တာဖြစ်ခဲ့သော်လည်း ယခုပြန်ဆောက်ချိန်တွင် ရိုးရိုးအသားအိမ်သာ ပြန်ဆောက်နေတာတွေလည်း တွေ့ရသည်။ ဘုရားစေတီများကတော့ မူလအတိုင်း အုတ်ပုံအတိသာ ဖြစ်နေဆဲ။

ထန်းရွက်မိုးထန်ရွက်ကာဖြင့် ရောင်းချနေသော ယာယီစျေးဆိုင်တချို့ကိုလည်း မြင်ခဲ့ရသည်။ စတိုးဆိုင်၊ မုန့်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်လေးများ ဖွင့်ထားတာတွေ့ရသည်။ မြို့ကတော့ စီးပွားရေး ပြန်လည် လည်ပတ်စပြုနေပြီဟု ဆိုရမည်ဖြစ်သည်။

တံတားဦးမြို့သည် တော်လှန်ရေး၏ တံခါးဝမြို့ဟု တင်စားရမလားမသိ။ တံတားဦးမြို့၏ အနောက်တောင်ဘက်တွင် မြို့သာ-မြင်းခြံလမ်းရှိသည်။ တဖုန်းဖုန်းတဒိုင်းဒိုင်းဆော်နေကြသော ငါန်းဇွန်၊ မြင်းခြံ၊ နွားထိုးကြီး အစရှိသည့်မြို့နယ်များသို့သွားရာ လမ်းပိုင်းအစဖြစ်သည်။

ထို့ကြောင့် တံတားဦးမြို့ကလေးသည် စစ်ကောင်စီ၏ မျက်စိဒေါက်ထောက်အကြည့်ခံရသည်။ ထို့အပြင် မကြာခဏလည်း အနိုင်ကျင့်ခံရသည်။ အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ကတည်းက တံတားဦးသည် စျေးဦးပေါက် လူအဆွဲခံရဆုံးမြို့ ဖြစ်ခဲ့သည်။

ပေါ်ပေါ်တင်တင်လည်း စစ်မှုထမ်းခေါ်သည်။ ပြောင်ပြောင်တင်းတင်းလည်း စစ်မှုထမ်းရန် လူဖမ်းသည်။ မန္တလေးသို့ အလုပ်သွားလုပ်ကြမည့် ပန်းရံ၊ လက်သမားနှင့် အခြေခံအလုပ်သမားကလေးများမှာ တံတားဦးမြို့ဝမှာတင် မန္တလေးသို့ဆက်မသွားနိုင်တော့ဘဲ စစ်တပ်ထဲ ပါသွားခဲ့ရသည့်ဖြစ်စဥ်တွေက မကြာခဏ။

တံတားဦးနယ်သားတယောက်ကတော့ အခုလို ငြီးတွားဖူးသည်။ “တနိုင်ငံလုံး လေကြောင်းပတ်ကျဲနေတဲ့လေယာဥ် တက်လာလိုက်ရင် တံတားဦးလေဆိပ်ကဆိုတာချည့်ပဲ။ သိက္ခာကျတော့ တံတားဦးက ကျရတယ်။ ဖိနှိပ်လိုက်တာလည်း တံတားဦးမှာ အဆိုးဆုံးပါပဲ။”လို့ သူက ပြောဖူးသည်။

စစ်မှုထမ်းကိစ္စဖြင့် ဒဏ်ရာတွေရရှိနေသော တံတားဦးမြို့ကလေးသည် ငလျင်ကြီးမှာတော့ ပိုမိုဆိုးရွားသည့်ဒဏ်ရာတွေ ဆက်ကာ ဆက်ကာ ရရှိခဲ့ပြန်သည်။ မြို့ပေါ်အိမ်ခြေရာချီပျက်စီးပြီး သေဆုံးသူမှာလည်း ရာချီရှိခဲ့သည်။

ငလျင်ကြီး အလွန် ၃ လတိုင်သည်အထိ ပြန်လည်ထူထောင်ရေးတွေ ကောင်းကောင်းလုပ်နိုင်သေးတာ မတွေ့ရပေ။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အိမ်တွေပြန်ဆောက်နေကြ၊ ပြင်နေကြသော်လည်း ပြိုပျက်ထားသော ဝင်းအလွတ်များ၊ ယိုင်နဲ့နေသောအိမ်များ အများအပြား တွေ့ခဲ့ရသည်။

တံတားဦးမှ လွန်သော် အင်းဝကို ခေတ္တဝင်ခဲ့သည်။ အင်းဝသည်လည်း ခြောက်ကပ်ကပ်ပင်။ လေးထပ်ကြီးကျောင်းမှာ တက်စရာလှေကားပင် မမြင်ရတော့ဘဲ အုတ်ပုံအတိ ဖြစ်၍နေလေပြီ။

ရတနာဆီမီးဘုရားစုမှ စေတီများသည်လည်း ငလျင်ထိ၍ မိုးကာများအုပ်ထားသည်ကို ထန်းပင်များကြားမှ တွေ့ရသည်။ ဆင်ကျုံးခံတပ်ရောက်တော့ ဆိုင်လေးတချို့ ဖွင့်ထားသော်လည်း ဆိုင်ထိုင်သူ တဦးတယောက်မျှမရှိ။ ခံတပ်ခြေရင်းမှ ဧရာဝတီမြစ်သည်ပင် ငြိမ်ငြိမ်ဆိတ်ဆိတ် စီးဆင်းနေသည်။

ဗားကရာကျောင်းက ပိတ်ထားသည်ဆို၍ မဝင်ဖြစ်ခဲ့တော့။ ကျုံးအတွင်းဘက်မှ လူသေဆုံးမှုရှိခဲ့သည့် ငှက်ပျောခြံအတွင်းမှ နန်းမြင့်မျှော်စင်ဆီလည်း ဝင်ခဲ့သည်။ မိုးသားအုံ့အုံ့အောက်မှ နန်းမြင့်မျှော်စင်သည် ခြောက်ခြားစရာကောင်းနေသည်။

အပြိုအပျက်များခဲ့သည့် မယ်နုအုတ်ကျောင်းအဝင်ဝမှာတော့ ဒေသခံတွေ ငုတ်တုပ်ထိုင်နေကြတာတွေ့ရသည်။ အုတ်ကျောင်းရှေ့က စားသောက်ဆိုင်လေးတွေလည်း တဆိုင်တလေလောက်သာဖွင့်ထားပြီး ဧည့်သည်ဟူ၍ မတွေ့ရ။ ရှေးဟောင်းလက်မှုပစ္စည်းသည်လေးတွေလည်း မမြင်ခဲ့ရ။

အိုးတုတ္တန်းဘက်ထွက်ရာလမ်းမှာတော့ မြင်းလှည်းတွေ ထိုးထိုးထောင်ထောင်ရပ်ထားတာ တွေ့ရသည်။ မြင်းလှည်းတွေက ရပ်ထားရတာ ၆ နှစ်ထဲ ရောက်လာလေပြီ။ ကိုဗစ်ကတည်းက ရပ်ထားခဲ့ရပြီး ရောဂါတွေလျော့လာလျှင် ဧည့်သည်ပြန်လာတော့မည်ဟု မျှော်လင့်နေကြဆဲ အချိန်မှာ စစ်တပ်က အာဏာသိမ်းသည့်လမ်းကို မိုက်မဲစွာ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ခရီးသွားကို အားကိုးရသော အင်းဝဒေသမှာ အကျပ်အတည်း ကြီးစွာရိုက်ခဲ့ရသည်။

ရံဖန်ရံခါမှလာသော ပြည်တွင်းခရီးသွားဆိုသည်ကလည်း ထမင်းအိုးတည်နိုင်လောက်သည့်ဝင်ငွေပမာဏ မဖြည့်စွမ်းနိုင်ခဲ့။ ဒေသခံတွေမှာ ကလေးမုန့်ဖိုးလေးရရ ရေသန့်ကလေး၊ အအေးကလေး၊ အသုပ်ကလေးရောင်းရင်း ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ကြရသည်။ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာတော့ ရှိသည့် ပြည်တွင်းခရီးသွားပင် မလာကြတော့ပေ။

ကျိုးပြတ်သွားသော ဒုဌဝတီတံတားကြီးအောက်နားမှာတော့ စက်လှေဖြင့် ဟိုဘက်ကမ်းကူးပေးနေတာတွေ့ရသည်။ လူချည့်တစ်ထောင်၊ ဆိုင်ကယ် တစ်ထောင့်ငါးရာကျပ် ကျပါသတဲ့။ “စက်လှေနဲ့မကူးလို့ကလည်းမရဘူး။ ပလိပ်ဘက်က ပတ်သွားရလည်း ဆီဖိုးနဲ့မခံနိုင်ဘူး။”ဟု ဒေသခံအမျိုးသားတဦးက ပြောပြသည်။

သို့သော် အသွားအပြန် စက်လှေခကိုက တစ်ယောက် ငါးထောင်ကုန်နေပြီ။ မန္တလေးဘက် ဆက်သွားရမည့်ဆီဖိုးမပါသေး။ ရသည့်လုပ်အားခ တစ်သောင်းတစ်သောင်းခွဲဖြင့် ဘာကျန်မည်နည်း။ “တံတားကြီးလုပ်တာကလည်း တစ်နှစ်နှစ်နှစ်တော့ ကြာဦးမယ်ပြောတယ်။”ဟု ဒေသခံက ကျိုးနေသောတံတားကြီးကိုကြည့်ရင်း ပြောသည်။

တံတားဦးသည် လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်ကာလက မန္တလေးကို လှေဖြင့်ကူးသန်းသွားရသော အခြေအနေကို ပြန်လည်ရောက်ရှိသွားခဲ့ပါသည်။

မြစ်ဆိပ်က အသက် ၁၀ နှစ်ကျော်အရွယ် ကလေးနှစ်ဦးကတော့ အပူအပင်ကင်းစွာဖြင့် ဒုဌဝတီမြစ်ထဲ တဝုန်းဝုန်း ခုန်ဆင်းကူးနေကြသည်။ မြစ်ပြင်မှ လေပူကြီးတချက် ဝေ့တိုက်လာသည်။ ခရီးဆက်ရန်ရှိသေးသဖြင့် အင်းဝမှာ နေဝင်မြင်သည်အထိ မနေခဲ့တော့။ ညနေစောင်းမှာတင် အင်းဝကို နူတ်ဆက်ခဲ့ပါသည်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာပြည်အထက်ပိုင်း မွမွကြေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး ၃ လပြည့်ပါပြီ။ ၃ လ အလွန်မှာ မန္တလေးမြို့ ဘာတွေဖြစ်နေပြီလဲ။ ဘာတွေပြောင်းလဲသွားပြီလဲ။ ကြည့်ကြရအောင်ပါ။

သတင်း

ပြည်မြို့အနီးတွင်ရစ်ခ်တာစကေး ၄ ဒဿမ၂ အဆင့်ရှိ မြေငလျင်တစ်ခုယနေ့နံနက်၆ နာရီခွဲခန့်၌လှုပ်ရှားခဲ့သည်။

သတင်း

မတ်လ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်း ငလျင်ကြီးအတွင်း နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိရပ်ကွက်တချို့မှာရေမီတာများပြတ်တောက်နေဆဲဖြစ်ကြောင်းမြို့ခံ​တွေကပြောပါတယ်။