အီရန်နဲ့ အစ္စရေးကြားက စစ်ရေးပဋိပက္ခ စတင်လာတာ တစ်ပတ်လောက် ကြာမြင့်လာပြီ ဖြစ်သလို နှစ်နိုင်ငံကြားက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမယ့် အလားအလာမျိုးလည်း လတ်တလောမှာတော့ မတွေ့ရသေးပါဘူး။ လက်ရှိ အခြေအနေမှာ နှစ်ဖက်စလုံးက ဒုံးကျည်တွေနဲ့ ဒရုန်းတွေလိုမျိုး လေကြောင်း တိုက်ခိုက်မှုတွေကိုပဲ အသုံးပြုနေပေမယ့်အလုံးစုံစစ်ပွဲကြီးအဆင့်ထိကူးပြောင်းသွားမှာကိုလည်းနိုင်ငံတကာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။
ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အစပြုခဲ့သလို အီရန်ရဲ့ နျူကလီးယား ပညာရှင်တွေ၊ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကိုပါ လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီနောက် အီရန်ကလည်း အစ္စရေးရဲ့ မြို့ကြီးတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အုံလိုက်ကျင်းလိုက် ပစ်ခတ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။ လက်ရှိ အခြေအနေအရတော့ အီရန်ဟာ သိသိသာသာ ပိုပြီး အထိနာနေသလိုဘက်ပေါင်းစုံမှာ အစ္စရေးရဲ့ နောက်ကောက်ချမှုကို ခံနေရပါတယ်။ ဒါပေမဲ့အီရန်ရဲ့ ဒုံးကျည်တွေနဲ့ တန်ပြန်မှုကလည်း အရမ်းပြင်းထန်လို့ အစ္စရေးရဲ့ နာမည်ကျော် လေကြောင်း ကာကွယ်ရေး စနစ်တွေတောင်မှ မနိုင်မနင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့နေရပါတယ်။
လက်ရှိပဋိပက္ခဟာဘယ်အထိဆက်ကြာနေဦးမယ် ဆိုတာကို အတပ်မပြောနိုင်သလို ဘယ်လို ရလဒ်မျိုးနဲ့၊ ဘယ်လို နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့ အဆုံးသတ်သွားမလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒီတော့ အီရန်-အစ္စရေးကြားက စစ်ရေး အခြေအနေတွေကို အကြောင်းပြုပြီး ဆန်းစစ်တွေးတောကြည့်သင့်တဲ့ မေးခွန်းတချို့လည်း ရှိလာပါတယ်။ ဒီနေရာမှာ မေးခွန်းတိုင်းအတွက် အဖြေတွေက ရိုးရိုးရှင်းရှင်း ရှိမနေနိုင်ဘူး ဆိုတာကိုလည်း သဘောပေါက်ဖို့ လိုပါတယ်။

Public Service Announcement
■ဘယ်သူနိုင်မလဲ
လက်ရှိ အခြေအနေ အရတော့ အီရန်ဟာ အောက်စည်းရောက်နေတယ်ဆိုတဲ့ အရှိတရားကို မျက်ကွယ်ပြုလို့ မရပါဘူး။ အစ္စရေးဟာ ဒီစစ်ဆင်ရေးအတွက် သေသေချာချာ ကြိုတင်ပြင်ဆင်ထားပြီး မဟာဗျူဟာမြောက် လက်ဦးမှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ မစခင် မိနစ်ပိုင်း အလိုမှာ တဟီရန်ကို လျှို့ဝှက်ပြီး ကြိုတင် မှောင်ခိုသွင်းထားတဲ့ အစ္စရေး ဒရုန်းတွေဟာ အီရန်ရဲ့ ထိပ်ပိုင်း စစ်ဘက် အရာရှိတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တချို့ရဲ့တည်နေရာတွေဆီတိတိကျကျပျံသန်းပြီးပေါက်ကွဲကုန်ပါတယ်။အစ္စရေးဟာစစ်ဆင်ရေးစတဲ့နေ့ ကတည်းက မဟာဗျူဟာမြောက် ပစ်မှတ်တွေကို အထိရောက်ဆုံး ချေမှုန်းနေပြီး အီရန်ရဲ့ ထိပ်ဆုံးအဆင့် စစ်ဦးစီးတွေကိုလည်း ရှင်းလင်းနိုင်ခဲ့ပါတယ်။
အီရန်ကတော့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပြန်ပစ်နိုင်တယ်ဆိုပေမယ့်စစ်ရေးအသာစီးရအောင် စွမ်းဆောင်နိုင်တာမျိုးမဟုတ်ဘဲအရပ်သား ဧရိယာတွေသာ အဓိက ထိခိုက်နေတာပါ။ လောလောဆယ်မှာ အစ္စရေးက အသာရနေတယ် ဆိုပေမယ့် နှစ်နိုင်ငံကြားကအနိုင်အရှုံးကိုဆုံးဖြတ်ဖို့ လုံလောက်တဲ့ အတိုင်းအတာမျိုး မဟုတ်သေးတာကိုတော့ သတိထားသင့်ပါတယ်။ ဒါပေမဲ့ တကယ်လို့သာ သတင်းတွေ ထွက်ပေါ်နေသလိုမျိုး အမေရိကန်ကပါ အစ္စရေးဖက်က ဝင်ပါလာရင်တော့ အီရန်အတွက် အတော်လေး ဒုက္ခရောက်သွားနိုင်ပါတယ်။
■အီရန်နျူကလီးယား အဆောက်အအုံအားလုံး ဖျက်ဆီးခံရမလား
အစ္စရေးဟာ နိုင်ငံသေးငယ်ပေမယ့် ကမ္ဘာ့အဆင့်အမြင့်ဆုံးစစ်ရေးစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုဆိုတာအားလုံး အသိပါ။ ဒါပေမဲ့အီရန်ရဲ့ နျူကလီးယားနည်းပညာဆိုင်ရာအဆောက်အအုံ အားလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတဲ့ တောင်းဆိုမှုကတော့ အစ္စရေးအတွက် လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲလွန်းပါတယ်။ဒီတော့အစ္စရေးတစ်နိုင်ငံတည်းအားနဲ့ဆိုရင်တော့ ဒီမေးခွန်းရဲ့ အဖြေက မဖြစ်နိုင်ဘူး’ ဆိုတာပါပဲ။ အဲဒီအစား အစ္စရေးဟာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုအတွက် အဓိကကျတဲ့ စက်ရုံတွေ၊ နျူကလီးယား လက်နက်တွေ တည်ဆောက်ဖို့ အရေးတကြီး လိုအပ်တဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်ရာ စက်ရုံတွေကို အဓိက အာရုံစိုက် ဖြိုခွင်းပါလိမ့်မယ်။
နောက်ပြီး အီရန်ရဲ့ နျူကလီးယား သုတေသန ဗဟိုဌာနလို့ သတ်မှတ်နိုင်တဲ့ ဖော့ဒိုမြေအောက်စခန်းကိုဖျက်ဆီးဖို့လိုအပ်တဲ့ဘန်ကာဖျက်ခဲယမ်းမျိုး အစ္စရေးရဲ့ လက်နက်တိုက်ထဲမှာ ပိုင်ဆိုင်မထားပါဘူး။ တကယ်လို့ အမေရိကန်ကပါ အစ္စရေးရဲ့ စစ်ဆင်ရေးတွေမှာ ဝင်ကူမယ် ဆိုရင်တော့ အီရန် နျူကလီးယား နည်းပညာ အဆောက်အအုံတွေကို အစ္စရေး ရည်ရွယ်ထားတာထက် ပိုပြီး ချေမှုန်းနိုင်ပါလိမ့်မယ်။
■အစ္စရေး လိုချင်တာဘာလဲ
အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယား လက်နက်တွေ လက်တွေ့ ထုတ်လုပ်နိုင်ဖို့ အနီးစပ်ဆုံးအဆင့်မျိုးရောက်ရှိလာတာကိုတုံ့ပြန်ဖို့အတွက် စစ်ဆင်ရေး အစပြုခဲ့တာလို့ ပြောပါတယ်။ ရည်ရွယ်ချက်ကတော့ အီရန်ရဲ့ အစ္စရေးအပေါ် ခြိမ်းခြောက်နိုင်စွမ်းကို အမြစ်ဖြတ်ဖို့ပါ။ ဒါပေမဲ့ အစ္စရေးရဲ့ မစ်ရှင်ဟာ အဲဒီကိစ္စ တစ်ခုတည်းတော့ မကလောက်ပါဘူး။ အစ္စရေးက ဘာကို လိုချင်နေသလဲ ဆိုတာဟာ အခုထိ သေချာ ရုပ်လုံး မပေါ်သေးပါဘူး။ အီရန်ရဲ့ အမျိုးသားရေး ဝါဒစွဲ အစ္စလာမ်မစ် အစိုးရကို ဖြုတ်ချချင်တာလား၊ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီ အပြတ်ရှင်းချင်တာလား ဆိုတာတွေကလည်း တွေးစရာတွေ ဖြစ်နေပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်ဟာ အီရန်ရဲ့ နျူကလီးယား စွမ်းရည်ကို တစ်စစီ ဖျက်ပစ်ဖို့ ဆိုပေမယ့် အီရန် အစိုးရကလောလောဆယ်အရမ်း အင်
အား ယုတ်လျော့နေတာကိုလည်း ထည့်တွေးနေတယ်လို့ မတင်မကျ ပြောပါတယ်။ ဒါ့အပြင် ခါမေနီကို အပြတ်ရှင်းလိုက်မယ်ဆိုရင် ပြဿနာတွေပိုရှုပ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးကို နေတန်ညာဟုက ပယ်ချပြီးအဲဒီလမ်းစဉ်ဟာ ပြဿနာတွေကိုတောင် အဆုံးသတ်သွားစေနိုင်လောက်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် အစ္စရေးဟာလက်ရှိမှာတော့အီရန်ရဲ့ နျူကလီးယား လက်နက်တိုက်ကို ဖြိုခွင်းဖို့ပဲ ဦးစားပေးနေပါလိမ့်မယ်။ အဲဒီမျှော်မှန်းချက်တွေအတိုင်းအတာ တစ်ခုထိ အောင်မြင်သွားရင်တော့ ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။
■တဟီရန်ဟာ ဂါဇာဖြစ်လာမလား
အစ္စရေးစစ်တပ်ဟာအီရန်မှာစစ်ဆင်ရေးတွေ စတင်ပြီး မကြာခင်မှာပဲ မြို့တော် တဟီရန်မှာ နေထိုင်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ရာဇသံ ပေးခဲ့တယ်။ နောက်ပိုင်းမှာ အမေရိကန် အစိုးရကလည်းတဟီရန် မြို့ခံတွေကိုအလားတူ တိုက်တွန်းခဲ့ပါတယ်။ အစ္စရေးရဲ့ ဗုံးတွေ၊ ဒုံးကျည်တွေ နေ့စဉ် ကျရောက် ပေါက်ကွဲနေတဲ့ ဒဏ်ကြောင့် တဟီရန်ကို စွန့်ခွာတဲ့ကားတန်းရှည်ကြီးတွေကိုလည်းတွေ့နေရပါတယ်။
အစ္စရေးက စစ်ရေးပစ်မှတ်တွေကိုအဓိက တိုက်ခိုက်နေတယ် ဆိုပေမယ့် အရပ်သားတွေလည်း သေဆုံးကုန်တာကြောင့် တစ်မြို့လုံး တုန်လှုပ်ပြီး ဆောက်တည်ရာမရ ဖြစ်ကုန်ကြပါတယ်။ ဒီအတောအတွင်း တဟီရန်မြို့ခံ အများအပြားဆီက ထွက်ပေါ်လာတဲ့ စကားတစ်ခွန်းက သူတို့ချစ်တဲ့မြို့ကို ဂါဇာလို ဖြစ်သွားမှာ စိုးရိမ်တယ် ဆိုတာပါပဲ။ ဒါဟာပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ ဂါဇာမှာ အစ္စရေးစစ်တပ်ကဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေ အရမ်းကြမ်းတမ်းတာကြောင့် ကြောက်ခမန်းလိလိ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ နှိုင်းယှဉ်ပြီး ပြောတာပါ။
လက်တွေ့ကျကျ စဉ်းစားရင်တော့ ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စမျိုးပါ။ဂါဇာမှာလိုမျိုးတဟီရန်ကို အစ္စရေး ခြေလျင်တပ်တွေ ဝင်ရောက်လာတာ မဟုတ်သလို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို အတိုင်းအတာ တစ်ခုထိ ကြားဖြတ် ဟန့်တားနိုင်တဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည်မျိုးကိုလည်း အီရန်က ပိုင်ဆိုင်ထားဆဲပါ။ ဒါပေမဲ့ ပဋိပက္ခ ကြာလာလေလေ၊ ဂါဇာလောက် မဆိုးရင်တောင် တဟီရန်မှာလည်း အပျက်အစီးတွေ ပိုကြုံရလေလေ ဖြစ်မှာကိုတော့ သတိပြုဖို့ လိုပါတယ်။
■အမေရိကန် ဝင်စွက်ဖက်မလား
လောလောဆယ်မှာတော့ဒီကိစ္စဟာအစ္စရေး-အီရန် ပဋိပက္ခမှာ လူတွေ စိတ်အဝင်စားဆုံးနဲ့ ပဟေဠိ အဆန်ဆုံးအကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ အီရန်က အမေရိကန်သာစစ်ရေးအရ ဝင်ရောက် စွက်ဖက်လာရင် ပြင်လို့မရတဲ့ အကျိုးဆက်တွေ ကြုံရစေမယ်လို့ ခြိမ်းခြောက်ထားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့ပေါင်းပြီး အီရန်က နျူကလီးယား အဆောက်အအုံတွေကို အမေရိကန်က ဝင်တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက်မျိုးလည်းထရမ့်ကပေးမထားပါဘူး။
ထရမ့်နဲ့ နီးစပ်သူတွေကတော့ အလောင်းအစား ဆန်လှတဲ့ အခုကိစ္စမှာ ထရမ့်ကိုယ်တိုင် တိတိကျကျ ဆုံးဖြတ်ချက် ချဖို့ ခက်နေပုံရတယ်လို့ မှတ်ချက်ပေးထားပါတယ်။ အစ္စရေးကတော့ စစ်ပွဲမှာ အမေရိကန် ဝင်ပါလာပြီး အီရန်ရဲ့အထင်ကရ နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲ ဖျက်ဆီးပေးဖို့ ထရမ့်ကို အပူတပြင်း တိုက်တွန်းနေပါတယ်။ ။
