close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျွန်မတို့သည် လကုန်အထိ တစ်လတာ အပစ်အခတ်ရပ်စဲရေး ဖြစ်တဲ့အတွက်ကြောင့် လက်ရှိအချိန်အထိကတော့ ခုခံစစ်အနေနဲ့ ထားရှိတာဖြစ်တယ်”

TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးနဲ့ ဆက်သွယ်မေးမြန်းခန်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာဒီလပိုင်းတိုက်ပွဲ​တွေ ပြင်းထန်စွာဖြစ်ပွား​နေပါတယ်။ နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်တဲ့ ၂၀၂၄ ဇွန်လ၂၅ရက်နေ့မှာဘဲ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက စတင်သိမ်းပိုက်ခဲ့ပါတယ်။ ​​နောင်ချိုမြို့နဲ့ မြို့နယ်ရဲ့ ​ဒေသအများစုကိုသိမ်းပိုက်ခဲ့ပေမယ့် မြို့ရဲ့တောင်ဘက်မိုင် ၂၀ ​ကျော်အကွာက တောင်းခမ်းကျေးရွာနားက အမြောက်တပ်ရင်း​တွေကို အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် စစ်​ကောင်စီက ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး​တောင်းခမ်း​ဒေသထို့ စစ်ကူအများအပြားပို့ပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပါတယ်။​တောင်းခမ်းကအ​မြောက်တပ်ရင်း​တွေကိုထိန်းချုပ်နိုင်ပြီး​နောက်မှ စစ်တပ်က အင်အားထပ်တိုးပြီး ​နောင်ချိုမြို့ဆီကို ထိုးစစ်ပြန်ဆင်လာပါတယ်။ စစ်ကောင်စီတပ်က ​လေ​ကြောင်းအများအပြားသုံးပြီး ဗုံးကြဲခဲ့သလို ၊ဒရုန်း​တွေပိုသုံးပြီး ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့လပိုင်းတွေကစပြီး နောင်ချိုမြို့နားကို တိုက်ပွဲတွေ ရောက်လာခဲ့ပါတယ်။ လက်တလောမှာလည်း နောင်ချိုမြို့နယ်က နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ နောင်ချိုဒေသ တိုက်ပွဲနဲ့ပတ်သက်ပြီး TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို လူထုနွေဦးက ဇွန် ၂၆ ရက်​​နေ့မှာမေးမြန်းထားပါတယ်။

DEE၊သတိုး/People’s Spring

မေး။လက်တလော နောင်ချိုမြို့နယ်က ဘယ်နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာလဲ။

ဖြေ။လက်ရှိဒီတလောမှာ ကျွန်မတို့ TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက နောင်ချိုအနီးတဝိုက်မှာရှိတဲ့ တောင်းခမ်းတဝိုက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အခြား နောင်ချိုအနီးမှာတည်ရှိတဲ့ ရွှေသွန်းရွာ ၊ကုန်းတာ၊ နောင်သြတို့ နောင်လင်၊ နောင်ဖာအစရှိတဲ့ မဲပုတ်ကျေးရွာဘက်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မေး။ တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ကို ၂၄ရက်က စတယ်လို့သိရပါတယ် ။တန်ပြန် ထိုးစစ် အ​ခြေအ​နေဘယ်လိုရှိနေလဲ။

ဖြေ။လတ်တလောမှာတော့ ကျွန်မတို့က ထိုးစစ်ဆင်နေတဲ့ အခြေအနေမျိုးတော့ မရှိသေးဘူး။ ကျွန်မတို့သည် လကုန်အထိ တစ်လတာ အပစ်အခတ်ရပ်စဲရေး (ညီ​နောင်မဟာမိတ်၃ဖွဲ့ကဇွန်လကုန်အထိတစ်ဖက်သတ် အပစ်ရပ်​ကြေညာထား)ဖြစ်တဲ့အတွက်ကြောင့် လက်ရှိအချိန်အထိကတော့ ခုခံစစ်အနေနဲ့ ထားရှိတာဖြစ်တယ်။လတ်တလောမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုက ပိုများလာတော့ မိမိကိုယ်မိမိခုခံကာကွယ်ပိုင်ခွင့်အနေနဲ့ ခံစစ်အနေနဲ့ တိုက်ပွဲဖြစ် ပွားနေတာဖြစ်ပါတယ်။

မေး။ စစ်ကောင်စီဘက်က ဝါဒဖြန့်နေတာမှာ သူတို့က နောင်ချိုက စခန်းတွေဆက်တိုက်သိမ်းနေတယ်ဆိုတယ်ဆိုပြီး ပြောနေပါတယ်။မြေပြင်မှာရောဘယ်သူက အသာရနေလဲ။

ဖြေ။လတ်တလောမှာတော့ ကျွန်မတို့ဒီလိုမျိုး စခန်းတွေလက်လွှတ်လာရတဲ့ သတင်းတတ်လာတာ‌ တော့ မတွေ့ရသေးဘူး။အဲဒါကတော့ ကျွန်မတို့ ထိန်းထားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။လက်ရှိအချိန်အထိတော့ ဘယ်သူက အသာစီးရဖို့လည်း ပြောဖို့တော့ စောပါသေးတယ်။ဘာဖြစ်လို့လည်းဆို ဒီအချိန်အထိထိုးစစ်ဆင်မှုနဲ့ ခုခံစစ်တွေတည်ရှိနေတဲ့ အတွက် ဒီလိုအကဲဖြတ်မှုက စောပါသေးတယ်။

မေး။စစ်ကောင်စီက နောင်ချိုထိုးစစ်အတွက် အင်အား ၆၀၀၀ လောက်အသုံးပြုနေတယ်လို့ သိရပါတယ်။ အဲဒီထိုးစစ်အတွက် တော်လှန်ရေးတပ်တွေကရော ပြင်ဆင်မှုအပိုင်း ဘယ်လိုရှိနေလဲ။ ပြောလို့ရသလောက် ပြောပေးပါအုံး။

ဖြေ။လတ်တလောမှာတော့ စစ်ကောင်စီသည် တောင်းခမ်းမှာလည်း စစ်အင်အားတွေ ဖြည့်တင်းပြီးတော့မှ တိုက်ခိုက်တာမျိုးရှိသလို အခြားတစ်ဖက်မှာလည်း ပြင်ဦးလွင်ကနေတစ်ဆင့် တတ်လာပြီးအင်အားဖြည့်တင်းတာမျိုးတွေရှိတယ်။

ကျောက်ဂူကနေတဆင့် အင်အားဖြည့်တင်း‌ နေတာမျိုးလည်းရှိပါတယ်။ ပြီးတော့ လေကြောင်းကနေတဆင့် လက်နက် ခဲယမ်းတွေဖြည့်တင်းတာမျိုးလည်းရှိပါတယ်။ကျွန်မတို့ကတော့ အတတ်နိုင်ဆုံး ခုခံကာကွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိကတော့ အင်အားတော်တော်များများကတော့ ရှိနေပြီလို့ ပြောလို့ရတယ်။အတိအကျ ကျွန်မတို့မပြောနိုင်ပေမယ့် ထောင်ဂဏန်းအထက်တော့ရှိမှာ ဖြစ်တယ်။

မေး။စစ်ကောင်စီက နောင်ချိုရဲ့ ဘယ်နေရာတွေမှာ ရှိနေတယ်လို့ ပြောရလဲ။

ဖြေ။လတ်တလောမှာတော့ နောင်လင်၊ နောင်ဖာဘက်မှာတော့ ပြင်းထန်နေတာဖြစ်ပါတယ်။

မေး − မန္တလေး PDFကနောင်ချိုအတွက် အင်အားဖြည့်ပြီး စစ်ကူလာတိုက်ပေးနေတယ်လို့ ကြားရပါတယ်။ မန္တလေး PDFက နောင်ချိုမှာ စစ်ကူတိုက်ပေးနေတာ ဟုတ်လား။

ဖြေ − ဒီဟာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

မေး။ နောင်ချိုကို TNLAက စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုပြီးလည်း သတင်းတွေထွက်နေတာရှိပါတယ်။ ဘယ်လို တုန့်ပြန်ပြောချင်လဲ။

ဖြေ။ လက်ရှိအချိန်အထိကတော့ ဒါကသတင်းအတုတွေသာဖြစ်တယ်။ ကျွန်မတို့ကတော့ ဒီလိုမျိုးပြန်ပေးဖို့ အစီအစဉ်ကတော့ မရှိသေးဘူး။ ဗဟိုကတော့ ညွှန်ကြားတာမျိုးတွေတော့ မရှိသေးဘူး။

မေး။နောင်ချိုအတွက် ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ စိုးရိမ်နေတဲ့ ပြည်သူတွေအတွက် ဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ။ နောင်ချိုသည် လက်ရှိအချိန်ကတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့မြို့ဖြစ်တဲ့အလျောက် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကတော့ စိုးရိမ်ရပါတယ်။ ဆိုတဲ့အတွက်ကြောင့် လူထုအနေနဲ့လုံခြုံရေးကိုတော့စိုးရိမ်ရှိတာအတွက်ကြောင့် ဒါကို လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီးတော့မှ ဘေးကင်း‌ရာနေရာကို ရွှေ့ပြောင်းပေးဖို့ ဒီကိစ္စကို ပြောပြီးသားဖြစ်ပါတယ်။ လူထုအနေနဲ့ကလည်း လုံခြုံရေးကိစ္စကို အထူးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တဖက်မှာလည်း အခြားသော လော်ဘီမှာတင်ပြထားတဲ့ အရာကတော့ စိုးရိမ်ဖွယ်ရာမရှိဘူး။ ကျွန်မတို့ကတော့ အတတ်နိုင်ဆုံး ခုခံကာကွယ်စောင့်ရှောက်မှာဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်ပေးမှာ မဟုတ်ဘူးလို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်​ကောင်စီတပ်အ​ပေါ် တန်ပြန်ထိုးစစ် ဒီကနေ့ (ဇွန်လ ၂၄ရက်) မနက်မှာ စတင်ခဲ့လိုက်ပြီလို့လူထုနွေဦးကစုံစမ်းသိရပါတယ်။

သတင်း

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ်(၆)စစ်သင်တန်းဆင်းပွဲကို ဇွန်လ ၂၁ရက်က ပြုလုပ်ခဲ့ရာ တအာင်းတပ်မတော်(TNLA)က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ DPLF/DPLA)ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်တောင်ဘက် ကံကြီးကျေးရွာနားမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ နေရာတစ်ခုလက်လွှတ်လိုက်ရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဌ ဦးထွန်းထွန်းနိုင်က လူထုနွေဦးကို ပြောပါတယ်။