close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“စစ်တပ်ကဘယ်လိုပဲ ပြည်သူကို အယုံသွင်းတာ၊ဟန်ဆောင်တာတွေလုပ်လုပ် တကယ်တမ်းသူတို့ (စစ်တပ်)ကအရမ်းကိုမှစိတ်ပူနေတယ်ဆိုတာကျွန်မတို့ ပြောလို့ရတယ်။Article 33 နဲ့ အရေးယူခံရတဲ့အချိန် ၂၀၀၀ ခုနှစ် နဲ့ ၂၀၀၁ မှာ ရှိခဲ့တဲ့စစ်တပ်ရဲ့အရာရှိတွေ၊သူတို့ရဲ့ထောက်တိုင်တွေထဲမှာဒီအရေးယူမှုရဲ့ရိုက်ခတ်မှုကဘယ် လောက်ပြင်းထန်လဲဆိုတာ နားလည်တဲ့သူတွေရှိပါတယ်။သူတို့ဟန်ဆောင်နေကြတာပါ”

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်နဲ့​မေးမြန်းခန်း

အာဏာသိမ်းမှုကို လက်မခံသည့် အလုပ်သမားပြည်သူများကိုဖမ်းဆီးသတ်ဖြတ်ခြင်း ၊မတရားဖမ်း ဆီးမှုခြင်း၊လုပ်ငန်းခွင်များတွင် သေနတ်ပြခြိမ်းခြောက်ခြင်း နှင့် စစ်မှုမထမ်းမ​နေရဥပ​ဒေပြဌာန်း၍ အဓမ္မလုပ်သားအင်အားစုများကို စစ်သားသစ်စု​ဆောင်းခြင်း၊ အလုပ်သမားအဖွဲ့အစည်းများကို မတရားအသင်းကြေညာခဲ့ခြင်းအပါအဝင် များစွာသော ဖိနှိပ်အကြမ်းဖက်မှုကို အာဏာသိမ်းစစ်အုပ်စုကကျူးလွန်ခဲ့သည်။ကျူးလွန်ခဲ့မှုများအတွက်စစ်အုပ်စုကိုအရေးယူနိုင်ရန်နိုင်ငံတကာအသိုက်အဝန်း၌သြဇာရှိသည့် ကုလသမဂ္ဂ (UN)လက်အောက်ခံအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO မှတဆင့် ဒီမိုကရေစီလိုလာသူများနှင့် အလုပ်သမားအရေးဆောင်ရွက်သူများက ၄ နှစ်ကျော်ကြာ ကြိုးပမ်းခဲ့ကြသည်။စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်၊နှိပ်စက်ခံရသူများနှင့် အလုပ်သမားအခွင့်အရေးချိုးဖာက်ခံရနေရသူတို့၏ သက် သေထွက်ဆိုချက်၊ စစ်တမ်းအစီရင်ခံစာများကို စုစည်းခဲ့ကြသည်။ထို့နောက် ILO သို့ တင်ပြခဲ့ပြီး ILO က စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ဖွဲ့စည်းပြီးမြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်ကစ၍ စစ်ဆေးခဲ့သည်။

COI ၏စစ်ဆေးချက်အရစစ်​ကောင်စီသည် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်(ILO Convention No. 87) နှင့် အဓမ္မစေခိုင်းခြင်း (ILO Convention No. 29) ဆိုင်ရာ ILO ပြဋ္ဌာန်းချက်များကို စဉ်ဆက်မပြတ် ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ထို့နောက်ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ၁၁၃ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၌ ILO ၏ Article 33 ( ပုဒ်မ ၃၃) အရ မြန်မာနိုင်ငံပေါ်အရေးယူကြောင်းဆုံးဖြတ်ချက် အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံကို ပုဒ်မ ၃၃ ဖြင့်အရေးယူမှုသည် လွန်ခဲ့သော ၂၅ နှစ်ခန့် စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလည်းပြုလုပ်ခဲ့ဖူးသည်။ယခုတစ်ကြိမ် ILO က အရေးယူရန်အတည်ပြုသည့်ပုဒ်မ ၃၃ ပါအချက်အလက်များ၊စစ်အုပ်စုအပေါ်သက်ရောက် နိုင်မည့် ထိခိုက်မှုများ နှင့် ပြည်သူများအပေါ် သက်ရောက်မှု ရှိ ၊မရှိစသည်တို့ကို ညီလာခံ၌တက်ရောက်ဆွေးနွေးခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်ကို လူထုနွေဦးက မေးမြန်းထားပါသည်။

ရဲ​ခေါင်/People’s Spring

Public Service Announcement

Public Service Announcement

မေး- ILO က အရေးယူဖို့လုပ်ခဲ့တာ နဲ့ အ​ရေးယူဖို့အတည်ပြုခဲ့တာကို ပထမဆုံးရှင်းပြပေးပါလား။

ဖြေ- ILO မှာ ဇွန် ၅ ရက်နေ့က ဆုံးဖြတ်သွားတဲ့ ဆုံး ဖြတ်ချက်နဲ့ပတ်သက်ရင် ဘာလဲဆိုတော့ အာဏာသိမ်းပြီးကတည်းကနေ လေးနှစ်ကျော်ကာလအတွင်းမှာ စစ်တပ်ရဲ့ချိုးဖောက်မှုတွေကအများကြီးပဲ။ချိုးဖောက်မှုတွေက ဘာတွေလဲ ဆိုတော့ ILO ရဲ့ ပြဌာန်းချက်တွေ ဖြစ်တဲ့ အဓိကအားဖြင့် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးပိုင်ခွင့်ပြဌာန်းချက် ကိုချိုးဖောက်တယ်၊ပြီးတော့ အဓမ္မခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက်ကိုချိုးဖောက်တယ်ပေါ့နော်။ဒီဟာတွေ ချိုးဖောက်တဲ့အပြင် ပြည်သူတွေရဲ့အခြေခံရပိုင်ခွင့်တွေကိုချိုးဖောက်တဲ့အတွက်ကြောင့် တစိုက်မတ်မတ် ILO မှာဆွေးနွေးလာခဲ့တယ်။ပြဌာန်းချက်တွေကို တစ်စနဲ့တစ်စ ပိုပြီး ချိုးဖောက်လာတဲ့အခါမှာ ၂၀၂၂ ခုနှစ်နိုဝင်ဘာမှာစုံစမ်းစစ်ဆေးရေးဖွဲ့စည်းပြီး ILO ကနေစစ်ဆေးစေခဲ့တယ်။ဒီစနစ်က ILOမှာ အမြင့်ဆုံးစစ်ဆေးရေးယန္တရားဖြစ်တယ်။၂၀၂၃ မှာ ဒီကော်မရှင်က စပြီးတော့ စစ်ဆေးတယ်။ပြည်တွင်းမှာချိုးဖောက်မှုတွေကို ကြုံတွေ့ခဲ့တဲ့ ကာယကံရှင်တွေနဲ့ အင်တာဗျူးတွေ လုပ်ပြီးတော့မှ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ အစီရင်ခံစာတွေထုတ်ပြန်တယ်။စစ်တပ်ရဲ့ချိုးဖောက်မှုတွေကို သေချာဖော်ပြထားတယ်။အဲဒီမှာလည်း ဒီချိုးဖောက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ စစ်တပ်ဘက်ကို ဘာလုပ်ရမလဲဆိုတဲ့အကြံပြုချက်တွေ ကို ILO စုံစမ်းစစ်ဆေးရေးဘက်က ဖော်ပြထားတာရှိပါတယ်။နောက်ဒီအစီရင်ခံစာထွက်လာပြီးတော့ ILO အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိချက်တွေကို လိုက်နာဖို့စစ်တပ်ကိုတစိုက်မတ်မတ်ပြောလာတယ်။ပြောလာပေမယ့် စစ်တပ်က ဒါတွေကို မလိုက်နာတဲ့အပြင်ချိုးဖောက်မှုတွေပိုဆိုးလာတယ်ပေါ့။

ပြင်းထန်လာတဲ့အတွက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ILO ကနေ သူ့ရဲ့ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ပြဌာန်းချက်တွေချိုးဖောက်တဲ့နိုင်ငံတွေကို Article 33 လို့ခေါ်တဲ့ပုဒ်မ ၃၃ ကို အခြေပြုပြီး အရေးယူဖို့ဆုံးဖြတ်သွားတယ်။Article 33 နဲ့အရေးယူမယ်ဆိုတာဘာလဲပေါ့။ဘယ်လိုအချက်အလက်တွေပါလဲဆိုတာကိုတော့ ဒီနှစ် ၂၀၂၅ ခုနှစ် မတ်လမှာ ILO အုပ်ချုပ်ရေးအဖွဲ့ကနေ အသေး စိတ်အချက်အလက်တွေကို အဆိုပြုချက်အနေနဲ့ ပြင်ဆင်သဘောတူခဲ့တယ်။ဇွန်လ ၅ ရက်နေ့မှာတော့ အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့အဆိုပြုထားတဲ့အချက်တွေ အရေးယူရမယ်ပုံစံတွေ ကို ညီလာခံကြီးကနေ အတည်ပြုပေး လိုက်တာ ဖြစ်တယ်။အတည်ပြုလိုက်တဲ့အခါ အဖွဲ့ဝင်နိုင်ငံတွေထဲမှာမဲခွဲဆုံးဖြတ်စရာတောင်မလိုပဲအများသဘောနဲ့ အကုန်လုံးရဲ့ထောက်ခံမှုလို့ပဲ ပြောရမယ်။

မေး- အခု အရေးယူဖို့ အတည်ပြုလိုက်တဲ့ ILO ရဲ့ Article 33 ဒါမှမဟုတ် ပုဒ်မ ၃၃ က စစ်အုပ်စုအပေါ် ဘယ်လို သက်ရောက်မှု ဖြစ်စေမလဲ။

ဖြေ – အဲဒီထဲမှာမြင်သာတာကတော့လေယာဥ်ဆီရောင်းတာ၊လက်နက်ပစ္စည်းတွေရောင်းတာနောက် နည်းပညာပိုင်းဆိုင်ရာအကူအညီပေးတာတွေကို အထူးဖော်ပြထားတယ်။နောက်ပြီး ကျန်တဲ့ မည်သည့် ဆက်ဆံရေးကိုမဆို ပြန်သုံးသပ်ပါလို့ ILO က ပြောတာဖြစ်တယ်။နောက်တစ်ခုက စစ်တပ်ဆီကို စီးဆင်နေတဲ့ ရန်ပုံငွေ တွေ ။ဒါတွေကလည်း ပြောမယ်ဆို စစ်တပ်က ဖိနှိပ်သတ်ဖြတ်နေတဲ့ကိစ္စရပ်တွေကို သွားပြီးတော့အထောက်အပံ့ပေးနေတယ်။ဘာဖြစ်လို့လဲဆိုတော့လေယာဥ်ဆီဝယ်တယ်၊လက်နက်ဝယ်တယ်ဆိုတာက နိုင်ငံခြားငွေမရှိဘဲနဲ့မှ ဝယ်မရတာ။ဒါကြောင့်မလို့စစ်တပ်ဆီကို စီးဆင်းနေတဲ့ဝင်ငွေတွေလို့ပြောရင် အားလုံးကို ပြန်သုံးသပ်ရမှာ ဖြစ်တယ်။

မေး- ဒီအရေးယူမှုမှာစစ်တပ်ကိုကူညီထောက်ပံ့ပေးနေတဲ့ တရုတ်၊ ရုရှားနိုင်ငံတွေ အပေါ်ရော သက်ရောက်နိုင်မလား။

ဖြေ – တရုတ်လိုရုရှားလိုစစ်တပ်နဲ့အပေါင်းအပါ နိုင်ငံတွေက ဆက်ပြီး အလုပ်လုပ်နေတာမျိုးရှိနိုင်တာပေါ့နော်။သို့သော်လည်း ကျွန်မတို့ကဘာဆက်လုပ်လို့ရမလဲဆိုစစ်တပ် အကြပ်အတည်းဖြစ်ပြီး ဖယ်ထုတ်နိုင်မယ့်အနေအထားမျိုးထိရောက်ဖို့ဆိုရင်ဆက်စပ်ပိတ်ဆို့မှုလို့ ခေါ်ရမယ့် (Secondary Sanction ) ရုရှားနဲ့ တရုတ်ကတော့ကျိန်းသေ မြန်မာကို Sanction လုပ်မှာမဟုတ်ဘူး။သူတို့အကျိုးစီးပွားအတွက် ပစ္စည်းရောင်းချင်လည်း ရောင်းမှာပဲ။အဲဒီတော့ကျွန်မတို့ကစစ်တပ်နဲ့ သွာမလုပ်ပါနဲ့လို့ ပြောထားတယ်ဆိုပေမယ့်နိုင်ငံတစ်ခုက ကုမ္ပဏီတစ်ခုသည် သွားပြီးရောင်းတယ်ဆိုရင် သက်ဆိုင်ရာUKအစိုးရကထုတ်ပြန်ထားတာ ဖြစ်ဖြစ် US အစိုးရကထုတ်​​ပြန်ထားတာ ဖြစ်ဖြစ် EU က ထုတ်ပြန်ထားတာ ဖြစ်ဖြစ် အဲဒီ Sanction ကို ချိုးဖောက်တဲ့အတွက် ဆိုကြပါစို့စင်ကာပူက ကုမ္ပဏီတစ်ခုက သွားလုပ်တယ်ဆိုရင် အဲဒီကုမ္ပဏီကို ကျွန်မတို့က Sanction ထပ်သွင်းလို့ရတယ်။ပိတ်ဆို့ထားတဲ့မလုပ်ပါနဲ့ဆိုတဲ့ဟာကို သူတို့ကချိုးဖောက်တဲ့အတွက် Secondary Sanction နဲ့ အရေးယူဖို့ လုပ်နိုင်တယ်၊အဲဒီလောက်ထိ နောက်ကလိုက်ပြီးကျွန်မတို့ပိတ်နိုင်မှသာကျွန်မတို့ သွားနေတဲ့ စစ်တပ်ကို ဖိအားဖြစ်စေတာ အကြပ်အတည်းဖြစ်စေတာ နောက်ဆုံး သူတို့ကို ဖယ်ထုတ်နိုင်မယ့်အခြေအနေ ။ဒါမှသာကျွန်မတို့အများပြည်သူ၊လုပ်သားပြည်သူမျှော်လင့်တဲ့လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ မိမိအခွင့်အရေးကို မိမိထုတ်ဖော်ပြောဆိုနိုင်တဲ့အခြေအနေ ရှိတဲ့ နိုင်ငံကိုပြန်ပြီးထူထောင်နိုင်မှာ ဖြစ်တယ်။

မေး- ILO ရဲ့ အရေးယူခံရမှုအပြီး ပြည်တွင်းက အထည်ချုပ်လုပ်ငန်းရှင်အဖွဲ့နဲ့ ကုန်သည်စက်မှုလက်မှုအသင်းချုပ် ဘက်ကနေ တုံ့ပြန်စာတွေအပေါ်ရော မခိုင်ဇာအမြင်ကိုပြောပေးပါဦး။

ဖြေ-သူတို့ထုတ်ပြန်ချက်တွေမှာကြည့်ရတာကတော့ သူတို့တွေအပေါ်မှာ ILO ရဲ့ဆုံးဖြတ်ချက် ကြောင့်မလို့ သူတို့စီးပွားရေးလုပ်ငန်းတွေကို ထိခိုက် မှာစိတ်ပူတယ်ဆိုတဲ့အခြေခံစဥ်စားချက်ကို မြင်ရတယ်။အလုပ်သမားထုလေးသိန်းခွဲကို အလုပ်ပေးနေတဲ့လုပ်ငန်းကဏ္ဍဖြစ်တယ်တို့၊ဒီနောက်မှာမိသားစုတွေ အများကြီး ရှိတယ်ဆိုတာတွေကို ပြောပေမယ့် တကယ်တမ်းအခုလက်ရှိမြေပြင်မှာ ဖြစ်နေတဲ့အခြေအနေကအလုပ်သမားတစ်ယောက်က ကိုယ်တစ်လရတဲ့ဝင်ငွေကကိုယ်စားဖို့တောင်မလောက်တဲ့ အနေအထားဖြစ်နေတယ်။ချိုးဖောက်မှုတွေတောက်လျှောက် ဖြစ်နေတဲ့အခါ ဥပမာ အဓမ္မခိုင်းစေခံရတာမျိုးအခုဆိုရင်တစ်ပါတ်တစ်ရက် တနင်္ဂနွေ နေ့ဆို မပိတ်တော့ဘူး။တစ်လလုံး Overtime အချိန်ပိုနာရီ ရာကျော်ဆင်းနေရတယ်။ကျန်းမာရေးထိခိုက်နေကြတယ်။ဒီလိုကိစ္စတွေကိုတော့ အလုပ်ရှင်အဖွဲ့အစည်းတွေသည် လုံးဝ ထုတ်ဖော် ပြောဆိုခြင်းမရှိဘဲနဲ့ သူတို့ စီးပွားရေးမလုပ်နိုင်မှာကိုထုတ်ပြန်လာတာလို့ပြောလို့ရတယ်။အဲဒီမှာလည်း ကြည့်မယ်ဆိုရင် သူတို့သည် စီးပွားရေး ဆက်လုပ်နိုင်အောင် ILO အဖွဲ့တွေနဲ့ဆက်ပြီး ပူးပေါင်းသွားမယ်ဆိုတဲ့ဟာတွေကို တွေ့တယ်။ဒါပေမယ့် သူတို့ရဲ့ ကြေညာချက်ကို ပြန်ကြည့်မယ်ဆိုရင် ဘာကြောင့်အရေးယူခံရတာလဲဆိုတဲ့ အချက်ကိုဖော်မပြထားဘူး။ILO သည် မြန်မာနိုင်ငံကို ဘာကြောင့်အရေးယူတာလဲဆိုတာကို မဖော်ပြထားသလိုILO ရဲ့အရေးယူတာတွေ လျော့ပါးအောင် လုပ်ဖို့ဆိုတဲ့နေရာမှာ ILO ကပြောတဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်တွေချိုးဖောက်တာတွေရပ်ဆိုင်းသွားအောင်လုပ်မယ်ဆိုတဲ့ကတိကဝတ်မျိုး။ပြီးတော့အဓမ္မခိုင်းစေမှုတွေမရှိအောင် သူတို့ကပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်မျိုးတွေ လုံးဝ မတွေ့ရဘူး။ဆိုတော့ အဓိကအားဖြင့်သူတို့ရဲ့ကြေညာချက်မှာချိုး ဖောက်မှုတွေကိုလျော့ပါးအောင်လုပ်မယ်ဆိုတာမျိုး လေးတော့ ပါဝင်သင့်တယ်။

မေး- အခြေခံလုပ်သားတွေနဲ့ မြန်မာပြည်သူတွေငတ်မွတ်လာစေမယ်ဆိုတဲ့ စစ်​ကောင်စီနဲ့စစ်တပ်​ထောက်ခံသူတွေရဲ့ဝါဒဖြန့်ပြောဆိုရေးသားနေမှုတွေကိုရော ဘယ်လိုတုံ့ ပြန်ချင်လဲ။

ဖြေ-အလုပ်သမားတွေ ဒီနေ့ခံစားနေရတဲ့ ဖိနှိပ်ခံရမှုတွေကို ပြောဆိုနေတာမရှိဘူး။ပြီးတော့ ILO က ဘာကြောင့်အရေးယူတာလဲဆိုတာထုတ်ဖော်ပြောဆိုတာ မရှိဘူး။အဓိက ILO အရေးယူတာက ပြဌာန်းချက်အမှတ် ၈၇ ရယ် ၂၉ ရယ်ပေါ့။အဓမ္မခိုင်းစေမှုတွေ ၊လွတ်လပ်စွာအသင်းဖွဲ့စည်းမှုတွေ လူ့အခွင့်အရေးအခြေခံအခွင့်ရေးတွေကိုချိုးဖောက်နေလို့ ဒါတွေကို မြန်မာနိုင်ငံကိုအရေးယူဖို့ဆုံးဖြတ်ချက်ချလိုက်တာ၊စစ်တပ်ကို အရေးယူဖို့ ဒီဆုံးဖြတ်ချက်ကိုချလိုက်တာဆိုတဲ့ အကြောင်းတရားကို ဘယ်သူမှ မပြောထားဘူး။မပြောထားပဲနဲ့ ပြည်သူတွေပဲထိခိုက်မယ်ပေါ့၊ဒါဆို ILO ကဒီအရေးယူမှုဘာလိုလုပ်လဲဆိုတော့သူ့မှာရည်ရွယ် ချက်ရှိတယ်။မြန်မာပြည်မှာ အလုပ်သမား အခွင့် အရေးပိုကောင်းအောင်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်ဖော်ဆောင်စေဖို့ဖြစ်တယ်။ဒီArticle 33ကိုဆုံးဖြတ်လိုက်တယ်ဆိုတာကစစ်တပ်သည်ဒီချိုးဖောက်မှုတွေကိုအမြန်ဆုံးပြု ပြင်ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို လေးစားလိုက်နာဖို့ သေချာအောင် သူတို့က ဖိအားပေးတဲ့နည်းနဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ဒီလိုအချက်တွေကို ဖော်ထုတ်မပြောဘဲနဲ့ ငါတို့လူတွေ ဒုက္ခရောက်တော့မှာပဲဆိုတာပဲပြောကြတယ်။ဒီနေ့ကာလတွေမှာ ကျွန်မတို့လုပ်သားထုတွေ ဒုက္ခမရောက်ကြလို့လား။ဒုက္ခရောက်နေတဲ့ ဖိနှိပ်မှုတွေ ချိုးဖောက်ခံနေရမှုတွေ မလိုရင်မလိုသလို စစ်တပ်ကို ခေါ်ပြီးဖမ်းခိုင်းတာတွေ လူမိုက်ငှားပြီးတော့ ခြိမ်းခြောက်တဲ့ ကိစ္စတွေ ဒါမျိုးတွေကိုဒီလူတွေဟာ တစ်စွန်းတစ်စမှ ထုတ်ဖော်မပြောတာမတွေ့ရဘူး။စစ်တပ်အကျိုးစီးပွားကာကွယ်ဖို့အတွက် သူတို့ကအလုပ် သမား တွေကို ဗန်းပြပြီး အလုပ်သမားထိခိုက်မယ်ဆိုတာကိုပဲဝါဒဖြန့်တယ်လို့ပဲပြောချင်တယ်။ဘယ်လိုရှောင်မှာလဲရှောင်လို့ရတယ်။အရေးယူခံရအောင်လုပ်တဲ့သူတွေကို အပြစ်ဖို့ကြတယ်။ဒါပေမယ့် စစ်တပ်က ပြုပြင်ပြောင်းလဲမှုလုပ်သင့်တယ်။အလုပ်ရှင်တွေဘက်က ILO ရဲ့ အကြံပြုချက်ကို ပြည့်မီအောင်လုပ်မယ်ဆိုပြီးတစ်ယောက်မှ မပြောဘူး။အနည်းဆုံး ဒါတွေကို လုပ်ပါ့မယ်ဆိုတဲ့ တစ်ခွန်းမှ မပြောဘဲ။ပြည်သူလူထုက ထိပြီးနေပြီလေ။၃ ဒသမ ၆သန်းကထွက်ပြေးတိမ်ရှောင်နေရတာလေ။လေးသိန်းခွဲလောက်ရှိပြီးထမင်းစားလို့မလောက်တဲ့ လုပ်သားထုကို အသုံးချနေတာ။

မေး- ILO ရဲ့ အရေးယူမှုကပြည်တွင်းအလုပ်သမားတွေ အပေါ် ဘယ်လိုသက်​ရောက်မှုရှိစေမလဲ။

ဖြေ-ဒီနေရာမှာတော့ အလုပ်သမားတွေကို မထိခိုက်နိုင်ဘူးလားလို့ပြောရင်တော့ ဒီကိစ္စကထိခိုက် လာကောင်းထိခိုက်မယ်။အဓိကက ဘာလို့လဲဆိုရင် ဘာကြောင့်ထိခိုက်မှာလည်းဆိုတော့ ILO ရဲ့ ဆုံးဖြတ်ချက်ထဲမှာပါတဲ့အဖွဲ့ဝင်နိုင်ငံတွေကို လုပ်ဆောင်ဖို့အတွက် ပြောထားတဲ့အထဲမှာပါတဲ့ နံပါတ် ဂ (အင်္ဂ လိပ် အက္ခရာ C )မှာဆိုရင်အဲဒါအရမ်းအရေးကြီးပါတယ်။ဘာလဲဆိုတော့ ILO အဖွဲ့ဝင်နိုင်ငံများသည်စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေမှုတွေကို ပြန်သုံးသပ်ပါဆိုပြီးပြောထားတယ်။အဲဒီတော့ ဘာကိုပြန်သုံးသပ်ရမလဲဆိုတော့ မြန်မာပြည်ထဲမှာဖြစ်နေတဲ့အလုပ်ရှင် အလုပ်သမားတွေရဲ့အခွင့်အရေးကို ကျင့်သုံးတဲ့အခါမှာ အန္တရာယ်တွေ ဖြစ်နေတယ်။အကြမ်းဖက်မှုတွေ ဖြစ်နေတယ်။ဒီဖိနှိပ်ခြိမ်းခြာက်မှုတွေ ဖြစ်နေတယ်၊အဲဒီလို မျိုးဖြစ်နေတဲ့ဟာတွေကို မြန်မာနိုင်ငံနဲ့ ပူး ပေါင်းဆောင်ရွက်တဲ့ဟာတွေ၊ဘယ်လိုမျိုးဆက် ဆံရေးကိုမဆိုသွားပြီးတော့ ပံပိုးသလိုဖြစ်နေသလား။ချိုးဖောက်မှုတွေ ဖြစ်အောင်ယ ဖန်တီးပေးနေသလား။ချိုးဖောက်နေတာတွေကို ပိုပြီးရေရှည်အောင်ပံ့ပိုးသလားဆိုတာ ပြန်သုံးသပ်ဖို့ ပြောထားတာ။ဥပမာအာဖြင့် ILO အဖွဲ့ဝင်နိုင်ငံတွေကနေ စီးပွားရေးသွားလုပ်နေတဲ့ ကုမ္ပဏီတွေ အထည်ချုပ်လုပ်ငန်းမှာဆို Brand တွေပေါ့ ။ဒီအမှတ်တံဆိပ်တွေက ပြန်သုံးသပ်ရမှာဖြစ်တယ်။သူတို့ရဲ့စီးပွားရေးလုပ်ဆောင်မှုတွေသည် စစ်တပ်နဲ့အတူချိုးဖောက်မှုတွေလုပ်နေသလား။အခုအထည်ချုပ်လုပ်ငန်းမှာဆို အဓမ္မခိုင်းစေမှုတွေအလွန်အကျူးကိုဖြစ်ပွားနေတာ။နောက်တစ်ခု စစ်တပ်ကိုစီးဆင်းတဲ့ရန်ပုံငွေကိစ္စမှာ ၂၀၂၃ နှစ်ကုန်မှာ အထည်ချုပ်ကဏ္ဍကနေ မြန်မာနိုင်ငံရရှိတဲ့ ငွေကဒေါ်လာဘီလီယံ ငါးဘီလီယံ ရှိတယ်။အဲဒီပိုက်ဆံတွေက တစ်ဒေါ်လာဝင်တိုင်း စစ်တပ်ကနေ ထိန်းချုပ်ထားတဲ့ ဘဏ်ကနေ ဖြတ်သန်းရတာဖြစ်သလို ငွေလဲ လှယ်နှုန်းတွေက တကယ့်စျေးကွက်မှာ ၄,၅၀၀ ဆို စစ်တပ်ဗဟိုဘဏ်က ၂,၁၀၀နဲ့ရောင်းတယ်။ဆိုတဲ့အခါ တစ်ဒေါ်လာစီးဆင်းတိုင်း စစ်တပ်က တစ်ဝက်ကျော်ကျော်ရတာ။အဲဒီကရတဲ့ငွေကိုစစ်တပ်သည် ပြည်သူအတွက် အကျိုးရှိစေမယ့် လုပ်ရပ် လုပ်တာ ကျွန်မတို့မမြင်ရဘူး။တစ်နိုင်ငံလုံးကို ပတ်ပြီး ဗုံးကြဲသတ်ဖြတ်နေတာတော့ကျွန်မတို့မြင်ရတယ်။အဲဒါကြောင့် ILO အဖွဲ့ဝင်နိုင်ငံများသည် ပြန်သုံးသပ်ကြတဲ့အခါ မှာ စီးပွားရေးလုပ်ငန်းရှင်တွေရောအစိုးရတွေရောသုံးသပ်မှာဖြစ်တယ်။စစ်တပ်ရဲ့သတ်ဖြတ်ဖမ်းဆီးမှုတွေကိုသွားသက်ရောက်စေတယ်လို့သူတို့ က တွေ့ရှိတယ်ဆိုရင် အခုလည်းတွေ့နေရတာပေါ့လေ။အဲဒီမှာသူတို့က ဆုံးဖြတ်ပြီးတော့မှ လုပ်ငန်း တွေ ရပ်လိုက်တာမျိုးတွေ ဖြစ်နိုင်တယ်။အစိုးရ ဘက်က ဆုံးဖြတ်ချက် ညွှန်ကြားချက်ထုတ်ပြီးတော့ဒီနိုင်ငံ(မြန်မာနိုင်ငံ)မှာသွားပြီး မင်းတို့လုပ်ငန်းလုပ်နေတာက မြန်မာပြည်မ၏ဖြစ်နေတဲ့ ပဋိပက္ခတွေ ညှင်းပန်းသတ်ဖြတ်မှုတွေ ပိုဖြစ်လာစေတယ်ဆိုပြီး တားမြစ်တာ ဖြစ်လာနိုင်တယ်။အဲဒီလိုမျိုးကြောင့် ပြည်တွင်းက ကုမ္ပဏီတွေ ဆုတ်ခွာသွားနိုင်တယ်။အဲဒီမှာ သူတို့ ဖွင့်ထားတဲ့ စက်ရုံက အလုပ်သမားတွေအလုပ်ပြုတ်သွားနိုင်တယ်။

မေး-အလုပ်သမားတွေ အလုပ်မပြုတ်စေဖို့ ရှောင်လွှဲလို့ရတာရှိမလား။

ဖြေ- ရှောင်လွှဲချင်ရင်ဘာလုပ်ရမလဲဆိုတော့ ILO က နေအကြံပြုထားတာရှိတယ်၊အလုပ်သမားတွေက သူတို့ရဲ့အခွင့်အရေးကိုထုတ်ဖော်ပြောတဲ့အခါ အန္တရာယ်မဖြစ်အောင်ခွင့်ပြုရမယ်။ပြဌာန်းချက်တွေကိုမချိုးဖောက်ရဘူး။ဥပမာအားဖြင့်ထိုက်သင့်တဲ့လုပ်ခလစာပေးရမယ်။အဓမ္မခိုင်းစေမှုမလုပ်ရဘူး။ကလေးအလုပ်သမားတွေမခိုင်းရဘူးရှိတယ်။အစရှိသဖြင့်ပေါ့ပြဌာန်းချက်ပေါင်းရာနဲ့ချီရှိတယ်။

ဒါတွေကို ကောင်းအောင် စစ်တပ်က လုပ်ပေးနိုင်တယ်ဆို ရှောင်လွှဲ နိုင်တယ်။ရှောင်လွှဲ နိုင်ပါလိမ့်မယ်။ဒါပေမယ့် ဒီနေ့လိုအချိန်ထိဘယ်လုပ်ငန်းက မှ အဲဒီလို လုပ်ပေးတာမတွေ့ရဘူး။ရှောင်လွှဲလို့ရမယ့်နည်းရှိတယ်။ရှောင်လွှဲချင်ရင်အလုပ်သမား အခွင့်အရေးပေးမှရမယ်။တကယ်လို့ ဆက်လက်ချိုးဖောက်မှုတွေ ဖြစ်ပွားနေပြီဆိုတဲ့အခါမှာတော့ ပြည်တွင်းက လုပ်ငန်းတွေကိုသက် ဆိုင်ရာ နိုင်ငံအစိုးရက တားဆီးလိုက်တာမျိုး ညွှန်ကြားချက်တွေထုတ်ပြီးတားလိုက်မယ် ဒါမှမဟုတ်ကုမ္ပဏီတွေက သူတို့ဘာသာသူတို့ဆုံးဖြတ်ထွက်ခွာသွားရင်အဲဒီလုပ်ငန်းမှာရှိတဲ့အလုပ်သမားတွေအလုပ်ပြုတ်မယ်။

မေး – နိုင်ငံတကာကုမ္ပဏီတွေ၊စက်ရုံတွေ ထွက်ခွာခဲ့ရင် နစ်နာမယ့် အလုပ်သမားတွေ အကျိုးဆက်ကို အမတို့ဘက်ကရော ပြင်ဆင်ထားတာရှိလား။

ဖြေ-ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်မတို့ ပြင်ထားတယ်၊သူတို့ကိုယ်သူတို့ သူတို့ ကျင့်ဝတ်နဲ့ ညီတယ်လို့ပြောနေတဲ့ Brandတွေသည်မြန်မာနိုင်ငံလို နေရာမျိုးမှာ လုပ်ငန်းလုပ်တဲ့အခါသူတို့ရေရှည်မလုပ်နိုင်ဘူးလို့ ကျွန်မတို့သိတယ်။ဘာကြောင့်လဲဆိုရင် သူတို့နိုင်ငံအစိုးရကနေကန့်သတ်တာရှိနိုင်သလို သူတို့ပစ္စည်းကိုဝယ်ယူအားပေးနေတဲ့Customersတွေကလည်း သူတို့ရဲ့ထုတ်ကုန်ကို Boycott လုပ်လာနိုင်တဲ့ စိုးရိမ်စရာအချက်တွေရှိလာမယ်။ထိခိုက်နိုင်မှုတွေရှိမယ်။အဲဒီအတွက်ကြောင့်မလို့သူတို့သည် ရေရှည် လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့ စက်မှုကုန်ထုတ်အဖွဲ့ချုပ် IWFM နဲ့ ကမ္ဘာလုံးဆိုင်ရာ စက်မှုအဖွဲ့ချုပ်ကနေ ပေါင်းပြီး brand ခြောက်ခုလောက်ကို၂၀၂၃နှစ်ဦးပိုင်းမှာသဘောတူခဲ့တာရှိတယ်။Responsible Exit Frameworkလို့ခေါ် တာပေါ့နော်။တကယ်လို့ ခင်ဗျားတို့ စက်ရုံ Brand တွေထွက်ခွာမယ်ဆိုရင်ဘယ်လိုပုံစံနဲ့ထွက်ခွာမလဲ ဆိုတဲ့လမ်းညွှန်ချက်ဖြစ်တယ်။ဘာလို့လဲဆို စက်ရုံတွေပိတ်ပြီး Brand တွေထွက်မယ်ဆို အလုပ်သမားတွေကဘာမှမသိရဘူး။ရုတ်တရက်ချည်း အထည်တွေက မရှိတော့ဘူး။အလုပ်တွေက ပြုတ်ကုန်တယ်၊ပြင်ဆင်ချိန်ဘာမှမရှိဘူး ဖြစ်ကုန်တယ်။လျော်ကြေးတွေမရဘူး။ဆိုတဲ့ပြဿနာ တွေ ဖြစ်ကုန်တယ်။အဲဒါမျိုူတွေ မဖြစ်အောင်ကျွန်မတို့က လမ်းညွှန်ချက်စာတမ်းကိုထုတ်ထားပြီးသား ရှိတယ်။နောက်တစ်ခုက brandတွေအနေနဲ့ အလုပ်သမားတွေကို ကူညီပေးချင်တယ် ပြောတယ်။အဲဒီတော့ သူတို့စီးပွား‌သူတို့စီးပွားရေးလုပ်ချင်းအားဖြင့်ကျွန်မတို့ ပြည်သူတွေကို ခိုင်မာတဲ့ အကူအညီဖြစ်စေလားဆိုတော့မဖြစ်ဘူး။စစ်တပ်ကိုဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေတွေသာဝင်လာတယ်။ကျွန်မတို့လုပ်သားတွေက ရတဲ့လစာနဲ့ မလောက်ငှ ကြဘူးဖြစ်နေတယ်။တစ်ရက် အလုပ်သမားတွေရတဲ့လစာ က နှစ်ဒေါ်လာမပြည့်ဘူး။ဒါကြောင့် မို့ Brand တွေထွက်ခွာတဲ့အခါတကယ်အလုပ်သမားတွေ ကိုကူညီချင်ရင် နှစ်ဒေါ်လာဖြစ်စေ၊သုံးဒေါ်လာဖြစ်စေ လစဥ်ပံ့ပိုးသွားလို့ရတယ်ဆိုတာ ပြောထားတယ်။ဒီ Brand တွေ အနေနဲ့က တစ်နှစ်တစ်နှစ်က ဒေါ်လာ မီလီယံ၊ဘီလီယံနဲ့ချီ အမြတ်အစွန်းတွေရနေကြတယ်။တကယ်သာပံ့ပိုးကူညီချင်တယ်ဆိုရင် အလုပ်သမားတစ်ယောက်ကို တစ်လ ကို သုံးဒေါ်လာပံ့ပိုးပေးဆိုရင်သူတို့သုံးလေးငါးနှစ်ကအနည်းဆုံးပံ့ပိုးပေးနိုင်တယ်။ဒါကလူသားချင်းစာနာထောက်ထားတဲ့အကူအညီလို့လည်း ခေါ်နိုင်တယ်ပေါ့နော်။ဒါမျိုးကို လုပ်ပေးပါဆိုပြီးကျွန်မတို့က တော့ဆွေးနွေးအကြံပြုထားတာရှိတယ်၊ဒါနဲ့ပတ်သက်ရင်သဘောတူညီမှုယူထားတာတော့ မရှိဘူး။brand တစ်ခုချင်းဆီကသူတို့ ဆုံးဖြတ်ပြီးတော့မှသူတို့ရဲ့အလုပ်သမားတွေကို ဘယ်လိုပုံစံနဲ့ပံ့ပိုးမလဲဆိုတာစဥ်စားရမယ့်ကိစ္စဖြစ်တယ်။

မေး- ILO ရဲ့ အရေးယူမှုက မြန်မာနိုင်ငံအပေါ် ဒါမှမဟုတ် စစ်အုပ်စုအပေါ် စနေပြီလို့ ပြောလို့ရလား။

ဖြေ- ဒါက အရမ်းအရေးကြီးပါတယ်။ILO က ဆုံး ဖြတ်ချက်ချလိုက်လို့ ကျွန်မတို့က ချက်ချင်းကြီး စစ်တပ်အပေါ်မှာအရေးယူနိုင်တဲ့ကိစ္စမဟုတ်သေးဘူး။ILO ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရမယ်။ဘယ်သူတွေကအကောင်အထည်ဖော်မှာလည်း ဆိုရင် ILO အဖွဲ့ဝင်နိုင်ငံတွေပေါ့။ILO အဖွဲ့ဝင်နိုင်ငံ ၁၈၇ နိုင်ငံရှိတယ်။ဒီနိုင်ငံတွေက အကောင် အထည်ဖော်ရမှာ ဖြစ်တယ်။အခုညီလာခံ ပြီးသွားတဲ့အချိန်မှာ အစိုးရတွေ၊ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးကြမယ်၊ဆွေးနွေးပြီးတဲ့အခါသူတို့သည် သူတို့နိုင်ငံထဲမှာရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်စပ်တာ တွေ ဆိုကြပါတော့ သံတမန်ရေးဆက်ဆံတာ၊ဖွံ့ဖြိုးရေးအတွက် အကူ အညီပေးနေတာတွေတာလား၊လူသားချင်းဆိုင်ရာ အကူအညီပေးတာတွေလား၊စီးပွားရေးဆိုင်ရာ ဆောင် ရွက်နေတာတွေလား ဘယ်လို ဆက်ဆံရေးကိုမဆို သူတို့ သုံးသပ်ကြတော့မယ်။ဆက်ဆံရေးများသည် စစ်တပ်ရဲ့ သတ်ဖြတ်ညှင်းပမ်းဖမ်းဆီးမှုတွေ ကို ဖန်တီးပေးရာရောက်တယ်။ILO ရဲ့ စံနှုန်းကို တိုက်ရိုက်ချိုးဖောက်ရာရောက်တယ် ။စစ်တပ်ကိုသွားပြီး ပံ့ပိုးပေးရာရောက်တယ်ဆိုရင် ဒါတွေကိုသူတို့ကရပ်ရမယ့်အနေအထားဖြစ်သွားလိမ့်မယ်။ဆိုတော့ ကျွန်မတို့အလုပ်ကဘာဖြစ်မလဲ ဆိုတော့ ဒီလိုအရေးယူမှု ကို မြန်မြန်လုပ်စေချင်တယ်။ဘာကြောင့်လဲဆိုရင် ILO ရဲ့ဆုံးဖြတ်ချက်သည် ကျွန်မတို့ ပြည်သူတွေ ဒုက္ခရောက်ဖို့မဟုတ်ဘူး။ပိုပြီးတော့ ကောင်းမွန်တဲ့အခြေအနေကို ရောက်လာဖို့အတွက် ဆောင်ရွက်တာ ဖြစ်တယ်။ဒါကြောင့်မလို့ ကျွန်မတို့ကတော့ အပြည်ပြည်ဆိုင်ရာမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေကို သူတို့အစိုးရတွေနဲ့ အမြန်ဆုံးတွေ့ပြီး အရေးယူနိုင်ဖို့လုပ်ပေးပါဆိုတာ ဆက်လက် လုပ်ဆောင်သွားရမယ်၊သက်ဆိုင်ရာအစိုးရတွေကတိုက်ရိုက်ဥပဒေ သော်လည်းကောင်းညွှန် ကြားချက်တွေသော်လည်းကောင်းထုတ်ပြန်ပြီးတော့ မြန်မာနိုင်ငံနဲ့ဆောင်ရွက်နေတဲ့ဟာတွေရပ်ပါ ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်အောင် ကျွန်မတို့ ဆက်ဆောင်ရွက်ရပါမယ်။အဲဒီလိုလုပ်လိုက်မယ်ဆိုစစ်တပ်ကိုလေယာဥ်ဆီရောင်းနေတဲ့ နိုင်ငံတွေ ဒီမိုကရေစီကို လေးစားလိုက်နာသော၊လူ့အခွင့်အရေးကို လေးစားလိုက်နာသောနိုင်ငံတွေ ဖြစ်တယ်ဆိုရင် ဒါတွေကို ရပ်လိုက်ပြီးသား ဖြစ်မယ်။နည်းပညာပိုင်းဆိုင်ရာ၊စက်ပစ္စည်းပိုင်းဆိုင်ရာ အကုန်လုံးရောင်းနေတာတွေရှိရင် ရပ်သွားမယ်။ရန်ပုံငွေစီးဆင်းမှုတွေရပ်တန့်သွားမယ်။

မေး-ဒါဆိုရင် ILO ရဲ့အရေးယူအတည်ပြုချက်ကို အဖွဲ့ဝင်နိုင်ငံတွေရဲ့လိုက်နာမှု ဒါမှမဟုတ်စစ်အုပ်စုအပေါ် အရေယူနေတာတွေက နောက်တစ်ကြိမ်အစည်း အဝေးမှ တိတိကျကျသိရမှာလား။

ဖြေ- နောက်လာမယ့်အစည်းအဝေးနိုဝင်ဘာမတိုင်ခင် ကျွန်မတို့က ILOအဖွဲ့ဝင်နိုင်ငံကအစိုးရတွေ လုပ်ငန်းရှင်တွေကို ILO ရဲ့ Article 33 ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဘာတွေပါတယ်ဆိုတာနဲ့ အရေးယူမှုလုပ်ပေးပါဆိုတာ ကျွန်မတို့စ ပြောရတော့မှာပေါ့နော်။ဒီနိုဝင်ဘာမတိုင်ခင်မှာ တချို့နိုင်ငံတွေကအရေးယူမှုလုပ်ပြီးသွားပြီဆိုတာမျိုး ဖြစ်ဖို့လိုတာပေါ့နော်။ဒါကကျွန်မတို့မျှော်လင့်ချက်ပါ။အဲဒါဆို ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေက အရေးယူထားတဲ့အခြေအနေတွေကိုပြန်ပြီးတော့ တင်ပြပါဆိုတာတော့ ရှိတယ်။လာမယ့် နိုဝင်ဘာမတိုင်ခင် ဒီတင်ပြချက်တွေက ILO ရဲ့ ညွှန်ကြားရေးမှူးချုပ်ဆီပို့ကြရမှာဖြစ်တယ်။ဒါကြောင့်မလို့ နိုဝင်ဘာ အစည်းအဝေးမတိုင်ခင် နိုင်ငံတွေရဲ့အရေးယူမှု ဖြစ်လာနိုင်တယ်။တကယ်လို့ အားနည်းတယ်ဆိုရင်လည်းကျွန်မတို့ကအစည်းအဝေးမှာ တိုက်တိုက်တွန်းတွန်းဆက်လုပ်ရမှာဖြစ်တယ်။

မေး- ILO ရဲ့ အရေးယူတဲ့ဆုံးဖြတ်ချက်အပေါ် ထိခိုက်မှု မရှိပါဘူးဆိုတဲ့ စစ်အုပ်စုဘက်ကတုံ့ပြန်တာကို တွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီး ဘာမှတ်ချက်ပေးလိုလဲ။

ဖြေ- စီးပွားရေးလုပ်ငန်းတွေကို မထိခိုက်နိုင်ဘူး။ဘာမှသက်ရောက်မှုမရှိတဲ့ပုံစံမျိုးရေးထားတယ်။သို့သော် သူတို့ရဲ့ ကျောထောက်နောက်ခံပါတီ ရဲ့ ဦးဆောင်သူတစ်ဦးကတောင်ဒီဟာကိုသူတို့သဘောမတူဘူး။ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၀ ခုနှစ်မှာ မြန်မာနိုင်ငံကို Article 33 နဲ့ အရေးယူခံရပြီးနောက်ပိုင်းမှာ အများကြီးထိခိုက်ခဲ့တယ်ဆိုတာသူတို့သိတယ်။ ILO ကအရေးယူယူ၊ ဘယ်လိုယူယူငါတို့က အရေးမစိုက်ဘူး။ဘာမှလည်း ဖြစ်လာမှမဟုတ်ဘူးဆိုပြီး စစ်တပ်ကဘယ်လိုပဲ ပြည်သူကို အယုံသွင်းတာ၊ဟန်ဆောင်တာတွေလုပ်လုပ် တကယ်တမ်းသူတို့(စစ်တပ်)ကအရမ်းကိုမှစိတ်ပူနေတယ်ဆိုတာ ကျွန်မတို့ ပြောလို့ရတယ်။Article 33 နဲ့ အရေးယူခံရတဲ့အချိန် ၂၀၀၀ ခုနှစ် နဲ့ ၂၀၀၁ မှာ ရှိခဲ့တဲ့စစ်တပ်ရဲ့အရာရှိတွေသူတို့ရဲ့ထောက်တိုင်တွေထဲမှာဒီအရေးယူမှုရဲ့ရိုက်ခတ်မှုကဘယ် လောက်ပြင်းထန်လဲ ဆိုတာ နားလည်တဲ့သူတွေရှိပါတယ်။သူတို့ဟန်ဆောင်နေကြတာပါ။

မေး- မြန်မာအရေးနဲ့ပတ်သက်ပြီး ILO က အခြားသော ဆုံးဖြတ်ချက်တွေကျန်နေသေးရင်လည်း ပြောပေးပါဦး။

ဖြေ- ILO ရဲ့ အခု မြန်မာနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်က ဆက်ဆံရေးတွေကို Review လုပ်ပါဆိုတာအပြင် အခြားသောဆုံးဖြတ်ချက်တွေပါသေးတယ်၊အဲဒါတွေက မြန်မာပြည်သူတွေနဲ့ အလုပ်သမားတွေအတွက် အရေးကြီးတဲ့အထဲပါတယ်။အဲဒါက ဘာလဲဆိုရင် ILO က သူ့အဖွဲ့ဝင်နိုင်ငံတွေကို ပြောထားတာရှိတယ်။ILO ရဲ့ အခြေခံဥပဒေကို ချိုးဖောက်တာရှိတယ်။ပြည်သူတွေရဲ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့ဟာကို ထုတ် ဖော် တိုင်ကြားလို့ရတဲ့ ယန္တရားတွေကို ဖော်ဆောင်ပေးပါ။အဲဒီလိုလုပ်နိုင်အောင်လည်း ပံ့ပိုးပါပေါ့နော်။ဒီစနစ်တွေ ဖော်ထုတ်ပါပြောထားတာရှိတယ်။နောက်တစ်ခုက စစ်တပ်ရဲ့ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျွန်မတို့ သာမန်ပြည်သူတွေအများအပြားက နိုင်ငံကနေ ထွက်ပြေးရတဲ့အနေအထားတွေရှိတယ်၊ကိုယ့်အခွင့်အရေးကို ကာကွယ်ရမယ့်ကိစ္စနဲ့ မတရားဖမ်းဆီးခံရမယ့်အသက်ဘေးကြောင့်ထွက်ပြေးလာတဲ့သူတွေရှိတယ်။အဲဒီလိုလူမျိုးတွေကိုတကယ့်လို့ကိုယ့်နိုင်ငံမှာ လက်ခံရရှိတယ်ဆိုရင် ILO ရဲ့အဖွဲ့ဝင်နိုင်ငံများအနေနဲ့ သူတို့ရဲ့အသက်ဘေးရှိတယ်။မျှော်လင့်လို့မရအောင်သူတို့(မြန်မာပြည်သူ)အပေါ် ထိခိုက်မှုများနိုင်တဲ့အခြေအနေတွေ ကို ထောက်ထားပြီးတော့မှ နိုင်ငံ တကာဥပဒေ တွေ အရ ခိုလှုံခွင့်ပေးကြဖို့နဲ့ကူညီကြဖို့ ပြောထားပါတယ်။အဲဒီအထဲမှာ ရွှေပြောင်းလုပ်သားတွေပါပါတယ်၊ရွှေပြောင်းလုပ်သားတွေသည် သက်သေခံ အချက်အလက်မရှိသော်လည်း မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်တာနဲ့ စစ်တပ်ကနေ စစ်သားစု ဆောင်းရေး ကို ပို့လိုက်တယ်။ဒီလိုလူတွေ များလာတယ်ပေါ့နော် အဲဒီလို ဒီလိုပြန်ပို့ခြင်းကရွှေ့ပြောင်းလုပ်သားတွေရဲ့ အသက်အန္တရာယ်ဘဝ လုံခြုံမှုတွေ ထိခိုက်တယ်။ဒါတွေကို အကာအကွယ်ပေးပေးပါဆိုပြီးပါတယ်။တအားအရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ပြောချင်တယ်။

မေး- ဘာများဖြည့်စွက်​ပြောချင်ပါ​သေးလဲ။

ဖြေ- အလုပ်သမားအခွင့်အရေးလိုပြောပေမယ့် ILO ကနေပြီး အရေးယူစုံစမ်းဖို့မတက်နိုင်တဲ့ ကိစ္စတွေ ရှိတယ်။ဥပမာ ကျွန်မတို့ အလုပ်သမားတွေ၊လယ်သမားတွေ ကို ဖမ်းဆီးသတ်ဖြတ်ခံ တာတွေကို ILO ပြ ဌာန်းချက်တွေထဲ ပါပေမယ့် Article 33 နဲ့ပဲ အရေးယူနိုင်တယ်။ခုံရုံးတင်ပြီး အရေးယူနိုင်တယ်ဆိုတဲ့ဟာမျိုးကျွန်မတို့ မဖြစ်နေဘူး။ဒါပေမယ့် ILO ရဲ့ညွှန်ကြားရေးမှူးချုပ်ကနေပြီး တိုက်ရိုက်ခံရတဲ့ အလုပ်သမားတွေ၊ပြည်သူတွေက ထုတ်ဖော်ပြောဆိုနိုင်အောင် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တုံးသွားစေမယ့် ပြစ်မှုမျိုးတွေကို ဖော်ထုတ်နေတဲ့ UN ကုလသမဂ္ဂရဲ့ အခြားသောအေဂျင်စီ တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပြောထားတယ်။ဆိုတော့ ဒီထဲမှာ ဒုက္ခသည်တွေနဲ့ပတ်သက်ရင်လည်း ကူညီထောက်ပံ့ပေးပါဆိုတာလည်း ညွန်ကြားရေးမှူးချုပ် လုပ်ပါဆိုပြီးပြောထားတာရှိတယ်။အချက် အလက်တွေကတော့အများကြီးပေါ့၊ပူးပေါင်းဆောင်ရွက်မှုသည်အရှေ့တောင်အာရှအဆင့် ဒေသဆိုင်ရာ အဆင့်ချိတ်ဆက်လုပ်ဆောင်ဖို့ ပြောထားတဲ့အတွက် ကြောင့်တကယ့်ကိုဒါကပူးပေါင်းပြီးတော့ အရေးယူမယ်။ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးမယ်ဆိုတာ တွေ့ရတယ်။ဒါကြောင့်မလို့ အလုပ်သမားပဲမဟုတ်ဘူး။အလုပ်ရှင်ဘဲမဟုတ်ဘူး မြန်မာပြည် ဒီမိုကရေစီအရေးအတွက်လုပ်နေတဲ့အဖွဲ့တွေ။မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့များသည် ILO ရဲ့ ဆုံးဖြတ်ချက်ကိုသေချာဖတ်သင့်ပါတယ်။ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားချင်အားဖြင့်တကယ့်အကူ အညီလိုနေတဲ့ ကျွန်မတို့ပြည်သူတွေကို အကူအညီများများပေးနိုင်တဲ့အနေအထားမျိုး။ရန်ပုံငွေတွေ ခွဲဝေပေးတဲ့ ကိစ္စမျိုး ဖြစ်နိုင်တယ်ဆိုတာ ကျွန််မ မျှဝေပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

စစ်​ဘေး​ရှောင်ပြည်သူ ​လေး​သောင်း​ကျော်အတွက်လူသားချင်းစာနာ​ထောက်ထားမှုအကူအညီများလိုအပ်​နေ​ကြောင်း IEC ထုတ်ပြန်

သတင်း

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အကြံအစည်မှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုက တရားခွင်မှာ ငြင်းဆန်သွားခဲ့ပါတယ်။