မောင်ငယ်လေးရေးသားသည်။
ဟိုးတစ်ချိန်က ရန်ကုန်ကို “အရှေ့တိုင်းရဲ့” (Pearl of East) လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ တချို့ကလည်း “အာရှတိုက်ရဲ့ပဲရစ်” (Paris of the East) လို့တောင်ညွှန်းခဲ့ကြပါသတဲ့။
နှစ်ကာလတွေ ကြာသွားတဲ့အခါ၊ ခေတ်စနစ်တွေအမျိုးမျိုးနဲ့ ဘေးအန္တရာယ်အသွယ်သွယ် တွေကို ဖြတ်သန်းပြီးတဲ့ အခါရန်ကုန်ဟာရန်ကုန်မဟုတ်တော့ပါဘူး။
တစ်ချိန်က နယ်ကပြည်သူတွေဝတ္ထုတွေ၊ရုပ်ရှင်တွေထဲကတစ်ဆင့် အရောက်လာဖို့စိတ်ကူးခဲ့တဲ့ ရန်ကုန်ဟာအတိတ်မှာကျန်ခဲ့ပြီ။ ရန်ကုန်ဆိုတာရုန်းကန်ရင်ဆိုင်ရခြင်း၊ မွန်းကြပ်လှောင်ပိတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေဆီကိုရွေ့လျားခဲ့တာကြာခဲ့ပါပြီ။

Public Service Announcement
အခုဇွန်လအတွင်းမှာ ကုသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme (UNDP) အဖွဲ့ကြီးက “ရန်ကုန်ကိုအထုပ်ဖြေပြခြင်း” (Urban Poverty: Unpacking Yangon) ဆိုတဲ့အစီရင်ခံစာတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ စာမျက်နှာ၄၄မျက်နှာရှိတဲ့ဒီအစီရင်ခံဟာရန်ကုန်နေ ပြည်သူ ၄,၈၀၀ကိုမေးမြန်းထားတဲ့ရလဒ်တွေနဲ့အခြာအစီရင်ခံစာတချို့ကို အခြေခံထားတာဖြစ်ပါတယ်။
အသက်ကိုပြင်းပြင်းရှူပြီးရင်သူတို့ဖြေပြတဲ့အထုပ်ထဲမှာဘာတွေရှိနေလဲကြည့်ကြရအောင်ပါ။ ၂၀၁၇ခုနှစ်မှာတုန်းကရန်ကုန်မြို့ပေါ်လူဦးရေရဲ့၁၇ ရာခိုင်နှုန်းဟာ “ဆင်းရဲမှု”ဆိုတဲ့သတ်မှတ်ချက်ထဲမှာ ရှိနေခဲ့ပေမယ့် ၂၀၂၃မှာတော့ ၄၃ရာခိုင်နှုန်းကိုရောက်လာခဲ့ပါပြီ၊အဓိပ္ပါယ်ကတော့ ရန်ကုန်မြို့ပေါ်နေ ပြည်သူတွေထဲကနှစ်ယောက်မှာတစ်ယောက်နီးနီးဟာဆင်းရဲနေတယ်ဆိုတာပါပဲ။
အရင်တုန်းက ဆင်းရဲတယ်လို့သတ်မှတ်ခံထားရတဲ့ပြည်သူတွေကတော့ “ဆင်းရဲမှုမျဉ်းရဲ့အောက်”(Below Poverty Line) ကိုကျရောက်သွားရပါပြီ။
ရန်ကုန်မြို့အစွန်ကဆင်ခြေဖုံးနေရာတွေကပိုဆိုးနေတာ တွေ့ရပါတယ်။နယ်ကနေရန်ကုန်ကို ရွှေ့ပြောင်း လာကြတဲ့ပြည်သူတွေကပိုရုန်းကန်နေကြရပါတယ်။ ဆင်ခြေဖုံးနေရာတွေက ရွှေ့ပြောင်းမိသားစုတွေ ကြားမှာ ၃၉ရာခိုင်နှုန်းဟာအဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေကြရပါတယ်။
ရွှေ့ပြောင်းလာသူတွေရဲ့ သုံးပုံတစ်ပုံဟာ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်မှာ ရန်ကုန်ကိုရောက်လာကြတာဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုကလည်းအင်မတန်စိုးရိမ်စရာအခြေအနေကိုရောက်နေတယ်လို့ အစီရင်ခံစာကမီးမောင်းထိုးပြပါတယ်။စစ်တမ်းကိုဖြေဆိုသူတွေရဲ့ ၄၅ရာခိုင်နှုန်းကကျန်းမာရေးကိစ္စဟာ တကယ်အာရုံစိုက်ရမယ့်ကိစ္စလို့ပြောကြပါတယ်။
ဖြေကြားသူတွေရဲ့၈၂ရာခိုင်နှုန်းဟာအစိုးရကျန်းမာရေးစောင့်ရှောက်မှုတွေကိုမယုံကြည်ကြတဲ့အတွက် ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှု တွေကိုပဲအားကိုးနေကြတယ်လို့ဆိုပါတယ်။စိတ်ပူစရာအကောင်းဆုံးကတော့အမျိုးသမီးများရဲ့ မျိုးဆက်ပွားဆိုင်ရာကျန်းမာရေးပဲဖြစ်ပါတယ်။
ပညာရေးကိုလည်းချန်ထားခဲ့လို့မရပါဘူး။ရန်ကုန်နဲ့အနီးတစ်ဝိုက်က ကလေးတွေနဲ့လူငယ်တွေအတွက် ပညာရေးဟာလက်လှမ်းမမီတဲ့ပြဿနာတစ်ခုဖြစ်လာနေပါတယ်။ အဆင်းရဲဆုံးမိသားစုတွေထဲက ကလေးတွေရဲ့ ၁၇ရာခိုင်နှုန်းကကျောင်းမတက်နိုင်ကြပါဘူး။
၃၇ရာခိုင်နှုန်းကတော့သူတို့ကလေး တွေဟာမိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရတယ်လို့ဆိုပါတယ်။ ၁၈ရာခိုင်နှုန်းက ကျောင်းစရိတ်မတတ်နိုင်ဘူးလို့ဆိုကြပါတယ်။ကျောင်းလခအတွက်မပူပင်ရပေမယ့် စာအုပ်၊ ဘောလ်ပင်၊မုန့်ဖိုး၊ကျောင်းအသွားအပြန်စရိတ်တွေကို မကျခံနိုင်တာပါ။ ၁၆ရာခိုင်နှုန်းကတော့ လုံခြုံရေးအရစိတ်မချရဘူးလို့ပြောပါတယ်။ တချို့ကျောင်းတွေ ဟာနယ်တွေကပြောင်းရွှေ့လာတဲ့မိသားစုတွေရဲ့ကလေးတွေကိုလက်မခံချင်ကြပါဘူး။
စီးပွားရေးမပြေလည်မှုနဲ့လုံခြုံရေးပြဿနာတွေဟာကလေးတွေနဲ့လူငယ်တွေကိုပညာရေးနဲ့ဝေးရာကိုဆွဲခေါ်နေခဲ့ပါပြီ။ လူငယ်တွေဟာပညာရေးထက် ပြည်ပထွက်ပြီးအလုပ်လုပ်ဖို့ကိုပဲဦးတည်နေကြရ ပါတယ်။
လုံခြုံရေးနဲ့ပက်သက်ရင်တော့ဆင်ခြေဖုံးနေရာတွေကအဆိုးဆုံးပါပဲ။ ဆင်ခြေဖုံးပြည်သူတွေရဲ့ ၄၄ရာခိုင်နှုန်းကညပိုင်းတစ်ဦးထဲ အပြင်ထွက်ရတာမလုံခြုံဘူးလို့ဆိုပါတယ်။
ရွှေ့ပြောင်အခြေချ လာသူတွေကြားမှာတော့ပိုဆိုးပါတယ်။၄၈ရာခိုင်နှုန်းကမလုံခြုံဘူးလို့ဆိုပါတယ်။ ရာဇဝတ်မှုနဲ့ အာဏာပိုင်တွေရဲ့နှိပ်စက်ကလူပြုမှုတွေကိုကြောက်နေကြပါတယ်။
ကျားမရေးရာကိုအခြေခံတဲ့အကြမ်းမှုတွေကလည်းတိုးပွားလာနေပါတယ်။ စစ်တမ်းကိုဖြေဆိုသူတွေရဲ့ ၃၃ရာခိုင်နှုန်းကသူတို့ ပတ်ဝန်းကျင်မှာ ဒီလိုအကြမ်းဖက်မှုတွေကို မြင်တွေ့နေရတယ်လို့ပြောပြကြပါတယ်။
တကယ်တော့ မြို့ပြချဲ့ထွင်လာခြင်းဟာ ၂၁ရာစုရဲ့အမှတ်လက္ခဏာတစ်ခုလို့ UNDPကဆိုပါတယ်။ ၂၀၅၀ခုနှစ်ကြရင် ကမ္ဘာ့လူဦးရေရဲ့ ၆၈ရာခိုင်နှုန်းဟာမြို့ပြတွေမှာနေကြလိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ မြို့ပြတွေလျင်လျင်မြန်မြန်ချဲ့ထွင်လာခြင်းဟာ ဖွံ့ဖြို့မှုနည်းပါးတဲ့နိုင်ငံတွေ အတွက်တော့ အတော်ကိုကြီးကျယ်တဲ့စိန်ခေါ်မှုပါပဲ။
ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရကမ္ဘာ့လူဦးရေထဲက ၁.၃ ဘီလျံဟာ ကျူးကျော်ရပ်ကွက်တွေမှာနေနေကြရပါတယ်။
ရန်ကုန်မှာတော့ဆင်းရဲမှုကိန်းဂဏန်းတိုင်းတာမှုအရလှိုင်သာယာဟာထိပ်ဆုံးမှာရှိနေပါတယ်။ လှိုင်သာယာကမိသားစုတွေရဲ့၄၈ရာခိုင်နှုန်းဟာ အဆင်းရဲဆုံးအခြေအနေတွေထဲမှာရှိနေပါတယ်။ ဒဂုံမြို့သစ် (ဆိပ်ကမ်း)က ၃၄ရာခိုင်နှုန်းနဲ့လိုက်လာပါတယ်။
ရန်ကုန်တစ်ခုလုံးကမိသားစုတွေရဲ့၂၆ရာခိုင်နှုန်းက ရွှေ့ပြောင်အခြေချလာတွေလို့ဆိုပါတယ်။ မိသားစုလေးစုမှာတစ်စုဟာနယ်ကရွှေ့လာတဲ့သူပဲဆိုကြပါစို့။ ရွှေ့ပြေင်းလာသူတွေထဲမှာ ဧရာဝတီတိုင်းက ၄၀ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီး၊ ပဲခူးနဲ့မန္တလေးက ၁၄ရာခိုင်နှုန်းစီနဲ့မကွေးက ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။
လှိုင်သာယာမှာတော့မိသားစုနှစ်စုမှာတစ်စုဟာနယ်ကပြောင်းရွှေ့လာတာပဲ ဖြစ်ပါတယ်။ လှိုင်သာယာ စက်မှုဇုံဟာဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းတို့ကလူငယ်တွေကို ဆွဲဆောင်ခေါ်ယူခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကလူငယ်တွေကိုသူတို့အိမ်တွေကနေနှင်ထုတ်လိုက်ပါတယ်။ ရန်ကုန်ကို အနယ်နယ်အရပ်ရပ်ကလူငယ်တွေရောက်လာပါတယ်။ဒါပေမယ့်သူတို့အားလုံးအလုပ်ရကြတာ မဟုတ်ပါဘူး။အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေကစစ်ကိုင်းမကွေးနဲ့ရခိုင်က လူငယ်တွေကို အလုပ်ရဖို့အင်မတန်ခက်ခဲစေပါတယ်။အလုပ်ရှင်တချို့ကအဲဒီပဠိပက္ခဒေသတွေက လူငယ်တွေကိုအလုပ်မခန့်ချင်ကြပါဘူး။
ရွှေ့ပြောင်းအခြေချလာတဲ့သူတွေရဲ့ ၅၉ရာခိုင်နှုန်းဟာအရင်ကသူတို့မလုပ်ဖူးတဲ့အလုပ်တွေကို လုပ်နေကြတာပါ။ ဒါကြောင့်သူတို့မှာလိုအပ်တာဟာကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေလို့ အများစုကဆိုပါတယ်။
ရန်ကုန်ကိုအထုပ်ဖြေကြည့်တာဟာကြက်သွန်ဥကိုအခွံနွှာကြည့်သလိုပါပဲ။ တစ်လွှာချင်းခွာကြည့် ပြီးတော့နောက်ဆုံးမှာတော့ဘာမှမရှိဘူးဆိုတဲ့အဖြေပဲထွက်လာခဲ့တာပါ။
ရန်ကုန်မှာပြန်ဆုံချင် ကြတယ်ဆိုရင်တော့ အတော်ပြန်လုပ်ရမယ့်အလုပ်တွေရှိနေပါတယ်။ အလုပ်တွေကစောင့်နေပါတယ်။ တစ်စချင်းတစ်စိတ်ပိုင်းချင်းပြန်ထုဆစ်ကြရပါလိမ့်မယ်။ ။
