၅၅၉ရေးသားသည်။
လူ့အဖွဲ့အစည်းထဲမှာ အာဏာကိုလွယ်လွယ်ရဖို့နဲ့ ရတဲ့အာဏာကိုကြာကြာဆုပ်ကိုင်ထားဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကလူအများစု ကြောက်တဲ့၊မုန်းတဲ့အုပ်စုတစ်စုကိုဖန်တီး၊ သူတို့ကို နှိပ်ကွပ်ပြပြီးလက်ခုပ်သံကိုချူဖို့ပါပဲ။
နိုင်ငံတကာမှာလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီကိုစောင့်ကြည်တဲ့အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ Freedom House ကတော့အာဏာရှင်ကိုရှာချင်ရင် ပြဿနာအရှာခံရတဲ့အပြစ်မဲ့အုပ်စု (Scapegoat) နောက်ကို လိုက်ကြည့်ပါလို့ဆိုပါတယ်။
ဒီလိုနည်းနဲ့အာဏာရှင်တွေဟာရာထူးနေရာကိုခေတ်အဆက်ဆက်ဆုပ်ကိုင်မိကြပေမယ့် အပြစ်ရှာ ခံရတဲ့အုပ်စုတွေနဲ့ နိုင်ငံမှာတော့ကြီးကျယ်တဲ့နစ်နာမှုတွေဖြစ်ခဲ့ကြရပါတယ်။

Public Service Announcement
ဂျာမဏီမှာ ဟစ်တလာက ဂျူးတွေနဲ့ကွန်မြူနစ်တွေကိုလက်ညှိုးထိုးပြပါတယ်။ဒုတိယကမ္ဘာစစ်နဲ့ နိုင်ငံခြားသားမုန်းတီးရေးဝါဒရဲ့ဒါဏ်ကိုဂျာမဏီဟာခုထိခံစားနေရတုန်းပါ။
ဆိုဗီယက်ကွန်မြူနစ်တွေက မြေယာပိုင်ရှင်တွေကိုအပြစ်တင်ပါတယ်။ ရလဒ်က နိုင်ငံ့စီးပွားရေးတစ်ခုလုံးပြိုလဲပြီး ဗဟိုဦးစီးစနစ် အောက်မှာပြည်သူတွေငတ်ပြတ်ခဲ့ကြရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဥက္ကဌကြီးမော်စီတုံးက ပညာတတ်တွေကဖေါက်ပြန်ရေးသမားတွေလို့ဆိုပြီး ယဉ်ကျေးမှုတော်လှန်ရေးကို၁၀ နှစ်လောက်ဆင်နွှဲလိုက်တာတစ်နိုင်ငံလုံးအလုပ်ကောင်းကောင်းမလုပ် နိုင်ပဲ”သာခွေယိုင်”ဖြစ်ခဲ့ပါတယ်။
ကမ္ဘောဒီးယားကတရုတ်သံယောင်လိုက်ပြီး လူသတ်လိုက်တာ ပညာတတ်တွေနဲ့သာမန်ပြည်သူတွေ ၂ သန်းနီးနီးလောက်သေဆုံးကြရပါတယ်။အဲဒီအချိန်နိုင်ငံလူဦးရေရဲ့၂၅ ရာခိုင်နှုန်းဖြစ်ပါတယ်။
မြန်မာကလည်း ၁၉၆၂မှာဗိုလ်ချုပ်ကြီးနေဝင်းတက်လာပြီး စီးပွားရေးကိုနိုင်ငံတော်ပိုင်ပြုလုပ်ရုံမက နိုင်ငံခြားသားမုန်းတီးရေးဝါဒကိုရှေ့တန်းတင်ပြီးအုပ်ချုပ်လိုက်တာ မြန်မာတရုတ်များနဲ့ မြန်မာအိန္ဒိယ အနွယ်ဝင်များသိန်းနဲ့ချီပြီးနိုင်ငံကိုစွန့်ခွါသွားလို့နိုင်ငံ့စီးပွားရေးနာလန်မထူတော့တာဆယ်စုနှစ်များစွာချီခဲ့ပါတယ်။
အခုတော့ဒေါ်နယ်ထရန့်အစိုးရဟာမရိုးနိုင်တဲ့နိုင်ငံခြားသားမုန်းတီးရေးဝါဒကိုအသုံချပြီးအာဏာကိုတည်ဆောက်နေတာဟာနိုင်ငံရဲ့အရင်းအမြစ်တွေကိုဖြုန်းတီးပစ်နေတာပါပဲ။ ဟားဗတ်လိုထိပ်တန်း တက္ကသိုလ်တွေကို တရုတ်ကွန်မြူနစ်ပါတီအတွက်အလုပ်လုပ်ပေးနေတယ်လို့ စွပ်စွဲပြီးတရုတ် အပါအဝင်နိုင်ငံခြားသားကျောင်းသားတွေကိုပြန်ပို့ဖို့ကြိုစားနေပါတယ်။
ဒီလုပ်ရပ်ရဲ့ဒါဏ်ချက်ကိုအမေရိကန်ပဲခံစားရမှာပါ။ကိုယ့်နိုင်ငံအတွက်အင်မတန်တန်ဖိုးရှိတဲ့လူတစ်ယောက်ကို ပြည်တွင်းကနှင်ထုတ်လိုက်လို့တိုင်းပြည်ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာကိုဆွေးနွေးပါမယ်။
တရုတ်နိုင်ငံကအင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်တဲ့ ကျန်ရှယ်စင်း (Qiang Xuesen)ဟာ၁၉၃၅ ခုနှစ်မှာ အမေရိကန်နိုင်ငံကအထင်ကရတက္ကသိုလ်တစ်ခုဖြစ်တဲ့ Massachusetts Institute of Technology (MIT)မှာစကောလားရှစ်နဲ့ကျောင်းလာတက်ပါတယ်။ လေကြောင်းဆိုင်ရာအင်ဂျင်နီယာပညာနဲ့ မာစတာဘွဲ့ကိုရပြီးဒုံးပျံသိပ္ပံပညာရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာလေကြောင်းပညာနဲ့ ပီအိတ်ချ်ဒီ ဒေါက်တာဘွဲ့ကိုရပါတယ်။
ကျန်ရှယ်စင်းကအမေရိကန်ပြည်ထောင်စုရဲပထမဆုံးပဲ့ထိန်းဒုံးကျည်ကိုထုတ်လုပ်နိုင်ဖို့ ဖန်တီးပေးခဲ့ပါတယ်။အမေရိကန်လေတပ်မှာဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ထိပ်တန်းလျို့ဝှက်ချက်ပရောဂျက်ဖြစ်တဲ့မန်ဟတ်တန် ပရောဂျက် (Manhattan Project)မှာ ရုပဗေဒပညာရှင်ဂျေရောဘတ်အိုပင်ဟိုင်းမားနဲ့အတူပါဝင်ခဲ့ပါတယ်။
ဂျာမန်တွေထက်စောပြီးအနုမြူဗုံးကို ထုတ်လုပ်ဖို့ ကြိုးစားခဲ့ကြတာပါ။သူ့အိပ်မက်ကအမေရိကန်နိုင်ငံရဲ့ပထမဆုံးအာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။နောင်တစ်ချိန်မှာအာကာသလွန်းပျံယာဉ် (Space Shuttle) ဖြစ်လာမယ့်ပုံစံကိုဒီဇိုင်းဆွဲခဲ့ပါတယ်။ ၁၉၄၉မှာတစ်ချိန်မှာနာဆာ (NASA)အဖွဲ့လိုဖြစ်လာမယ့်အစုအဖွဲ့ကိုသူဦးဆောင်ခဲ့ပါတယ်။
ပြဿနာကဒုတိယကမ္ဘာစစ်အပြီးမှာဩဇာအာဏာကိုမက်မောတဲ့အမေရိကန်အထက် လွှတ်တော် အမတ်ဂျိုးဇက်မက်ကာသီကစတင်ခဲ့တာပါ။ အမေရိကန်ဦးဆောင်တဲ့နိုင်ငံများနဲ့ ဆိုဗီယက်ပြည်ထောင်စုဦးဆောင်တဲ့ကွန်မြူနစ်နိုင်ငံတွေရဲ့စစ်အေးတိုက်ပွဲအရှိန်မြင့်လာတာကိုလက်ညှိုးထိုပြပြီး သူ့ဩဇာကိုချဲ့ထွင်ခဲ့တာပါ။
ကွန်မြူနစ်တစ္ဆေနဲ့ အမေရိကန်လူ့အဖွဲ့အစည်းကိုခြောက်လှန့်ပြီးသူ့ဩဇာကိုထူထောင်ခဲ့ပါတယ်။ “မက်ကာသီဝါဒ”လို့နောင်တစ်ချိန်မှာတွင်လာမယ့်ဒီလှုပ်ရှားမှာနိုင်ငံရေးသမား၊အနုပညာရှင်၊သတင်းစာဆရာ၊သိပ္ပံပညာရှင်၊စာရေးဆရာနဲ့နိုင်ငံ့ဝန်ထမ်းအများအပြားကို ကွန်မြူနစ်ဘက်တော်သား လို့စွပ်စွဲပြီးနှိပ်ကွပ်ခဲ့ပါတယ်။
ဖမ်းဆီးထောင်ချတာ၊ပြည်နှင်ဒဏ်ပေးတာ၊နေအိမ်အကျယ်ချုပ်ဖမ်းဆီးတာ၊ ရာထူးကထုတ်ပယ်တာ တွေအများကြီးဖြစ်ခဲ့ပါတယ်။မက်ကာသီလှုပ်ရှားမှုရဲ့ စွပ်စွဲမှုကိုခံခဲ့ကြရသူတွေထဲမှာ ရူပဗေဒပညာရှင်ဖြစ်တဲ့အဲလ်ဘတ် အိုင်းစတိုင်း၊မန်ဟတ်တန်ပရောဂျက်ခေါင်းဆောင် ရောဘတ်အိုပင်ဟိုင်းမား၊ ရုပ်ရှင်ပညာရှင်ချာလီချက်ပလင်၊ နိုဘယ်လ်စာပေဆုရှင်စာရေးဆရာသောမတ်စ်မန်း၊ စာရေးဆရာ အာသာမေလာ နဲ့ဒုံးပျံပညာရှင် ကျန်ရှယ်စင်းတို့အပါအဝင်ပညာရှင်ပေါင်းမြောက်များစွာ ပါဝင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ဒုံးပျံသိပ္ပံပညာအတွက်တီထွင်မှုတွေအများကြီးလုပ်ပေးခဲ့တဲ့ဒေါက်တာကျန်ရှယ်စင်းဟာသူ့နေအိမ်မှာနေရင်းသူ့ဇနီးနဲ့သူ့သားလေးရှေ့မှာလက်ထိပ်နဲ့အဖမ်းခံခဲ့ရပါတယ်။ ရောဘတ်အိုပင်ဟိုင်းမားအပါအဝင် သူ့ရဲ့လုပ်ဖေါ် ကိုင်ဖက်ပညာရှင်တွေကဘယ်လောက်ပဲသူ့ဖက်ကလျှောက်လှဲကြပေမယ့်၊ နေအိမ်အကျယ်ချုပ်နဲ့ ၅နှစ်ကြာနေပြီးတဲ့နောက်မှာ တရုတ်နိုင်ငံကို ၁၉၅၅ ခုနှစ်မှာ ပြန်ပို့ခံခဲ့ရပါတယ်။
ကိုရီးယာစစ်ပွဲအတွင်းမှာအဖမ်းခံခဲ့ကြရတဲ့အမေရိကန်တပ်သားတွေနဲ့အလဲအလှယ်လုပ်တဲ့အစီအစဉ်အရသူ့ကိုတရုတ်ကိုပြန်ပို့ခဲ့တာပါ။ ဒေါက်တာကျန်ကိုကောင်းကောင်းသိတဲ့အမေရိကန်ရေတပ်ဝန်ကြီးဒန်ကင်ဘောလ်က “ဒီနိုင်ငံ (အမေရိကန်)လုပ်ခဲ့သမျှထဲမှာအမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲ”လို့ မှတ်ချက်ချ ပါတယ်။
တရုတ်နဲ့အမေရိကန် အကျဉ်းသားတွေအပြန်အလှန်လဲလှယ်တဲ့အစီအစဉ်နဲ့ပက်သက်ပြီးအဲဒီအချိန်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက “ကျန်ရှယ်စင်းကိုရလိုက်တာနဲ့တင် တန်သွားပါပြီ”လို့ ဆိုပါတယ်။
တရုတ်အစိုးရဟာ ချက်ချင်းပဲဒုံးပျံနဲ့အာကာသပရောဂျက်တွေကိုသူ့လက်ထဲကိုအပ်လိုက်ပါတော့တယ်။ နောင်တစ်ချိန်မှာသူ့ကို တရုတ်နိုင်ငံဒုံးပျံပညာရဲ့ဖခင် (Father of Chinese Rocketry) လို့ခေါ်ကြပါတယ်။ တရုတ်နိုင်ငံရဲ့နျူကလီးယာစီမံကိန်းကိုလည်းဦးစီးခဲ့ရပါတယ်။အမေရိကန်ရဲ့ မိုက်မဲမှုဟာတရုတ်ရဲ့အားသာချက်ဖြစ်သွားခဲ့ပါတယ်။
ကျန်ရှယ်စင်းမရှိတော့တာကြောင့်အမေရိကန်ဟာအာကာသပညာမှာဆိုဗီယက်ထက်နောက်ကျခဲ့ရ တယ်လို့သူ့လုပ်ဖေါ်ကိုင်ဖက်တွေကဆိုကြပါတယ်။ ဒေါက်တာကျန်ဟာအဲဒီအချိန်ကစပြီး အမေရိကန်ကိုဘယ်တော့မှခြေပြန်မချတော့ပါဘူး။
အခုတော့အမေရိကန်မှာ ၂၁ ရာစုဂျိုးဇက်မက်ကာသီဟာဒေါ်နယ်ထရန့်ဆိုတဲ့အမည်နဲ့ သမ္မတလုပ်နေ ပါပြီ။ တက္ကသိုလ်အသီးသီးကနိုင်ငံတကာကျောင်းသားတွေကိုအတင်းအကြပ်ပြန်ပို့ဖို့လုပ်နေပါတယ်။ သူဆုပ်ကိုင်ထားတဲ့အာဏာအတွက် ပေးဆပ်ရမယ့်ဒဏ်ချက်ကို တိုင်းပြည် ကခံစားရမှာဖြစ်ပါတယ်။
တရုတ်အစိုးရနဲ့အာဏာရှင်စနစ်ကိုဆန့်ကျင်လို့ရပါတယ်။ တရုတ်ပြည်သူတွေကိုတော့မုန်းတီးလို့ မရပါဘူး။အမုန်းတရားနဲ့အမုန်းစကားတွေကိုကြားရင်အနားမှာမသမာသူတစ်ဦးဦးရှိနေတယ်ဆိုတာကိုသတိရကြဖို့ဥပမာတစ်ခုဖြစ်ပါတယ်။ ။
