အီရန်သာ ခေါင်းမာပြီး ယူရေနီယမ် သန့်စင်မှုတွေ ပြန်စရင် အမေရိကန်က နောက်တစ်ကြိမ် ဗုံးကြဲဖို့ စဉ်းစားမယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။
အခုလထဲမှာ အီရန်နဲ့ အစ္စရေးကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခ အတောအတွင်း အမေရိကန်ဟာ အစ္စရေးဖက်က ပါဝင်ကူညီပြီး အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှု အဓိက စခန်းကြီး ၃ ခုကို ဗုံးကြဲခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပေမယ့် အီရန်ကတော့ အပျက်အစီး အဲဒီလောက် မများဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အီရန် အစိုးရအဖွဲ့ ခေါင်းဆောင် အဓိပတိကြီး အယာတိုလာ အလီ ခါမေနီက အီရန်ဟာ ကာတာနိုင်ငံမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ရင်း အမေရိကန်ကို ပါးဖြတ်ရိုက်လိုက်သလို အထိနာစေခဲ့တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
ဇွန်လ ၂၇ ရက်နေ့မှာတော့ ထရမ့်က သူချမ်းသာပေးလိုက်လို့သာ ခါမေနီ အသက်ရှင်နေတာလို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ ခါမေနီရဲ့ နိုင်ငံက ပြုတ်ပြုတ်ပြုန်းနေပြီ ဖြစ်ကြောင်း၊ ခါမေနီရဲ့ ဆိုးယုတ်တဲ့ နျူကလီးယား စခန်း ၃ ခုလည်း ဖျက်ဆီး ချေမှုန်းတာ ခံခဲ့ရကြောင်း၊ ခါမေနီ ဘယ်မှာ ပုန်းနေသလဲ ဆိုတာကိုလည်း သိရှိထားပေမယ့် အစ္စရေးကိုရော၊ ကမ္ဘာပေါ်မှာ အခမ်းနားဆုံး၊ စွမ်းအင် အထက်မြက်ဆုံးဖြစ်တဲ့ အမေရိကန် စစ်တပ်ကိုပါ ခါမေနီရဲ့ အသက်ကို မထိပါးဖို့ သူက တားခဲ့တာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ ခါမေနီကို အင်မတန် အရုပ်ဆိုးပြီး အရှက်တကွဲဖြစ်မယ့် မရှုမလှ သေခြင်းမျိုးကနေ သူကယ်ခဲ့တာလို့လည်း ထရမ့်က မှတ်ချက်ပေးထားပါတယ်။

Public Service Announcement
ထရမ့်က သူဟာ အီရန်အနေနဲ့ မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထူနိုင်အောင် ကူညီဖို့အတွက် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလိုက်ဖို့ စီစဉ်နေခဲ့ပေမယ့် အခုတော့ ခါမေနီဆီက ကြေညာချက်ကို မြင်ပြီး အဲဒီ စိတ်ကူးကို စွန့်လွှတ်လိုက်ပြီလို့လည်း ထရမ့်က ဆိုပါတယ်။
သူ့ကို ဦးတည်ထားတဲ့ ကြေညာချက်ဟာ ဒေါသ၊ အမုန်းတရား၊ စက်ဆုပ်မှုတွေ ပြည့်လွှမ်းနေခဲ့ကြောင်း၊ ဒီတော့ သူကလည်း အရေးယူ ပိတ်ဆို့မှုတွေကို လျှော့ချဖို့နဲ့ တခြားလုပ်ဆောင်ချက်တွေကို ချက်ချင်း ရပ်နားလိုက်ကြောင်း ထရမ့်က ပြောပါတယ်။
ဒါ့အပြင် အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ အမေရိကန်ဟာ လိုအပ်လာရင် အီရန်ကို နောက်တစ်ခါ ဗုံးကြဲဖို့ ဖြစ်လာနိုင်တယ်လို့ သတိပေးသွားပါတယ်။ အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုဟာ အန္တရာယ် ရှိလောက်တဲ့ အခြေအနေမျိုး ဖြစ်လာရင် နောက်ထပ် ဗုံးကြဲဦးမလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က လိုအပ်တဲ့ အဆင့်လို့ သူယူဆရင် သေချာပေါက် တုံ့ဆိုင်းမနေဘဲ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။
သူက ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)နဲ့ တခြား ယုံကြည် စိတ်ချရတဲ့ အဖွဲ့အစည်းတွေက အမေရိကန် ဗုံးကြဲတာ ခံခဲ့ရတဲ့ အီရန် နျူကလီးယား ဌာနတွေကို ဝင်ရောက် စစ်ဆေးခွင့်ရဖို့ လိုလားကြောင်းလည်း ပြောပါတယ်။ တစ်ဖက်မှာတော့ အီရန်က IAEAနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေကို ဆိုင်းငံ့ထားမယ်လို့ ကြေညာထားပါတယ်။
IAEA အကြီးအကဲ ရာဖေးလ် ဂရော့စီက အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှု အခြေအနေတွေကို ပြန်လည် အကဲဖြတ် လေ့လာနိုင်ရေးက သူ့ရဲ့ ဦးစားပေး ရည်မှန်းချက် ဖြစ်တယ်လို့ ပြောထားပါတယ်။ အီရန်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့နောက်ပိုင်း IAEA ပညာရှင်တွေဟာ အီရန်မှာ အဲဒီလို စစ်ဆေးမှုတွေ ထပ်မံ လုပ်ဆောင်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
ကိုးကား: Reuters
