close
Connect with us

Hi, what are you looking for?

သတင်း

စစ်ရှုံးနေသည့်စစ်ကောင်စီကစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရန် ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီး အတုအယောင်ရွေးကောက်ပွဲ လုပ်ရန် ကြိုးပမ်းနေဟု PNFC ဥက္ကဋ္ဌပြော

အာဏာသိမ်းစစ်ကောင်စီပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးဖိုရမ်ဆိုသည်မှာစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရန်ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီးတရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုသာဖြစ်ကြောင်းပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောကြားသည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို စစ်တပ်ကို ခုခံတိုက်ခိုက်​နေသည့် PNLA တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့

ဇွန်-၃၀၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးဖိုရမ်ဆိုသည်မှာစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရန်ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီးတရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုသာဖြစ်ကြောင်းပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောကြားသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ရွေကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုထားသကဲ့သို့ ဇွန်လ ၂၅ရက်မှ ၂၇ရက်ထိနေပြည်တော်၌ ကျင်းပခဲ့သော စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိုရမ်တွင်လည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အလေးပေးပြောဆိုခဲ့ကြသည်။

“ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီးတော့တရားမဝင် အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းတာဖြစ်တယ်။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာဖြစ်တယ်။ ပါဝင်ပတ်သက်တဲ့သူတွေကလည်း ဒီကိစ္စကို သိသိကြီးနဲ့၀ိုင်းလုပ်ကြတာ။ အဓိကက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့လုပ်တာဖြစ်တယ်။ အဲဒါကို ဝိုင်းလုပ်နေကြတယ်။ အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ့ဗျာ အဓိက စစ်အာဏာရှင် စနစ် ထပ်ပြီးသက်ဆိုးရှည်သွားအောင်၊ အခုဖြစ်နေတဲ့ စစ်ကောင်စီက စစ်မျက်နှာပေါင်းစုံမှာ ရှုံးသထက်ရှုံးလာတဲ့အခါကျတော့ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီး လုပ်တာပေါ့” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေး၊ နိုင်ငံရေးအဘက်ဘက်ကအထိနာနေသည့် စစ်ကောင်စီ က ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါက်ရှာရန် ကြိုးပမ်းလျက်ရှိသကဲ့သို့ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသူများကလည်း ရွေးကောက်ပွဲ ကျင်းပမှ ဖြစ်မည်ဆိုသည့် လေသံများကို ဇွန် နောက်ဆုံးပတ်၌ ကျင်းပခဲ့သည့် စစ်ကောင်စီ၏ နေပြည်တော်ငြိမ်းချမ်းရေး ဖိုရမ်တွင်ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည့် အခြေအနေအပေါ် တော်လှန်ရေးအင်အားစုများက ပြင်းပြင်းထန်ထန်​ဝေဖန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်ကောင်စီနှင့် ပူးပေါင်းနေသူများက ရွေးကောက်ပွဲ လုပ်ရန် ပြောဆို​နေသူများအ​ပေါ် “ဒါကလည်း ဖောက်ပြန်တဲ့သူတွေပဲ ပြောနေတာ အများစု တွေ့နေရတယ်လေ” ဟုပြောသည်။ရွေးကောက်ပွဲကို တဇွတ်တိုး လုပ်ဆောင်ပါက ရလဒ်အဆိုးသာကြုံရမည်ဟု KNU ​ပြော​ရေးဆိုခွင့်ရှိသူက သတိပေးသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ လိုသည်ဆိုသည်မှာ နိုင်ငံရေး၌ စစ်တပ်တရားဝင် ရပ်တည်နိုင်ရေး၊ အမြဲတမ်း အာဏာရရှိရေး ကြိုးပမ်းမှုသာဖြစ်​ကြောင်းပြောသည်။

စစ်တပ်၏သဘောထားကိုသိလျက်သံယောင်လိုက်နေသူများသည် ကိုယ်ကျိုးအတွက် လုပ်ဆောင်နေသူများဖြစ်ပြီး စစ်ကောင်စီ အာဏာရရှိရေး ပံ့ပိုးနေသူများဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောကြားထားသည်။

ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲအရေးကြီးကြောင်း၊ အသွင်ကူးပြောင်းရေးအတွက် ရွေးကောက်ပွဲလိုအပ်ကြောင်း၊ အရပ်သား အစိုးရ ဖြစ်ရန် ရွေးကောက်ပွဲလိုအပ်ကြောင်း စသည်တို့ကို စစ်ကောင်စီ၏ငြိမ်းချမ်းရေးဖိုရမ်တက်ရောက်လာသူများက ပြောဆိုခဲ့ကြသည်ကိုတွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းနေသည့် ရွေးကောက်ပွဲ အတွက် ပူးပေါင်းဆောင်ရွက်နေသူများ၏ လုပ်ရပ်သည်လက်ခံနိုင်စရာ မရှိသည့် လုပ်ရပ်များဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောကြားသည်။

“စစ်ကောင်စီနဲ့ပေါင်းပြီး ရွေးကောက်ပွဲ လုပ်ဖို့ ကြံနေတဲ့ အကြံသမားတစုဟာလည်းပဲ ပြောမယ်ဆိုရင် ပုလင်းတူဗူးစို့တွေ။ အဲဒီကောင်တွေအားလုံးက လူထုလက်ခံယုံကြည်ဖို့အတွက်ဘာတွေလုပ်ပြီးပြီလဲ။ဘာမှ မလုပ်ဘဲနဲ့ အခါအခွင့်သင့်ရင် ထထအော်နေတဲ့ကောင်တွေလောက်တော့ ကျနော်တို့လည်း လက်ခံနိုင်စရာ အကြောင်းမရှိဘူး” ဟု ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောကြားသည်။

ရွေးကောက်ပွဲလုပ်သင့်သည်ဆိုသူများသည် လူထု လက်ခံသူများ မဟုတ်၊ လူထုအတွက် ငြိမ်းချမ်းရေးလိုလားသူများမဟုတ်သည်ကို အားလုံးအသိပင်ဖြစ်ဟု ၎င်းကဆိုသည်။

“အဲဒီကောင်တွေပြောတဲ့စကားတော့ ယုံကြည်စရာအကြောင်းလည်း မရှိသလိုကျနောတို့အနေနဲ့ အယုံအကြည်လည်းမရှိပါဘူး” ဟု ရဲဘော် စောဒါးကိုကဆက်ပြောသည်။

တော်လှန်ရေးလှုပ်ရှားမှုများတွင်ပါဝင်နေသည့် ကလိုစေးထူးကလည်း “ဟိုကဒီကလွင့်လာပျံ့လာတဲ့ ဗွီဒီယိုတွေကတဆင့် ဦးကိုကိုကြီးနဲ့ဒေါ်စန္ဒာမင်းတို့နှစ်ယောက်ရဲ့ပြောစကားတွေကိုနားထောင်ရတယ်။ စက်ဆုပ်ရွံရှာခြင်းဆိုတဲ့ ခံစားချက်တမုဟုတ်ချင်းကို ဖြစ်ပါတယ်။ အနာဂတ် နိုင်ငံရေးမှာ စစ်တပ်က ဦးဆောင်တဲ့ အခန်းကဏ္ဏကနေ ပါနေရမှာကို လက်မခံလိုမဖြစ်ဘူး၊ အဲဒီလို လက်မခံရင် အာဏာသိမ်း သက်တမ်းတွေတိုးနေတာကိုပဲ ယူမှာလား ဆိုတဲ့ စကားမျိုးတွေ ပြောသွားတဲ့ ဦးကိုကိုကြီး…။NLD က ပြီးသွားပြီ ဆိုတဲ့ စကားမျိုး ပြောသွားတဲ့ ဒေါ်စန္ဒာမင်း…။ ကျွန်တော်ကတော့ ဒီလူတွေဟာ ပြည်သူလူထုရဲ့ရင်ထဲက ဆန္ဒတွေ ဆိုတာထက် စစ်တပ်က ပေးတဲ့ အရိုးအရင်းကို ဘယ်နားကိုက်ရကိုက်ရ၊ စစ်တပ်ကပေးတဲ့နေရာဘယ်နေရာလေးရရ ကျေနပ်စွာနဲ့ ပြည်သူကို မျက်ကွယ်ပြုကြတဲ့အောက်တန်းစားတွေလိုသာခံစားပါတော့တယ်” ဟု ဇွန်လ ၂၉ရက်တွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ငြိမ်းချမ်းရေးဖိုရမ်ကိုစစ်တပ်ကဖိတ်၍တက်ရောက်ခဲ့ကြသူများ မှန်ထဲ၌ ကိုယ့်မျက်နှာ ကိုယ်ပြန်ကြည့်ရန် ၎င်းက တိုက်တွန်းသည်။

“ငါက ဘယ်သူ့ကို ကိုယ်စားပြုလိုလဲ” “ငါ့ကိုဘယ်သူက ထောက်ခံနေတာမို့လဲ” လို့ တခါလောက်များ တကိုယ်စာ ရဲရဲဝံ့ဝံ့ ပြန်မေးကြည့်ဖြစ်ကြသေးလား။ မေးဖြစ်မယ် မေးဝံ့မယ်လိုလည်း မထင်ပါဘူး။ ဒီလူတွေ ဆိုလိုချင်နေကြတဲ့ “ငြိမ်းချမ်းရေး” ဆိုတာက စစ်တပ်ကို ဆက်မတိုက်တော့ဘဲ အညံ့ခံ အလျှော့ပေးရေး၊ စစ်တပ် စိတ်တိုင်းကျ ဘာလုပ်လုပ်ငြိမ်ခံရေး..ပါပဲ။“ပြည်သူပဲထိခိုက်နစ်နာတယ်” ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံးနေတဲ့ အဲဒီလူတွေက ပြည်သူကို တကယ်တမ်း ဒုက္ခပေးနေတဲ့ စစ်တပ်ကိုတော့ လေသံဟဟနဲ့တောင် မဝေဖန်ဝံ့ကြတော့ဘဲ ဟိုက ထိုင်ဆိုထိုင်၊ ထဆိုထ.. “လာလာ အရိုးလာကိုက်” ဆိုရင် တိုက်ပုံတွေ၊ မြန်မာဝတ်စုံတွေ အဟီးသား ဝတ်ပြီး အရှက်မဲ့စွာ အမြီးသွားနန့်ကြဖိုသာအမြဲ အသင့် ဖြစ်သွားပါပြီ။ တကယ်ဆို အဲဒီ ငြိမ်းချမ်းရေးဖိုရမ် ဆိုတာကြီးကို လုပ်နေတဲ့ အချိန်မှာကိုပဲ စစ်တပ်ဟာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားဗုံးကြဲနေတာပါ။ဘယ်သူကများ “ဒါတွေတော့ မလုပ်သင့်ပါဘူး”လို တခွန်း.ဟ.ပါသလဲ” ဟုကလိုစေးထူးက ရေးသား​မေးခွန်းထုတ်ထားသည်။

ထိုသို့စိတ်ဓာတ်မျိုးရှိသူများသည်စစ်တပ်က လုပ်မည့် ရွေးကောက်ပွဲ ဆိုသည့် နိုင်ငံရေး ခွေးတိုးပေါက်ကို စုပြုံတိုးနေသူများဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီလိုလူတွေ အတွက် အဖြေကတော့ များများစားစား မရှိပါဘူး။ ကျွန်တော်တို ဒီပွဲကို အနိုင်တိုက်ဖိုပါပဲ။တော်လှန်ရေးမှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိနေသရွေ့ အားသွန်ခွန်စိုက် အလုပ်ဆက်လုပ်ကြဖိုပါပဲ။ ဒါမှမဟုတ်ရင်တော့ ဒီစစ်တပ်ရယ်၊ အဲဒီ စစ်တပ်က ကမ်းတဲ့ အရိုးကိုက်တွေရယ်.နဲ့ အနာဂတ်ကို တွေးသာကြည့်ပါတော့”ဟု ကလိုစေးထူးက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန် ၂၉ ရက်ည​နေပိုင်းဗုံးကြဲမှုတွင် ပြည်သူ ၄ ဦးဒဏ်ရာရပြီး ​အ​ဆောက်အအုံ ၁၀ လုံးပျက်စီး

အတွေးအမြင်

လတ်တလော တကယ့်ပြဿနာဟာ အာဏာကို စစ်တပ်က အကြွင်းမဲ့ကျင့်သုံးနေတဲ့အထဲမှာ အဆိုးရွားဆုံးဟာ တရားစီရင်ရေးအာဏာကို ကျင့်သုံးနေမှု ဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်‌၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။

သတင်း

ရှမ်းပြည်နယ် မြောက်ပိုင်း၊ကျောက်မဲမြို့ကို စစ်​ကောင်စီက ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်တွင်လေကြောင်းမှဗုံးထပ်ကြဲသွားသည်။

Facebook