ချင်းဖိုက်တာဂျိုရှုအာဗန် UFC ပြိုင်ပွဲ၌ ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့်(၁) ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင်ရရှိခဲ့မှုအား ချင်းအမျိုးသားတပ်ဦး(CNF) ဂုဏ်ပြုကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့သည်။
မြန်မာပြည်ဖွားချင်းလူငယ်ဗန် သည်အမေရိကန် နိုင်ငံ၊ နီးဗားနားပြည်နယ်၊ လပ်ဗီးဂတ်စ် မြိုတွင် ယနေ့ကျင်းပသည့်UFC 317ဖလိုင်းဝိတ်တန်းအဆင့်(၁) ဖြစ်သူ အမေရိကန်နိုင်ငံသား ရွိုင်ဗယ်နှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာအမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။
“ဒို့နိုင်ငံသားတယောက်အနေနဲ့ ဂုဏ်ယူမဆုံးဘူး။ နိုင်ငံ့ဂုဏ် အမျိုးဂုဏ်ကို မြင့်မားမြှင့်တင်ဆောင်ကျဉ်းပေးသူပါ။ အမျိုးဂုဏ် ဇာတိဂုဏ်အတွက် ရှေ့ဆက် ကြိုးစားပေးစေချင်တယ်”ဟုCNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကပြောသည်။

Public Service Announcement
အသက် ၂၃ နှစ်အရွယ် The Fearless ဟုအမည်ပေးထားသည့် ဗန်သည် ဘရန်ဒန်ရွိုင်ဗယ်ကိုအနိုင်ရပြီးနောက် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ဗန်နှင့် ရွိုင်ဗယ်တို့ ပွဲစဥ်မှာ UFC 317 ၏ အကောင်းဆုံးပွဲအဖြစ်သတ်မှတ်ခံရပြီး ဖိုက်တာ နှစ်ဦးစလုံးကို အပိုဆုကြေး ဒေါ်လာ ငါးသောင်းစီ ရရှိခဲ့သည်။
ဗန်သည် ချန်ပီယံစိန်ခေါ်ပွဲကို လက်ရှိချန်ပီယံ ပန်တိုဂျာနှင့်ထိုးသတ်ခွင့်ရမည်ဖြစ်သည်။
နိုင်ငံတော်နှင့် ချင်းအမျိုးသားဂုဏ်ကိုဆောင်ကျဉ်းပေးခဲ့သူ Joshua Van ၏ အောင်မြင်မှု အား ချီးကျုးဂုဏ်ပြုကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး ၎င်း၏ အနာဂါတ် ခရီး ဆက်လက် တောက်ပလျက် “ The Fearless” ဟူသော အောင်မြင်မှုသရဖူ အလီလီဆွတ်ခူးနိုင်ပါစေဟု ဆန္ဒပြု ဖော်ပြခဲ့သည်။
ဂျိုရှုအာဗန် သည် သိုင်းပေါင်းစုံ( MMA ) ပြိုင်ပွဲများအနက် နာမည်အကြီးဆုံးပြိုင်ပွဲဖြစ်သည့် UFC ပြိုင်ပွဲ၌ ပထမဆုံးယှဥ်ပြိုင်ခွင့်ရသည့် မြန်မာဖိုက်တာတဦးလည်းဖြစ်သည်။
ချင်းတိုင်းရင်းသားဗန်သည် မြန်မာပြည်ဖွားချင်းတိုင်းရင်းသားဖြစ်ပြီး အမေရိကန်နိုင်ငံကို ငယ်စဥ်ကတည်းကမိသားစုနှင့် အတူ ပြောင်းရွှေ့အခြေချနေထိုင်သူဖြစ်သည်။ဗန်သည် UFC ပြိုင်ပွဲများ၌ အောင်ပွဲခံတိုင်းမြန်မာနိုင်ငံအလံဖြင့်အောင်ပွဲခံလေ့ရှိသည်။
