close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ရှေး​ဟောင်းယဥ်​ကျေးမှုနယ်​မြေမှ တိုက်ပွဲများ၊ စစ်ကြောင်းများနဲ့ စစ်​ဘေး​ရှောင်များ

စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်ကျော်အကြာ အခုဇွန်လအတွင်းမှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အ​မွေအနှစ်စာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပုဂံ၊ညောင်ဦးဒေသမှာ တိုက်ပွဲအချို့ဖြစ်နေပြီး စစ်တပ်က ဒေသတစ်ခုလုံးနီးပါးကို တင့်ကားတွေသုံးပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရပါတယ်။

DEE/People’s Spring

မကြာမီ ဝါဝင်တော့မှာဖြစ်လို့ စေတီပုထိုးတွေပေါများတဲ့ ပုဂံ၊ညောင်ဦးဒေသက ကျေးရွာတွေမှာ ဝါတွင်းဥပုသ်စောင့် ဘုန်းကြီးကျောင်းသွားကြတဲ့ ဓလေ့ဟာ ထင်ရှားပါတယ်။ ပုဂံ၊ညောင်ဦးဒေသက ကျေးရွာတွေမှာ တည်ထားတဲ့ စေတီပုထိုးကို ဘုရားပွဲအဖြစ် ကျင်းပပြုလုပ်ကြတာလည်း ဒီဝါတွင်းက စပါတယ်။ ဝါဆိုလကနေ တပေါင်းလအထိ ဘုရားပွဲတွေ ဆက်တိုက်ကျင်းပကြတာ ဖြစ်ပါတယ်။ ​​ခေတ်​ကောင်းချိန်မှာဆို တချို့ဘုရားပွဲတွေမှာတော့ နာမည်ကျော်ဇာတ်ပွဲတွေငှားရမ်းပြီးတောင်ကျင်းပကြတာပါ။

ဒါတင်မကသေးပါဘူး။ကျေးရွာကဘုန်းကြီးကျောင်းသွားပြီး ဝါတွင်းဥပုသ်သီလယူကြတာဟာလည်း ဝါဆိုလပြည့်နေ့က စပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဝါတွင်းကာလကို သုံးလလို့ သတ်မှတ်ထားပါတယ်။ ဒီနှစ်မှာတော့ လာမယ့်ဇူလိုင် ၉ရက်နေ့ဟာ ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်။ အဲဒီနေ့ကစပြီး ဝါဝင်တယ်လို့ သတ်မှတ်ပါတယ်။

စစ်တပ်စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ညောင်ဦးမြို့နယ်က ဒေသခံတွေ။ ဓာတ်ပုံ – ပေးပို့

ပုဂံ၊ညောင်ဦးဒေသက ကျေးရွာတွေကတော့ ဝါဆိုလပြည့်နေ့ဆို ဘုန်းကြီးကျောင်းကို တစ်အိမ်လုံးသွားကြပါတယ်။ လူကြီးတွေက သီလယူ။ ကလေးတွေက ဆော့ကစားနဲ့။ ဘုန်းကြီးကျောင်းမှာတနေကုန်နေပြီးနေဝင်ချိန်မှအိမ်ပြန်ကြတာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့်ဒီနှစ်ဝါဆိုလပြည့်နေ့မှာတော့ပုဂံ၊ညောင်ဦးဒေသကကျေးရွာတွေကဒေသခံတွေဟာ ဘုန်းကြီးကျောင်းတွေဆီ ဥပုသ်သီလယူ မသွားနိုင်ကြတော့ပါဘူး။ တချို့ကျေးရွာတွေဆို ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီး​တောင် မရှိတော့ပါဘူး။

စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်ကျော်အကြာ အခုဇွန်လအတွင်းမှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အ​မွေအနှစ်စာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပုဂံ၊ညောင်ဦးဒေသမှာ တိုက်ပွဲအချို့ဖြစ်နေပြီး စစ်တပ်က ဒေသတစ်ခုလုံးနီးပါးကို တင့်ကားတွေသုံးပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရပါတယ်။

စစ်ကြောင်းထိုးတဲ့ တလျှောက်မှာလည်း ကျေးရွာတွေ မီးရှို့ဖျက်ဆီး၊ ဒေသခံတွေ သတ်ဖြတ်၊ဖမ်းဆီးခေါ်ဆောင်နေလို့ ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရတာဖြစ်ပါတယ်။

“ပုဂံရဲ့တောင်ဘက်၊ညောင်ဦးရဲ့အရှေ့ဘက်အကုန်ရှောင်နေရပြီ”လို့ ပုဂံ၊ညောင်ဦးဒေသက ပြည်သူတွေ စစ်ဘေးရှောင်နေကြတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပုဂံဗိုလ်ချိုတပ်ကပြောရေးဆိုခွင့်ရှိသူက ဖွင့်ဟပါတယ်။

ပုဂံ၊ညောင်ဦးဒေသကို စစ်တပ်က စစ်ကြောင်းထိုးတာဟာ ပြီးခဲ့တဲ့နှစ်တွေက ညောင်းဦးမြို့ရဲ့အရှေ့ဘက်က ငါ့သရောက်ဒေသတွေမှာ လုပ်လေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒေသတစ်ခုလုံးနီးပါးကို စစ်ကြောင်းတွေခွဲပြီး ထိုးနေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ငါးဖွဲ့ထက်မနည်းရှိတဲ့ ပုဂံ၊ညောင်ဦးဒေသမှာ အခု ၂၀၂၅အတွင်း တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။ ၂၀၂၅အတွင်းမှာ တိုက်ပွဲအများအပြားဖော်ဆောင်မယ်လို့လည်း ပုဂံပြည်ဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇီးက ကြိုတင် အသိပေးထားပါတယ်။

ကြိုတင်အသိပေးထားတဲ့အတိုင်းပဲ ဖေဖော်ဝါရီမှာတော့ ပုဂံမြို့တောင်ဘက်က (၁၁)မိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ပြင်ကန်၊ ယာတောကြီး၊ ဂျိုးကန် ကျေးရွာတွေ တဝိုက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ စဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၃ရက်မှာစတင်ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအပြီးမှာတော့ တော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်အောင် တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲ ညောင်ဦးမြို့အရှေ့ဘက်က ငါ့သရောက်ဒေသအနီးမှာ ဖြစ်ခဲ့ပါတယ်။ မတ်လ ၁၄ရက်မှာ ညောင်ဦးမြို့စောင့်တပ်အဖြစ်ရှိတဲ့ တပ်မ(၈၈)လက်အောက်ခံ အမှတ်(၄၁၅) ခြေ

မြန်တပ်ရင်း(ခမရ-၄၁၅)ကစစ်ကြောင်း၂ ကြောင်းနဲ့ ငါးသရောက် အရှေ့ဘက်ခြမ်းဒေသ ဝင်လာရာ အိုရင်းကျေးရွာဝင်လာတဲ့စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လူထုနွေဦးက အတည်မပြုနိုင်ပေမယ့် အဲဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်က ၇၀ လောက်အထိသေဆုံးတယ်လို့ညောင်ဦးပကဖကပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပေါ် ချီတက်ဆန္ဒပြနေသော ​​ရှေး​ဟောင်းယဥ်​ကျေးမှုမြို့​တော်ပုဂံမှ​ဒေသ ခံတွေကို ၂၀၂၁ ဖေဖော်ဝါရီလကတွေ့ရစဉ်။ ဓာတ်ပုံ – AFP

၂၀၂၅ခုနှစ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့လည်း ညောင်ဦး ပကဖက ဆီကသိရပါတယ်။

ညောင်ဦးမြို့နယ်အတွင်းကဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေအပြင် ရွာတွေမှာ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို လုံခြုံရေး သင်တန်းတွေ ပေးနေတာကြောင့် ဒီအခြေအနေတွေကို လက်မခံနိုင်တဲ့အတွက် ၂၀၂၅ ခုနှစ်ထဲမှာ ပုဂံဒေသမှာ စစ်ဆင်ရေးဖော်ဆောင်တာလို့ ကိုဇီးက ပြောပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးပြီး ဝင်ရောက်လာတာကြောင့် စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှု ဇွန်လ ၂၃ ရက်က စတင်ခဲ့ပါတယ်။

စစ်တပ်ဟာ ပုဂံမြို့ရဲ့တောင်ဘက်ကကျေးရွာတွေကို တင့်ကားနှစ်စီးအသုံးပြုပြီး အင်အား ၅၀၀လောက်နဲ့ စတင်စစ်ကြောင်းထိုးခဲ့တယ်လို့ ပုဂံဗိုလ်ချိုတပ်က ပြောပါတယ်။ ပုဂံ – ချောက်လမ်းပိုင်းကြားမှာရှိတဲ့ ကျေးရွာတွေ ၃၀ လောက်ကိုစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

ညောင်ဦးမြို့က အမှတ်(၄၁၅) ခြေမြန်တပ်ရင်း (ခမရ ၄၁၅)ကနေ ထွက်လာတဲ့ တင့်ကားနှစ်စီးပါ အင်အား ၂၀၀ ကျော်ဟာ ပုဂံမြို့နဲ့ ချောက်မြို့ကြားမှာရှိတဲ့ ကြအိုကျေးရွာကို အထိုင်ချတပ်စွဲပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာပါ။ တပြိုင်တည်းမှာဘဲ ချောက်မြို့ကနေလာတဲ့ အင်အား ၂၀၀ကျော်ပါ စစ်ကြောင်းကလည်း ပုဂံဒေသက ကျေးရွာတွေဆီလာပြီး စစ်ကြောင်းထိုးခဲ့တယ်လို့ ပုဂံဗိုလ်ချိုတပ်က ပြောပါတယ်။

“မိုင်းဆွဲတာလောက်ပဲလုပ်နိုင်တယ်။အင်အားအရမ်းများတော့။ လေကြောင်းကလည်း ပစ်နေတော့ အတော်ကိုဆိုးတယ်”လို့ ပုဂံဗိုလ်ချိုတပ်က ပြောပါတယ်။

ကြအို၊ဇက၊မီးလောင်ဖျား၊မြေသန့်တောင်၊ဂျိုးကန်၊ကျောက်ကန်၊ကျောက်ပြင်ကန်၊ ယာတောကြီးရွာအပါအဝင် ကျေးရွာအများအပြားစစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ၃၀လောက်က ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတယ်လို့လည်း ပုဂံမြို့က တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်တပ်က ပုဂံမြို့တောင်ဘက် လေးရက်ကြာစစ်ကြောင်းထိုးမှုအတွင်းမှာ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ရတယ်လို့လည်း ပုဂံဗိုလ်ချိုတပ်က ပြောပါတယ်။

အဲဒီထဲက ကြအိုရွာနဲ့ မြေသန့်တောင်ကျေးရွာဟာ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒါ့အပြင် လူငယ် ၁၅ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပုဂံဗိုလ်ချိုတပ်က ပြောပါတယ်။

“တနေ့ကတော့ စစ်ကြောင်းပြန်ဝင်သွားပြီ။ လေးရက်ကြာတယ်။ စစ်ရှောင်တွေကတော့ ချောက်နဲ့ ပုဂံကြားကရွာတွေ အကုန်ရှောင်ရတာပဲ”လို့ ပုဂံဗိုလ်ချိုတပ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ညောင်ဦးမြို့ရဲ့ အနောက်ဘက်ခြမ်းမှာစစ်ကြောင်းသုံးကြောင်းနဲ့အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းလေကြောင်းနဲ့ထိုးခဲ့တာလို့သိရပါတယ်။

“ညောင်ဦးမြို့အနောက်ဘက်ခြမ်းဆို စဉ့်ကူနယ်ပေါ့နော်။ တောင်ဇင်းနယ်ပေါ့။ အရှေ့ဘက်ခြမ်းဆို ဒီဘက် ငါ့သရောက်နယ်ပေါ့။ အကုန်လုံးခွဲထိုးနေတာ”လို့ ညောင်ဦးပကဖက ပြောပါတယ်။

ငါ့သရောက်ဒေသက ကျေးရွာခြောက်ရွာလောက် စစ်ကြောင်းထိုးခံရပြီး ဆင်သားမွေး၊သနပ်ပင်၊ ကမ္မနဲ့ တောင်သာနယ်က ကင်းဇလုပ်ရွာတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ညောင်ဦးပကဖက ပြောပါတယ်။

ဒါ့အပြင် သနပ်ပင်ရွာ ရွာသားသုံးဦးနဲ့ ဆင်သားမွေးရွာက ရွာသားတစ်ဦးကို PDFထောက်ပို့လို့ စွပ်စွဲပြီး စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။

ငါ့သရောက်ဒေသဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်​တပ်ကိုခုခံ​တော်လှန်မှု ပြင်းထန်ပြီး တိုက်ပွဲတွေကြမ်းနေတဲ့ မြင်းခြံ – တောင်သာမြို့နဲ့ နယ်မြေစပ်ဆက်တာကြောင့် အဲဒီဒေသမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။

ပုဂံ၊ညောင်ဦးဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက သိတဲ့ မြို့ဖြစ်လို့ PDFတွေရဲ့ စိုးမိုးမှုကို အခြားမြို့ပြတွေထက် မခံနိုင်တာကြောင့် စစ်ကောင်စီက အင်အားသုံးဖိနေတာလို့ ညောင်ဦးပကဖ ပြောရေးဆိုခွင့်ရှိသူ ကိုဇီးက သုံးသပ်ပါတယ်။

“‌ညောင်ဦးမြို့ကို PDFတွေ စိုးမိုးသွားမှာသူတို့အရမ်းကြောက်တယ်။ သူတို့ ပုံရိပ်မကျအောင် လုပ်နေတာ ထင်တယ်”လို့ ကိုဇီးက ပြောပါတယ်။

ညောင်ဦးပကဖကပြီးခဲ့တဲ့ဇန်နဝါရီလကထုတ်ပြန်ချက်မှာတော့ ပုဂံမြို့မှာ စစ်ရေးဖော်ဆောင်မှာဖြစ်ပေမယ့် စေတီပုထိုးတွေရှိတဲ့ နေရာတွေမှာတော့ ဖော်ဆောင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့နေရာတွေမှာ စစ်ရေး မပြုလုပ်ဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

လက်တလောမှာတော့ ပုဂံမြို့နဲ့ တစ်မိုင်ကျော်သာကွာဝေးတဲ့ ‌ရွှေတွင်းကျေးရွာမှာတော့ သေနတ်သံတွေကြားနေရပြီး လေးမိုင်ကျော်ကွားဝေးတဲ့ ဂန့်ဂါရွာခံတွေကတော့ အကုန်စစ်ဘေးရှောင်နေရပါပြီ။

ဟိုတယ်တွေရှိတဲ့ ရှေးဟောင်းမြို့တော်ရဲ့ ဟိုတယ်ဇုန်(၄)ဘေးက ဂန့်ဂါရွာမှာ အခုဇွန်လဆန်းက ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးအပါအဝင် ကိုးဦးအသတ်ခံရပါတယ်။ ရွာကို စစ်တပ်ဝင်လာလို့ ဒေသခံတွေလည်း နီးစပ်ရာနေရာတွေမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့တောင်ဘက်ထွက်ရင်သေနတ်သံကြားရပြီ”လို့ပုဂံမြို့ခံတစ်ဦးကပြောပါတယ်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ချီတက်ဆန္ဒပြနေသော ​​ရှေး​ဟောင်းယဥ်​ကျေးမှုမြို့​တော်ပုဂံမှ​ဒေသခံတွေကို ၂၀၂၁ ဖေဖော်ဝါရီလကတွေ့ရစဉ်/စစ်တပ်စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ညောင်ဦးမြို့နယ်က ဒေသခံတွေ။ ဓာတ်ပုံ – AFP ၊ ပေးပို့)

ဆက်စပ်သတင်းများ

သတင်း

ဆင်ဖြူကျွန်းမြို့နယ်တွင်တင့်ကား နှင့် သံချပ်ကာ ယာဥ်များပါဝင်သည့် စစ်တပ် စစ်ကြောင်း နှင့် ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄)က မကြာသေးခင်က သိမ်းပိုက်ထားတဲ့ ထီးထဒေသမှာ ​ဒေသခံ စစ်​ဘေးရှောင်ပြည်သူ​တွေအနေနဲ့မြေနေရာ ပြန်ရယူလိုပါက ဆက်သွယ်နိုင်တယ်လို့ KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က ဇွန်လ ၂၈ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာ ဒီကနေ့(ဇွန်လ ၂၈ရက်)မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ စစ်မြေပြင်က ရဲဘော်တွေက ပြောပါတယ်။

သတင်း

ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်​ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

Facebook