အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တဲ့ စစ်ဦးစီး အရာရှိတွေ၊ နျူကလီးယား သိပ္ပံပညာရှင်တွေအတွက် အီရန်က နိုင်ငံတော် ဈာပန အခမ်းအနား ကျင်းပပေးခဲ့ပါတယ်။
၁၂ ရက် ကြာမြင့်ခဲ့တဲ့ နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခအတွင်း အီရန်ရဲ့ စစ်ဦးစီးတွေ၊ အဆင့်မြင့် အရာရှိတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေ စုစုပေါင်း ၆၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသေအပျောက် ၆၂၀ ကျော်လောက်ထိ များပြားခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ရေး အဆောက်အအုံတွေကို လေကြောင်းကနေ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာက နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခ စတင်ခဲ့တာပါ။ ဇွန်လ ၂၅ ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင်မှုနဲ့အတူ နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ပါတယ်။
ဇွန်လ ၂၈ ရက်နေ့ကတော့ တဟီရန်မြို့တော်ရဲ့ အန်ဟီလက်ဘ် ရင်ပြင်နားမှာ ကျင်းပတဲ့ နာရေး အစီအစဉ်မှာ အီရန်အလံ လွှမ်းခြုံထားပြီး ကွယ်လွန်သူ တစ်ဦးစီရဲ့ ဓာတ်ပုံတွေ ပါရှိတဲ့ ခေါင်းတလားတွေကို လူတွေ ထောင်သောင်းချီ ခြံရံ ပို့ဆောင်ခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement
များပြားလှတဲ့ နာရေးပို့ဆောင်သူတွေဟာ အနက်ရောင်တွေ ဝတ်ဆင်ပြီး အီရန် အလံတွေကို ဝှေ့ရမ်းလာကြသလို အမျိုးသားရေး ကြွေးကြော်သံတွေကိုလည်း အော်ဟစ်လာကြပါတယ်။
နိုင်ငံတော်ဈာပန မတိုင်ခင်မှာ ကတည်းက အီရန် မီဒီယာတွေကလည်း အဲဒီအခမ်းအနားမှာ ပြည်သူတွေ တက်ရောက်ကြဖို့ ဆော်ဩ အားပေးခဲ့သလို နာရေးပို့ဆောင်သူတွေအတွက် အခမဲ့ ဘတ်စ်ကားတွေနဲ့ မြေအောက်ရထားတွေလည်း ပြေးဆွဲပေးခဲ့ပါတယ်။ ပြီးတော့ အစိုးရ ရုံးအားလုံးကိုလည်း ပိတ်ထားပေးခဲ့ပါတယ်။
နိုင်ငံတော် အခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့သူတွေထဲမှာ အီရန်ရဲ့ စစ်ဘက် အမြင့်ဆုံး ရာထူးကို ရယူထားသူ စစ်ဦးစီး အရာရှိချုပ် မိုဟာမက် ဘက်ဂါရီလည်း ပါဝင်ခဲ့ပါတယ်။ သူ့ကို ဇနီး၊ သမီးတို့နဲ့အတူ မြှုပ်နှံပေးခဲ့ပါတယ်။ ဘက်ဂါရီတို့ မိသားစုဟာ အစ္စရေးရဲ့ ပစ်မှတ်ထား လုပ်ကြံတိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးခဲ့တာပါ။
ဒါ့အပြင် အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် အစောင့်တပ် (IRGC) အကြီးအကဲ ဟိုစိန် ဆာလာမီနဲ့ တဟီရန် တက္ကသိုလ် အကြီးအကဲ မိုဟာမက် မာဒီ တာရန်ချီလို နျူကလီးယား သိပ္ပံပညာရှင်တွေလည်း အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
နိုင်ငံတော် ဈာပနကိုတော့ သမ္မတ မာမွတ် ပက်ဇက်ရှ်ခန်း၊ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီခါမေနီရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်သူ နောက်တန်း သေနာပတိ အလီရှမ်ခါနီတို့လို ထိပ်တန်း အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။ ရှမ်ခါနီ ကိုယ်တိုင်လည်း အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။
အီရန်ကသာ ခေါင်းမာပြီး ယူရေနီယမ် သန့်စင်မှုတွေ ပြန်စမယ်ဆိုရင် အမေရိကန်က နောက်တစ်ကြိမ် ဗုံးကြဲဦးမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် အီရန်မှာ အခုလို နိုင်ငံတော် ဈာပန ကျင်းပခဲ့တာပါ။ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန်ဟာ မဟာမိတ် အစ္စရေးဖက်က ဝင်ကူပြီး အီရန်ရဲ့ နျူကလီးယား စခန်း ၃ ခုကို ဗုံးကြဲခဲ့ပါတယ်။
ဒါ့အပြင် အစ္စရေးရဲ့ စစ်ဆင်ရေးအတွင်း ခါမေနီကိုပါ လုပ်ကြံဖို့ထိ စီစဉ်ထားခဲ့ပြီး ခါမေနီ ပုန်းအောင်းနေတဲ့ နေရာကိုလည်း သိထားခဲ့ကြောင်း၊ ဒါပေမဲ့ ခါမေနီကို သုတ်သင်တာမျိုး မလုပ်ဖို့ သူက ကြားဝင် တားမြစ်ခဲ့တာလို့လည်း ထရမ့်က ဆိုပါတယ်။ ခါမေနီဟာ သူချမ်းသာပေးလိုက်လို့သာ အင်မတန် အရုပ်ဆိုးပြီး သိက္ခာကင်းမဲ့တဲ့ သေခြင်းမျိုးကနေ လွတ်မြောက်ခဲ့တာလို့ ထရမ့်က လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီကတော့ ထရမ့်အနေနဲ့ ခါမေနီအပေါ် လေးစားမှု ကင်းမဲ့တဲ့ မှတ်ချက်မျိုးတွေ ပေးခဲ့တဲ့အပေါ် ဝေဖန် ရှုတ်ချသွားပြီး ထရမ့်သာ အီရန် နျူကလီးယား အရေးအတွက် အမှန်တကယ် ညှိနှိုင်းသဘောတူညီမှု တစ်ခုခုကို ရှာဖွေနေတယ်ဆိုရင် အဓိပတိ ခါမေနီအပေါ် လေးစားမှု ကင်းမဲ့တဲ့ အပြောအဆိုတွေကို ဆင်ခြင်ဖို့လိုကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: BBC
