close
Connect with us

Hi, what are you looking for?

ဆောင်းပါး

နောင်ချိုတိုက်ပွဲက အဆုံးအဖြတ်​ပေးမည့် ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး ၏ကံကြမ္မာ

အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆုံးရှူံးထားသည့် မြို့တစ်မြို့ကို ပြန်ရယူရေးအတွက် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၏ကံကြမ္မာနှင့်လောင်းကြေးထပ်ထားသည်။

ဇွန်လ ဒုတိယပါတ်က ​နောင်ချိုမြို့နယ်ရှိ စစ်တပ်ပြန်လည်သိမ်းယူထား​သော​နေရာ​သို့ လာ​ရောက်ခဲ့သည့် ကစထ (၂) ကစထမှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး နဲ့ စစ်သားများ။ ဓါတ်ပုံ-စစ်​ကောင်စီ

ယောနသံ/People’s Spring

အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆုံးရှူံးထားသည့် မြို့တစ်မြို့ကို ပြန်ရယူရေးအတွက် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၏ကံကြမ္မာနှင့်လောင်းကြေးထပ်ထားသည်။

ထိုအလောင်းအစားအစပြုရာနိဒါန်းသည် ၂၀၂၄ ဩဂုတ်လ ဆန်းက အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)နှင့် လားရှိူးမြို့ကို MNDAA နှင့် ပူး​ပေါင်းတပ်များသိမ်းယူခြင်းကြောင့် ဖြစ်လာသည်။ လောင်းကြေး၏ အဓိက ဇာတ်ကောင်မှာအမှတ် (၂) စစ်ဆင်​ရေးအထူးအဖွဲ့ (ကစထ-၂)ကစထမှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး နှင့် တိမ်ပင်လယ်မြို့ဟုနာမည်ကြီးသောနောင်ချိုမြို့ဖြစ်သည်။

၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းတွင် ​နောင်ချိုကိုသိမ်းပိုက်ခဲ့​သော ​တော်လှန်​ရေးတပ်များ။ ဓါတ်ပုံ- MDY-PDF

“နောင်ချို ပြန်ရရင် အဲ့ဒီကောင်သက်သာမယ်။ မရရင်ဘောင်ချာစုတ်ပစ်လိုက်လို့ဘိုးတော်က ပြောထားတာ”

Public Service Announcement

Public Service Announcement

ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုကြိမ်းဝါးခဲ့ပုံကိုနေပြည်တော်ရှိစစ်ရေးသတင်းရင်းမြစ်ပြောခြင်းဖြစ်သည်။

နေပြည်တော် စစ်ရုံးချုပ်ထဲမှ ထိုဖြစ်ရပ်၏ အစသည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေးနှင့်တိုက်ရိုက်သက်ဆိုင်သည်။ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်နေ့က စတင်သည့်ထိုစစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်​ကောင်စီ အုပ်ချုပ်မှုမှ မြို့နယ်များ ဆက်တိုက်လက်လွှတ်ရပြီးနောက် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများ အရူးမီးဝိုင်းဖြစ်ခဲ့သည်။

ဇွန်လ ဒုတိယပါတ်က ​နောင်ချိုမြို့နယ်ရှိ စစ်တပ်ပြန်လည်သိမ်းယူထား​သော​နေရာ​သို့ လာ​ရောက်ခဲ့သည့် ကစထ (၂) ကစထမှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး နဲ့ စစ်သားများ။ ဓါတ်ပုံ-စစ်​ကောင်စီ

၂၀၂၄ ဩဂုတ်လ ၃ရက်တွင် MNDAA နှင့်မဟာမိတ်များကအ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုအပြီးတိုက်ယူပြီး လားရှိူးမြို့ကို သိမ်းယူလိုက်ခြင်းဖြင့်စစ်အုပ်စုကိုအရှက်ခွဲလိုက်သည်။စစ်တပ်သမိုင်းတ​လျှောက် တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

ရမခတိုင်းမှူး၊ ဗိုလ်မှူးချုပ်နှစ်ဦးအပြင် စစ်ကောင်စီအရာရှိအများအပြားနှင့်အတူ စစ်သုံ့ပန်းထောင်ချီ၍ MNDAAက ဖမ်းဆီလိုက်သည်။ အရှိုက်ထိသွားသည့် စစ်ဗိုလ်ချုပ်ကြီးများကို MNDAAလက်ထဲမှ အသစ်စက်စက် စစ်သုံ့ပန်းတစ်ဦးကလည်း မျက်မှာမဲအိုသုတ်ပေး‌လိုက်သည်။

မြို့သိမ်းတိုက်ပွဲအတွင်းဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သနားညှာတာမှုအတွက် ကျေးဇူးတင်ကြောင်း စစ်သုံ့ပန်းအရိုးအထူးကုပါရဂူက ရုပ်သံမှတဆင့်ထုတ်ဖော်ပြောကြားခဲ့သည်။

လားရှိုးမြို့သိမ်းသတင်းကို MNDAAက ၂၀၂၄ ဩဂုတ်လ ၃ရက်ညတွင် ကြေညာခြင်းဖြစ်သည်။ ပြည်သူလူထုက အကြီးအကျယ်ထောက်ခံခဲ့သည်။ KNUအပါအဝင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ စစ်ရေးစွမ်းရည်ကိုဂုဏ်ယူကြောင်း သဝဏ်လွှာပို့ခဲ့ကြသည်။ထိုအချိန်တွင် နေပြည်တော်စစ်ရုံးထဲ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တစ်ယောက် ဒေါသပုန်ထနေသည်။စစ်တပ်သမိုင်းတစ်လျှောက် တိုင်းစစ်ဌာနချုပ် ပထမဆုံးအကြိမ်လက်လွတ်ဆုံးရှုံးလိုက်ရပြီးနောက် ရှက်ရမ်းရမ်းသွားသော ဗိုလ်ချုပ်မှူးကြီး၏ ဒေါသသည် ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၂) စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထ-၂ မှူး) ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးထံ ပုံချလိုက်လေတော့သည်။

ကစထ(၂) မှူးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုးအပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး)၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်)တို့၏ စစ်ဆင်ရေးများကို တာဝန်ခံရသည်။

TNLA တပ်ဖွဲဲ့ဝင်များ။ ဓါတ်ပုံ- AP

ရမခနှင့် လားရှိုးမြို့ဆုံးရှုံးရခြင်းသည်ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၏ ညံ့ဖျင်းမှုကြောင့်ဟုဆိုကာရာထူးမှညတွင်းချင်းနှုတ်ထွက်ခိုင်းသည်။

ကစထ(၂)မှူးအဖြစ် စစ်​ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ခန့်အပ်လိုက်သည်။ စစ်ကောင်စီမှတ်တမ်းများတွင် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် ကစထ(၂)မှူးအဖြစ်ဩဂုတ်လ၄ ရက်တွင်စတင်ထမ်းဆောင်ခဲ့သည်ဟုတွေ့ရသည်။

ထိုအချိန်ကတည်းက ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးတစ်ယောက် လူမြင်ကွင်းမှပျောက်သွားခဲ့သည်။ ၁၀၂၇စစ်ဆင်ရေးက အရှိန်ဖြင့်ရှေ့ဆက်နေသလို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲခဲ့သည်။ စစ်ကောင်စီကလည်း လားရှိုးမြို့နှင့် တခြားသော လက်လွတ် ဆုံးရှုံးခဲ့ရသည့်မြို့များကို လေကြောင်းမှ ဗုံးကြဲပြီး ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့သည်။ သို့

သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ ခေါင်းပြန်မထောင်နိုင်တော့ပေ။မူဆယ်မြို့ပေါ်နှင့် မိုင်းရယ်မြို့မှလွဲ၍ကျန်မြို့များအားလုံးကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကသိမ်းယူထိန်းချုပ်သွားခဲ့သည်။မူဆယ်နှင့် မိုင်းရယ်မြို့သည်ပင်တရုတ်အစိုးရက တားမြစ်ခဲ့၍ မဟာမိတ်သုံးဖွဲ့က မသိမ်းဘဲချန်ထားခြင်းဖြစ်ဟုသိရသည်။

နယ်စပ်ကုန်သွယ်ရေးအဓိကလမ်ကြောင်းပေါ်မှ ရှမ်းမြောက်တခုလုံး လက်လွတ်ဆုံးရှုံးလိုက်ရပြီးနောက်စစ်ရေးအရအသာစီးမရတော့သည်စစ်ကောင်စီသည် ရှမ်းပြည်နယ် မြောက်ပိုင်းမှမြို့များပြန်ယူနိုင်ရေးအတွက် တရုတ်အစိုးရကို အောက်ကျို့ခဲ့သည်။ တရုတ်ဘောကိုမသည့် စစ်တပ်ဟု လူထုက လှောင်ပြောင်ခဲ့သည်။ စစ်ကောင်စီနှင့် တရုတ်အစိုးရကြား အပေးအယူကို မသိရသော်လည်း တရုတ်သည် ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ မြောက်ပိုင်းညီ​နောင်သုံးဖွဲ့အား ပြင်းပြင်းထန်ထန် ဖိအားပေးလာသည်။ နယ်စပ်ဂိတ်များကိုပိတ်သည်။ ဖြတ်လေးဖြတ်လုပ်သည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံကူမင်းမြို့တွင် မြောက်ပိုင်းသုံးဖွဲ့နှင့်စစ်ကောင်စီကို အကြိမ်ကြိမ်​ဆွေး​နွေးညှိနှိုင်းစေခဲ့သည်။အကျိုးဆက်အနေဖြင့် တရုတ်အစိုးရဖိအားကြောင့် MNDAAသည် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီထံ ပြီးခဲ့သည့်ဧပြီလက ပြန်အပ်လိုက်ရသည်။

တရုတ်အစိုးရအားကိုးဖြင့် လားရှိူးမြို့ကို ပြန်ရသော်လည်းရမခနှင့်လားရှိုးတိုက်ပွဲတွင် MNDAAနှင့် ပူး​ပေါင်းတပ်ကို အရှုံး​ပေးခဲ့ရသော ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုနောက်တစ်ကြိမ်ဦး​ဆောင်စစ်တပ်တိုက်ခိုင်းရန် အကြောင်းဖန်လာသည်။

ဒီတစ်ခါ စီချင်းထိုးရမည်က TNLAနှင့်ဖြစ်သည်။

MNDAAက လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးခြင်းဖြင့် တရုတ်ဖိအားကို ရှောင်လွှဲခဲ့သော်လည်း TNLAကမူ စစ်ကောင်စီနှင့်ဆွေးနွေးမှုအဆင်မပြေဟု တရားဝင်ကြေညာခဲ့သည်။ စစ်​ကောင်စီက တရုတ်အားကိုးဖြင့် ​နောင်ချို ၊မိုးကုတ်၊မိုးမိတ် ၊​ကျောက်မဲ ၊သီ​ပေါ မြို့တို့ကို TNLA ထံမှပြန်​တောင်းသည်။ TNLA နှင့် မဟာမိတ်များကနောင်ချို မြို့ကို သိမ်းယူနိုင်ခဲ့ သော်လည်း တောင်းခမ်းကျေးရွာမှအမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့်အမြောက်တပ်ရင်း အမတ(၃၅၄)တို့ကိုအပြီးသတ်မသိမ်းယူနိုင်ခဲ့ပေ။ ထို‌ကြောင့် နောင်ချို တိုက်ပွဲသံသရာရှည်ခဲ့သည်။

MNDAA ၏ သေနတ်ပြောင်းဝကို တရုတ်အစ်ိုးရကပိတ်ပေးထားစဉ် MNDAA နှင့်စစ်မျက်နှာလျော့သွားသည့် စစ်ကောင်စီက TNLAကို စစ်ရေးအရ ဖိအားပိုပေးလာသည်။ မန္တလေးမှ ရှမ်းမြောက်သို့ အဝင်မုဒ်ဦးမြို့ဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်း၏ အသက်သွေးကြော နောင်ချိုကို အရပြန်ယူရန် ပြင်ဆင်လာသည်။

ထို့ကြောင့်ပင် နောင်ချို စစ်မျက်နှာကို အကြောင်းပြ၍ ကပစ(၂)နန်းကျဘုရင် ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို အပေးအယူလုပ်ရန် ဒုတိယစစ်ခေါင်းဆောင်က ကမ်းလှမ်းခဲ့သည်။

ရမခနှင့် လားရှိုးကို ဆုံးရှုံးခဲ့သည့်အပြစ်အတွက် ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအ​နေဖြင့် နောင်ချိုမြို့ကို ပြန်လည်သိမ်းယူပေးရမည်ဟူသော မက်လုံးဖြင့် စစ်ခေါင်းဆောင် နှစ်ဦးကြား လောင်းကြေးထပ်ထားကြသည်။

ရမခကို MNDAAက သိမ်းယူစဉ်ကလည်း ခုခံစစ်ဗျူဟာကို ၎င်းတို့နှစ်ဦးအတူတူ ဦးစီးခဲ့ခြင်းဖြစ်ပြီးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၏ အစွမ်းအစကို ယုံကြည်သည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စစ်ခေါင်းဆောင်ကို ပြောထားသည်။ သူကိုယ်တိုင်ကမူဒေါနတောင်တန်းပေါ်မှအောင်ဇေယျစစ်ဆင်ရေး၌ အထိနာနေသလို နှစ်ကြိမ်မက ဗုံးခွဲတိုက်ခိုက်ခံထားရသူဖြစ်သည်။

ထို့အပြင် အနာဂတ်တပ်ချုပ်လောင်းဟု ထင်ကြေးပေးခံနေရသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့သည် စစ်တက္ကသိုလ်အပတ်စဉ် (၃၅)ကျောင်းဆင်းဖြစ်သည်။ ထို့ကြောင့်ဗိုလ်ချုပ်ကြီးကျော်စွာလင်းကလည်း ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ကာဗာပေးထားသည်။

“ဘိုးတော်ကဒုချုပ်ကိုသူနဲ့အတူအမှုတွဲထားတာမို့ အရမ်းမပြောရဲဘူး။ အောက်ကလူကို ဖိတာ။ ဒုချုပ်က အကြောင်းသိလို့ နိုင်နိုင်ဦးကို ပြန်ကာပေးထားတာ” ဟုနေပြည်တော်သတင်းရင်းမြစ်ကဆိုသည်။

နေပြည်တော်စစ်ရုံးထဲမှ ကြေးကြီးသော အဆိုပါအလောင်းအစားကြောင့်ပင် ရမခ‌ကျပြီးနောက်ပိုင်း ပျောက်ချင်းမလှပျောက်နေသော ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးသည် ဇွန်လ ၁၁ရက်နေ့တွင် နောင်ချိုစစ်မျက်နှာ၌ ပြန်ပေါ်လာသည်။ နောင်ချိုမြို့နှင့်မိုင် ၂၀ခန့်ဝေးသော တောင်းခမ်းရွာအခြေစိုက်အမြောက်တပ်အမတ(၃၅၄)တပ်စခန်း၊ နောင်ချို(ဒုဋ္ဌ၀တီ) တံတားအနီးရှိ တာဖလန်းရဲကင်းစခန်းသို့ လုံခြုံရေးအစောင့်အရှောက်ဖြင့် ရောက်လာပြီး လူလုံးပြခဲ့သည်။ ယင်းသည်သူ့ဆရာ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၏ အစီအစဉ်ဖြစ်သည်။

နောင်ချိုစစ်မျက်နှာသည် ပြီးခဲ့သည့် မေလဆန်းကနည်းက တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့ပြီး ယခုရက်ပိုင်း၌ အပြင်းထန်ဆုံးဖြစ်နေသည်။ စစ်ကောင်စီက မြို့ပတ်ချာလည်မှ စစ်ကြောင်းသုံးကြောင်းခွဲ၍ ဝင်လာနေသည်။ မြို့ပေါ်သို့ဝင်ရန် မိုင်အနည်းငယ်သာလိုတော့ပြီးမကြာမီ ရအောင်သိမ်းပိုက်မည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ကြွေးကြော်နေသည်။

မေ နှင့် ဇွန်လကတိုက်ပွဲများတွင် စခန်းအချို့လက်လက်ဆုံးရှုံးလိုက်ရသည့် TNLA ၏ စစ်ရေးစွမ်းရည်အပေါ် နောင်ချိုမြို့ခံများနှင့် ပြည်သူလူထုက မေးခွန်းထုတ်လာသည်။ သို့​သော်နောင်ချိုကိုအဆုံးရှုံးခံမည်မဟုတ်ဘဲ စစ်ရေးဗျူဟာမြောက်တိုက်ခိုက်နေသည်ဟု TNLAက သတင်းစာရှင်းလင်းပွဲမှတဆင့် အသိပေးထားသည်။

နေပြည်တော်စစ်ရုံးထဲမှ အလောင်းအစားနှင့်အတူ တိုက်ပွဲခေါ်သံ ညံနေသည့် နောင်ချိုစစ်မျက်နှာဝိရောဓီကို အဆုံးအဖြတ်ပေးလာနိုင်သည်ဟုလူထုက ယုံကြည်လိုက်သည့် လှုပ်ရှားမှုတချို့ကို နောင်ချို ဇတ်လိုက် TNLAနှင့်အတူ အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)အရိပ်အမြွက်ပြလာသည်။

BPLA၏အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို TNLA ထိန်းချုပ်‌‌ဒေသတွင် ပြုလုပ်ခဲ့ပြီး NUG၊AAနှင့် TNLAအပါအဝင် မဟာမိတ်များ၏ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ NUGအစိုးရနှင့် မပေါင်းရန် တရုတ်အစိုးရက ဖိအားပေးနေစဉ် NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်တို့တွဲရိုက်ထားသည့် ဓာတ်ပုံများကို ဇွန်လ၂၁ရက်တွင် BPLAကထုတ်ပြလာသည်။ စစ်အာဏာရှင်စနစ်အမြန်အဆုံးသတ်ရေးအတွက် တော်လှန်ရေးအင်အားစုများဟန်ချက်ညီရေး ဆွေးနွေးခဲ့ကြသည်ဟု ​ဖော်ပြထားသည်။

ထိုသတင်းထုတ်ပြန်သည့်နေ့တွင် နောင်ချိုကို စစ်ကောင်စီက ဗုံးကြဲလေယာဉ်ဖြင့် ဗုံးအလုံးရေ ရာချီကြဲခဲ့သည်။ ယင်းနေ့တွင်ပင် TNLAက ၎င်း၏မဟာမိတ် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)၏ စစ်သင်တန်းဆင်းအပြီး လက်နက်များ တပ်ဆင်ပေးခဲ့သည်။

ရှမ်း‌မြောက်တွင် NUGနှင့်အတူ လူသိရှင်ကြားပွဲထွက်လာခြင်းဖြင့် နောင်ချိုဇတ်လိုက်ကျော် TNLAသည် တရုတ်အစိုးရကို ကျောခိုင်းလိုက်ပြီဟု စစ်လော်ဘီများက အော်နေကြသည်။

တိမ်ပင်လယ်မြို့တော် နောင်ချို မြို့နယ် ဇွန်လနှောင်းပိုင်းရက်များတွင်စစ်ရေးအခြေအ‌နေသည်ပိုပြင်းထန်လာသည်။ ​နေရာ ၇ ​နေရာခန့်၌ ရင်ဆိုင်တိုက်ပွဲများပြင်းထန်​နေသည်။ စစ်ကောင်စီက တိမ်ပင်လယ်၊ ကံကြီးနှင့် တောင်းခမ်းတွင် အထိုင်ချပြီး စစ်ဆင်နေသည်။ လေကြောင်းမှ နေ့ရောညပါ ဗုံးကြဲနေသည်။ TNLAနှင့် မဟာမိတ်များက အင်းအားအများအပြားဖြင့် တန်ပြန်ထိုးစစ်ကို ဇွန် ၂၄ ရက်မနက်တွင်စတင်လိုက်ပြီဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ​ပြောသည်။

စစ်ခေါင်း‌ဆောင်နှစ်ဦး၏ လောင်းကြေးနှင့်အတူ ပြန်ပေါ်လာခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၏ ကံကြမ္မာကို နောင်ချိုစစ်မျက်နှာက မကြာမီ ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ထိုစီရင်ချက်ကို TNLA နှင့် မဟာမိတ်များက ချမှတ်နိုင်မည်လားဆိုသည့် မေးခွန်းက တိမ်ပင်လယ်ပေါ်တွင် အုပ်မိုးနေပြီဖြစ်သည်။ ညီ​နောင်မဟာမိတ်သုံးဖွဲ့မှ AA နှင့် MNDAAကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်များအပါအဝင် စစ်ကောင်စီထိပ်ပိုင်းအရာရှိ ၂၀ဦးထက်မနည်းကို ခေါင်းထောင်မလာအောင် ဦးချိုးပြထားပြီးဖြစ်​သည်။ ။

ဆက်စပ်သတင်းများ

Trending

Facebook