close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို ဗုံးကြဲခဲ့တဲ့ မစ်ရှင် အချက်အလက် အသစ်တွေကို အမေရိကန် ထုတ်ပြန်

အီရန် နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့တဲ့ Midnight Hammer စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် အသစ်တွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ထုတ်ပြန်သွားခဲ့ပါတယ်။

AP

အီရန် နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့တဲ့ Midnight Hammer စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် အသစ်တွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ထုတ်ပြန်သွားခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက အမေရိကန်ရဲ့ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေဟာ အီရန်ရဲ့ ယူရေနီယမ် သန့်စင်စက်ရုံ ၂ ခုကို ဝင်ရောက်ဗုံးကြဲခဲ့ပြီး တစ်ချိန်တည်းလိုလိုမှာပဲ တခြားစက်ရုံ တစ်ခုကိုတော့ အမေရိကန် ရေတပ်က Tomahawk ဒုံးကျည်တွေနဲ့ တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

အဲဒီ စစ်ဆင်ရေးရဲ့ ထိရောက်အောင်မြင်မှု အတိုင်းအတာနဲ့ ပတ်သက်လို့ အမျိုးမျိုး ဝိဝါဒ ကွဲပြားနေပေမယ့် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် အမေရိကန် အစိုးရ ထိပ်ပိုင်းအရာရှိတွေကတော့ ပစ်မှတ်နေရာတွေကို ထိထိရောက်ရောက် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုထားခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာတော့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့ အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့ ဦးဆောင်ပြီး အဲဒီ Midnight Hammer စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက် အသစ်တွေကို ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟက်ဂ်ဆက်သ်က အမေရိကန်ဟာ သမိုင်းတလျှောက်မှာ အလျှို့ဝှက်ဆုံးနဲ့ အရှုပ်ထွေးဆုံး စစ်ဆင်ရေး တစ်ခုကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ပြောခဲ့ပေမယ့် အဆင့်အားလုံးကိုတော့ ရှင်းပြခဲ့ခြင်း မရှိပါဘူး။ ကိန်းကတော့ အဆင့်အမြင့်ဆုံး လက်နက် စနစ်တွေနဲ့ စစ်ရေးနည်းပညာတွေကို ချိတ်ဆက် အသုံးပြုပြီး အဲဒီ စစ်ဆင်ရေးကို ဘယ်လို အကောင်အထည် ဖော်ခဲ့သလဲ ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယား စခန်းတွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ ကြွေးကြော်မှုကို သက်သေပြနိုင်မယ့် အချက်အလက်တွေတော့ ကိန်းက တင်ပြမသွားခဲ့ပါဘူး။

သတင်းစာ ရှင်းလင်းပွဲမှာတော့ ကိန်းက ဗုံးကြဲလေယာဉ်မှူးတွေအကြောင်းနဲ့ အဲဒီစစ်ဆင်ရေးအတွက် အချိန်ယူပြီး ဘယ်လိုပြင်ဆင်ခဲ့သလဲ ဆိုတာတွေကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပါတယ်။ ကြဲချခဲ့တဲ့ ဘန်ကာဖျက် ဗုံးတွေဟာ ပစ်မှတ်ကို တိတိကျကျ ထိခိုက်ပျက်စီးစေမှာ သေချာအောင် အစွမ်းကုန် တွက်ချက်ခဲ့ကြပြီး တစ်ကြိမ်မှာဆိုရင် အမေရိကန် သမိုင်းမှာ စူပါကွန်ပျူတာတွေ စုပြုံသုံးစွဲမှု အများဆုံး အခြေအနေထိ ရောက်သွားခဲ့တယ်လို့ ကိန်းက ပြောပါတယ်။

၃၇ နာရီကြာ ဆက်တိုက် ပျံသန်းခဲ့ရတဲ့ ဗုံးကြဲမစ်ရှင်မှာ ပါဝင်ခဲ့တဲ့ လေယာဉ်မှူးတွေဟာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ပါဝင်ပြီး ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ထိလို့ သူက ပြောပါတယ်။ ပြီးတော့ လေတပ်နဲ့ မစ္ဇူရီပြည်နယ် အစောင့်တပ်ရဲ့ လေတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပြီး အများစုဟာ နီဗားဒါးမှာရှိတဲ့ လေတပ်ရဲ့ အဆင့်အမြင့်ဆုံး အကယ်ဒမီမှာ သင်တန်းတက်ရောက်ထားသူတွေလို့လည်း ဆိုပါတယ်။

မစ်ရှင်အတွက် မထွက်ခွာခင်မှာ လေယာဉ်မှူးတွေဟာ ချစ်ခင်တဲ့ မိသားစုတွေကို သေချာ နှုတ်ဆက်ခဲ့ကြကြောင်း၊ သူတို့ကိုယ်တိုင် အိမ်ပြန်ရောက်မရောက် ကြိုတင်ပြီး မသေချာနိုင်ခဲ့ကြောင်း ကိန်းက ပြောပါတယ်။ လေယာဉ်တွေအားလုံး မဇ္ဇူရီက လေတပ်စခန်းဆီ ချောချောမောမော ပြန်ဆင်းသက်လာတဲ့ အခါမှာတော့ မိသားစုဝင်တွေက အလံတွေ ဝှေ့ရမ်းရင်း မျက်ရည်လည်ရွဲ ကြိုဆိုခဲ့ကြတယ်လို့လည်း သူက ပြောကြားသွားပါတယ်။

အမေရိကန်ရဲ့ ဗုံးကြဲမစ်ရှင် မတိုင်ခင် ရက်ပိုင်းအလိုမှာ ကတည်းက အဓိက ပစ်မှတ်နေရာဖြစ်တဲ့ ဖော့ဒို ယူရေနီယမ် သန့်စင်မှု မြေအောက်စခန်းကြီးကို အီရန်က ကြံ့ခိုင်ရေး အားဖြည့်မှုတွေ လုပ်နေခဲ့တယ်လို့လည်း သိရပါတယ်။ ဖော့ဒိုဟာ တောင်တစ်လုံးအောက် မီတာ ၆၀ လောက် အနက်မှာ တည်ဆောက်ထား မြေအောက်စခန်းကြီး တစ်ခုဖြစ်ပြီး အမေရိကန်ရဲ့ ဗုံးတွေဟာ စခန်းအပြင်ဖက် လေစစ် လေဝင်ပေါက်တွေထဲ တည့်တည့်ဝင်သွားအောင် ကြဲချခဲ့တာပါ။ ဒါပေမဲ့ အီရန်က အဲဒီ လေဝင်ပေါက်တွေရဲ့ အပြင်ဖက်မှာ ကွန်ကရစ် ထပ်ကာပြီး ဖုံးကွယ်ဖို့ စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အကုန်ကြိုစီစဉ်ထားခဲ့တဲ့ အခြေအနေကနေ နောက်ဆုံးမိနစ်ပိုင်းမှာတော့ အီရန်ရဲ့ အခင်းအကျင်း ပြောင်းလဲမှုကြောင့် အရေးပေါ် ပြန်ချိန်ညှိရတာမျိုး ကြုံခဲ့ပေမယ့် မျှော်မှန်းထားတဲ့အတိုင်း ပေါင် ၃၀၀၀၀ လေးတဲ့ ဧရာမ ဘန်ကာဖျက်ဗုံးကြီးတွေကို ပစ်မှတ်နေရာတွေဆီ အမှားအယွင်းမရှိ ကြဲချနိုင်ခဲ့တယ်လို့လည်း ကိန်းက ဆက်ပြောပါတယ်။ ဒါဟာ အမေရိကန် သမိုင်းမှာတော့ အဲဒီဗုံးတွေကို ပထမဆုံးအကြိမ် စစ်ဆင်ရေးအဆင့် ထုတ်သုံးတာလည်း ဖြစ်လာပါတယ်။

အဲဒီ ဗုံးကြဲလေယာဉ်တွေ အီရန် လေပိုင်နက်ထဲ မဝင်ခင်မှာ အမေရိကန်ရဲ့ တိုက်လေယာဉ်တွေက ခြံရံ စောင့်ကြပ်ပေးခဲ့သလို ဒေသတွင်း မဟာမိတ် နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်နှစ်ခုကလည်း အီရန်ဆီက တုံ့ပြန် ပစ်ခတ်လာမှုတွေကို ပစ်ချဖို့ အသင့်ရှိနေခဲ့တယ်လို့ ကိန်းက ပြောကြားသွားပါတယ်။

ကိန်းနဲ့ ဟက်ဂ်ဆက်သ်တို ပြောဆိုသွားတဲ့ အချက်အလက်တွေမှာ ဖော့ဒိုစခန်းအကြောင်းကိုပဲ အဓိက ဦးတည်ခဲ့ပြီး တခြားစခန်းတွေဖြစ်တဲ့ နတ်တန့်ဇ်နဲ့ အစ္စဖာဟန်တိုကို တိုက်ခိုက်တဲ့ အကြောင်းကိုတော့ ဘာမှ သေချာ ရှင်းပြမသွားပါဘူး။ ဖော့ဒိုမှာတော့ အထဲက အပျက်အစီးတွေကို ရှင်းဖိုအတွက် ဂေါ်ပြားကြီးကြီး လိုလိမ့်မယ်လို ဟက်ဂ်ဆက်သ်က မှတ်ချက်ပေးခဲ့ပြီး အထဲကို ဘယ်သူမှ ဝင်ရောက်ရှင်းလင်းဖို မဖြစ်နိုင်လောက်ဘူးလိုလည်း ဆိုပါတယ်။

ကိန်းက အပျက်အစီး ဘယ်လောက် ရှိနိုင်သလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ရင် စစ်ရေးနယ်မြေ အပျက်အစီး ဆန်းစစ်မှုတွေကို စစ်တပ်က လုပ်မှာမဟုတ်ဘဲ ထောက်လှမ်းရေး အသိုက်အဝန်းကသာ အဲဒါကို တာဝန်ယူမှာ ဖြစ်တယ်လို မှတ်ချက်ပေးခဲ့ပါတယ်။ စစ်တပ်ဟာ ကိုယ့်အိမ်စာကိုယ် လုပ်ခဲ့ပြီး အမှတ်ပေးတာကတော့ ထောက်လှမ်းရေးဖက်က ကိစ္စလို သူက ပြောပါတယ်။

အီရန် နျူကလီးယား စခန်းတွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ ထရမ့်ရဲ့ မှတ်ချက်ကို ဟက်ဂ်ဆက်သ်က အခိုင်အမာ ကာကွယ် ထောက်ခံခဲ့ပြီး သူ့အနေနဲ့ စစ်ဆင်ရေး အောင်မြင်ခဲ့တယ် ဆိုတာကို အာမခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ်နဲ့ လက်အောက်ခံ အရာရှိတွေ၊ ထောက်လှမ်းရေး အသိုက်အဝန်းနဲ့ တခြားဌာနဆိုင်ရာ အရာရှိတွေ ပူးပေါင်းပြီး စစ်ဆင်ရေးက အမှန်တကယ် အောင်မြင်ခဲ့တယ် ဆိုတာကို ရှင်းပြနိုင်မယ့် အချက်အလက် ဆန်းစစ်မှုတွေကိုလည်း လုပ်ဆောင်နေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကနေ အမေရိကန်ဟာ ဘယ်လို အောင်မြင်မှုမျိုး၊ ရလဒ်ကောင်းမျိုးကိုမှ ပိုင်ဆိုင်မသွားခဲ့ဘူးလို့ အီရန် အစိုးရ အကြီးအကဲက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ဗုံးကြဲမှုကြောင့် အီရန် နျူကလီးယား အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးခဲ့တယ်လို့ ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ မရေမရာ အခြေအနေတွေ ကြုံခဲ့ပေမယ့် အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အီရန်နဲ့ အစ္စရေးတို့ကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ဆက်လက် တည်တံ့နေပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အီရန်ရဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက် ဖျက်ဆီးနိုင်မှု မရှိခဲ့ကြောင်း သတင်းတွေအပေါ် အမေရိကန် အစိုးရက တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။