close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဗုံးကြဲမှုက အီရန် နျူကလီးယား စခန်းတွေကို အကြီးအကျယ် ပျက်စီးစေခဲ့တယ်လို့ CIA အကြီးအကဲပြော

အမေရိကန်ရဲ့ ဗုံးကြဲမှုကြောင့် အီရန် နျူကလီးယား အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးခဲ့တယ်လို့ ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Reuters

အမေရိကန်ရဲ့ ဗုံးကြဲမှုကြောင့် အီရန် နျူကလီးယား အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးခဲ့တယ်လို့ ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အစောပိုင်းတုန်းက ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ထောက်လှမ်းရေး အေဂျင်စီ (DIA)က ဇွန်လ ၂၂ ရက်နေ့တုန်းက အမေရိကန်ရဲ့ ဗုံးကြဲမှုကြောင့် အီရန် နျူကလီးယား စက်ရုံကြီး ၃ ခုမှာ အကြီးအကျယ် ပျက်စီးမှုတွေ မရှိခဲ့ဘဲ လပိုင်းအတွင်း ယူရေနီယမ် သန့်စင်မှုတွေ အီရန်က ပြန်စလာနိုင်ဖွယ် ရှိတယ်ဆိုတဲ့ ကနဦး လျှို့ဝှက် အစီရင်ခံစာကို အစိုးရဆီ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အစီရင်ခံစာဟာ သတင်းဌာနတွေဆီ ပေါက်ကြားလာခဲ့ပြီး အမေရိကန်ရဲ့ စစ်ဆင်ရေး အောင်မြင်မှုဟာ မေးခွန်း ထုတ်စရာတွေ ဖြစ်လာပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် အစိုးရ အရာရှိတွေကတော့ အဲဒီ အစီရင်ခံစာပါ အချက်အလက်တွေရဲ့ တိကျမှုကို ငြင်းဆန်ပြီး စစ်ဆင်ရေးမှာ အီရန် နျူကလီးယား အဆောက်အအုံတွေကို ထိထိရောက်ရောက် ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာတော့ CIAရဲ့ ဒါရိုက်တာဖြစ်သူ ဂျွန်ရတ်ကလစ်ဖ်ကလည်း အဲဒီ အစီရင်ခံစာရဲ့ အာဘော်နဲ့ ဆန့်ကျင်ဖက်အဖြစ် အမေရိကန်ဟာ အီရန်ရဲ့ အချက်အခြာ နျူကလီးယား နေရာဌာနတွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အီရန် နျူကလီးယား စီမံကိန်း တစ်ခုလုံးကို ရှင်းလင်း ချေမှုန်းနိုင်ခဲ့ပြီဆိုတဲ့ အခြေအနေမျိုးထိတော့ သူက အာမခံသွားတာ မရှိခဲ့ပါဘူး။ အစဉ်တစိုက် ယုံကြည်စိတ်ချခဲ့ရတဲ့၊ မှန်ကန်ခဲ့တဲ့ ရင်းမြစ်တစ်ခုဆီက ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းအရ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတချို့ဟာ အကြီးအကျယ် ပျက်စီးသွားတာ သေချာကြောင်း၊ အဲဒါတွေကို ပြန်လည် တည်ဆောက်ဖို့ဆိုရင် နှစ်ပေါင်းများစွာ အချိန်ယူရမှာဖြစ်ကြောင်း ရတ်ကလစ်ဖ်က ဆိုပါတယ်။

အစောပိုင်းမှာ ထရမ့်ကလည်း အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းမှာ ကျောရိုးဌာနတွေကို အကြီးအကျယ် ဖျက်ဆီးပစ်နိုင်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့ ကြွေးကြော်ထားမှုက ခိုင်မာ မှကန်ကန်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေး ထိရောက်အောင်မြင်မှု မရှိခဲ့ဘူး ဆိုတာဟာ မီဒီယာ တချို့က လိမ်လည်ဖြန့်ဝေတဲ့ သတင်းမှားတွေသာ ဖြစ်တယ်လို့လည်း ထရမ့်က စွပ်စွဲခဲ့ပါတယ်။

အမေရိကန်ရဲ့ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကို အသုံးပြုခဲ့တဲ့ Midnight Hammer ဗုံးကြဲမစ်ရှင်ရဲ့ ထိရောက် အောင်မြင်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့၊ ထောက်ပြငြင်းဆန်စရာ မရှိအောင် ပြည့်စုံနေမယ့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့ စစ်ဘက် အရာရှိတွေက ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်လိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။

ထရမ့်ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ အစ္စရေးနဲ့ အီရန်တို့ဟာ ၁၂ ရက်ကြာ စစ်ရေးပဋိပက္ခကို ဇွန်လ ၂၄ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။ အစောပိုင်း နာရီတွေမှာ အဲဒီ အပစ်ရပ် သဘောတူညီမှုဟာ လှုပ်လှုပ်ခတ်ခတ် အခြေအနေ တချို့ကို ဖြတ်သန်းခဲ့ရပေမယ့် လက်ရှိမှာတော့ နှစ်နိုင်ငံစလုံးက ကတိကို ဆက်လက် ထိန်းသိမ်းထားဟန်ရှိပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို တရားစွဲဆိုထားတာတွေ ပယ်ဖျက်လိုက်ဖို့၊ ဒါမှမဟုတ် အပြီးတိုင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ဖို့ အစ္စရေးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် နိုင်ငံတွေက ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ဖို့ ကတိပြု လက်ခံခဲ့ကြခြင်းဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခုလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ မရေမရာ အခြေအနေတွေ ကြုံခဲ့ပေမယ့် အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အီရန်နဲ့ အစ္စရေးတို့ကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ဆက်လက် တည်တံ့နေပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အီရန်ရဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက် ဖျက်ဆီးနိုင်မှု မရှိခဲ့ကြောင်း သတင်းတွေအပေါ် အမေရိကန် အစိုးရက တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။

Trending

Facebook