ကိုဗလရေးသားသည်။
စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြုပြီး ၇.၇ ပြင်းအားရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ အခုဆိုရင် ရက် (၅၀) ပြည့်ခဲ့ပါပြီ။
ဒီငလျင်ကြီးကြောင့် မေလဒုတိယပတ်အထိ သေဆုံးသူ ၃၀၀၀ နဲ့ ၅၀၀၀ ကြား၊ ဒဏ်ရာရသူ ၅၀၀၀ ကျော်နဲ့ ပျောက်ဆုံးသူပေါင်း ၁၀၀ ဦးခန့်ရှိခဲ့ပြီး အဆောက်အဦပေါင်း သောင်းချီ ပြိုကျပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ အခု ရက် ၅၀ ပြည့်ချိန်ထိ မန္တလေး၊အမရပူရနဲ့ စစ်ကိုင်းဘက်တွေမှာ ပြုကျနေတဲ့ အဆောက်အဦ တော်တော်များများကို ဖယ်ရှားရှင်းလင်းတာမျိုးတွေမလုပ်နိုင်သေးပါဘူး။
ဒီငလျင်ကြီးကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတဲ၊ အဆောက်အဦတွေပြိုကျပျက်စီးခဲ့ရတဲ့ ပမာဏဟာ အလွန်များပြားလှပါတယ်။ ငလျင်ရဲ့ဒဏ်ဟာ မြန်မာပြည်သူပေါင်း ၈ သန်းကျော်ကို သက်ရောက်မှု ရှိစေခဲ့ပါတယ်။ အဲ့ဒီလောက်များပြားလောက်အောင် ဆုံးရှုံးခဲ့ရတာတွေရဲ့ အခြေခံအကြောင်းအရင်းတွေက ဘာတွေပါလဲ။ ဆွေးနွေးကြရအောင်ပါ။

Public Service Announcement
၁- အင်အားပြင်းထန်လွန်းခြင်းမတ်လ ၂၈ ရက် နေ့ခင်းဘက်လှုပ်ခဲ့တဲ့ ငလျင်ကြီးဟာ ၇.၇ ပြင်းအားရှိပြီး အလွန်ပြင်းထန်တဲ့ အဆင့်ဖြစ်ပါတယ်။ ပြင်းအား ၇ နဲ့ ၇.၉ ကြားလှုပ်ခတ်ရင် ခိုင်ခံ့တဲ့ အဆောက်အဦတွေမှာတောင် ဆိုးရွားစွာပျက်စီးမှုတွေ ရှိနိုင်တဲ့အခြေအနေဖြစ်တယ်လို့ ငလျင်ပညာရှင်တွေက ဆိုကြပါတယ်။
ဒါ့အပြင် ငလျင်လှုပ်ခတ်တဲ့ကြာချိန်၊ လှုပ်ခတ်တဲ့ မြေအောက်အတိမ်အနက်၊ လှုပ်ခတ်တဲ့ အကြိမ်အရေအတွက်တွေကလည်း ပျက်စီးဆုံးရှုံးနိုင်မှုကို ကွာခြားစေနိုင်ပါတယ်။ စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ပြီး လှုပ်ခတ်မှု ကြာမြင့်ချိန်ဟာ တမိနစ်ကျော်ရှိပါတယ်။ ပိုဆိုးခဲ့စေတာကတော့ ပထမ ၇.၇ ပြင်းအားရှိ ငလျင်လှုပ်ပြီး မိနစ်အနည်းငယ်ကြာမှာ ထပ်ပြီးလှုပ်ခဲ့တဲ့ ၆.၈ ပြင်းအားရှိ ငလျင်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ငလျင်ပြင်းအားများလွန်းတာဟာလည်း ပျက်စီးဆုံးရှုံးမှုကိုပိုများစေတဲ့အခြေခံအကြောင်းအရင်းတွေထဲက တခုပဲ ဖြစ်ပါတယ်။
၂-ခေတ်မီကယ်ဆယ်ရေးပစ္စည်းနဲ့ကျွမ်းကျင်ကယ်ဆယ်ရေးသမားတွေ မရှိခြင်းငလျင်ကယ်ဆယ်ရေးလုပ်ရတာဟာ၊ လေဘေးတို့ ရေဘေးတို့ကို ကယ်ဆယ်ရေးလုပ်ရတာထက် ပိုခက်ခဲ ပိုအန္တရာယ်များပါတယ်။ဗုံးဗုံးပြိုလဲကျသွားတဲ့ အဆောက်အဦတွေနဲ့ တစိတ်တပိုင်းယိုင်နဲ့ပြိုကျသွားတဲ့ အဆောက်အဦတွေအောက်ကို ရောက်သွားကြရတဲ့ လူတွေကို အပြင်ကယ်ထုတ်နိုင်ဖို့ဆိုတာခေတ်မီကယ်ဆယ်ရေးပစ္စည်းနဲ့ကျွမ်းကျင်ကယ်ဆယ်ရေးသမားတွေ လုံလောက်စွာ ရှိနေဖို့လိုပါတယ်။
အခုငလျင်ဘေးမှာ အဲ့တာတွေ လုံလောက်စွာမရှိပါဘူး။ ပြိုကျပျက်စီးမှုများတာကြောင့်ကူညီရှာဖွေကယ်ဆယ်ရေးတွေ မလုပ်နိုင်ခဲ့ပဲ နာရီပေါင်းများစွာ ဒီအတိုင်းထိုင်ကြည့်နေခဲ့ကြရပါတယ်။
နိုင်ငံတကာက ရှာဖွေကယ်ဆယ်ရေးတွေရောက်လာတဲ့အခါ သူတို့အထဲမှာ ကယ်ဆယ်ရေးကျွမ်းကျင်သူတွေ ရှာဖွေရေးခွေးတွေ၊ ခေတ်မီရှာဖွေရေးပစ္စည်းနဲ့ ပိုးဟပ်စက်ရုပ်တွေ ပါလာပါတယ်။ နိုင်ငံတကာအကူညီတွေကြောင့် အဆောက်အဦပျက်တွေအောက်ကနေ အသက်ရှင်လျက်ရှိသူ များစွာကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
၃-ကြိုတင်ပြင်ဆင်မှုအားနည်းခြင်းငလျင်လှုပ်မှာလား၊ မလှုပ်ဘူးလားဆိုတာကို ဘယ်သူမှ ကြိုတင်ပြီး မခန့်မှန်းနိုင်ကြပေမယ့် ငလျင်ဟာလည်း သဘာဝဘေးအန္တရာယ်ထဲမှာ ပါတာမို့ လှုပ်ခဲ့သည်ရှိသော်ဆိုတဲ့ ပေထားချက်ကို အခြေခံပြီးဘက်ပေါင်းစုံကနေကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။သဘာဝဘေးအန္တရာယ်ဟာအလွန်အရေးကြီးတာမို့ မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဆိုတာရှိပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကိုလည်း အထူးဥပဒေအဖြစ်ပြဌာန်းထားပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်ပါဘူး။
မြန်မာပြည်မှာငလျင်အတွက်ငလျင်ကြိုတင်ပြင်ဆင်ရေးလေ့ကျင့်မှုသင်တန်းတွေ၊ငလျင်အပြီးဘေးအန္တရာယ်စီမံခန့်မှု သင်တန်းတွေ အကြိမ်ကြိမ်ပေးခဲ့ပေမယ့် အပေါ်ယံ အဖြစ်သဘောသာ လုပ်ခဲ့ကြတာပါ။ ပြည်သူ့အခွန်အခတွေကို ဒလဟောသုံးခဲ့ပေမယ့် ငွေတွေသာအဟောသိကံဖြစ်ခဲ့ပြီး လူတွေအတွက် အကျိုးမများခဲ့ပါဘူး။ တကယ် အလုပ်ဖြစ်၊ မဖြစ်ဆိုတာ အခုလှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူများနေတာတွေက သက်သေပြနေပါတယ်။
၄-အကျင့်ပျက်ချစားခဲ့ကြခြင်းမတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အဦပေါင်း သောင်းချီ ပြိုကျပျက်စီးခဲ့ရပြီး အဲ့ဒီပျက်စီးမှုဒဏ်ကြောင့် လူပေါင်း ထောင်ချီသေဆုံးခဲ့ကြပါတယ်။ ပြိုကျပျက်စီးခဲ့တဲ့အထဲမှာ ငလျင်ဒဏ်ကို လုံးဝမခံနိုင်လို့ကို ပြိုကျပျက်စီးခဲ့ရတဲ့ အဆောက်အဦတွေပါသလို အစိုးရအဆက်ဆက်က ရာထူးကြီးကြီးယူသူတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပေါင်းကာ အကျင့်ပျက်ခြစားခဲ့တာကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦတွေလည်း အများကြီးပါပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ ငွေများများရဖို့အရေး အဆောက်အဦဆောက်လုပ်ရာမှာ သံတွေ ဘိလပ်မြေတွေ ခိုသုံး(လျှော့)ကြတယ်။သတ်မှတ်ထားတဲ့ အထပ်အရေအတွက် အခန်းအရေအတွက်ထက် ပိုဆောက်လုပ်ကြတယ်။ပြီးတော့ သက်ဆိုင်ရာဌာနကတာဝန်ရှိအရာရှိတွေကို လာဘ်ထိုးပြီး အရည်သွေးမီကြောင်း၊ လူနေထိုင်လို့ သင့်တော်ကြောင်းတွေ အသိအမှတ်ပြုစာတွေ ထုတ်ယူကြတယ်။
တာဝန်ရှိအရာရှိတွေဟာငွေရထားကြမို့ အရည်အသွေးမစစ်ဆေးပဲ သင့်တော်တယ်ဆိုပြီး လက်မှတ်ထိုး ထုတ်ပေးခဲ့ကြတယ်။ အကျင့်ပျက်ခြစားခဲ့ကြလို့ လူပေါင်းများစွာ သေဆုံးထိခိုက်ခဲ့ရတာတွေအတွက် ဖော်ထုတ်အရေးယူသင့်ပါတယ်။
၅-တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းစစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် စစ်တပ်နဲ့တိုင်းရင်းသားပြည်သူတွေအကြား မြန်မာပြည်အနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာ အခုဆိုရင်၅ နှစ်နီးပါးရှိနေပါပြီ။ နိုင်ငံရေးမတည်ငြိမ်မှုများနဲ့အတူ မြန်မာနိုင်ငံတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေဟာ ငလျင်ဒဏ်ခံနေရာတွေကို ကယ်ဆယ်ရေးတွေ လုပ်ဖို့၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့ အဟန့်အတားဖြစ်စေခဲ့ပါတယ်။
ငလျင်ဒဏ်ခံ တိုက်ပွဲတွေဖြစ်ရာ နေရာ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နေရာတွေဆီကို လုံခြုံရေးအခြေနေအရရော စစ်ကောင်စီရဲ့ကန့်သတ်တားမြစ်မှုတွေရောကြောင့် ကယ်ဆယ်ကူညီရေးတွေ မရောက်သလောက်ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီထိန်းချုပ်တဲ့ နေရာတွေမှာလည်း အကူညီပေးဖို့လာရောက်ကြတဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမေးမြန်းကာ ကန့်သတ်မှုတွေလုပ်တာ၊ ရန်လိုခြိမ်းခြောက်တာတွေဟာလည်း အကူအညီတွေအတွက် ကြန့်ကြာမှုတွေ ရှိခဲ့ရပါတယ်။
လိုအပ်တဲ့ကယ်ဆယ်ရေးတွေကူညီရေးတွေမရောက်တာ၊ ရောက်လာတာ အချို့ရှိခဲ့ပေမယ့် နှောင့်နှေးကြန့်ကြာတာတွေကြောင့် လူသေဆုံးမှုတွေ ပိုများလာစေခဲ့ပါတယ်။
အထက်က ဆွေးနွေးခဲ့တာတွေဟာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူတွေသေဆုံးဒဏ်ရာရတာ၊ အဆောက်အဦပြိုကျပျက်စီးတာတွေကို ပိုမိုစေခဲ့တဲ့ အဓိက အခြေခံအကြောင်းတရားတွေပဲ ဖြစ်ပါတယ်။
