close
Connect with us

Hi, what are you looking for?

အတွေးအမြင်

စတာလင်ပြန်လာပြီအာဏာရှင်စနစ်နဲ့ရုပ်ထုနိုင်ငံရေး

မော်စကိုမြို့ရဲ့မြေအောက်ဘူတာရုံတစ်ရုံရဲ့ရှေ့ကို စတာလင်ပြန်ရောက်လာပါတယ်။ သူဟာယုံကြည်မှု အပြည့်၊တည်ကြည်ခန့်ညားစွာနဲ့အရှေ့ကိုငေးကြည့်နေပါတယ်။ သူ့ဘေးမှာတော့သူ့ကိုချစ်ခင်လေးစား အားကျကြတဲ့ကလေးတွေကပန်းစည်းတွေကမ်းလို့ပါ။

၅၅၉ရေးသားသည်။

မော်စကိုမြို့ရဲ့မြေအောက်ဘူတာရုံတစ်ရုံရဲ့ရှေ့ကို စတာလင်ပြန်ရောက်လာပါတယ်။ သူဟာယုံကြည်မှု အပြည့်၊တည်ကြည်ခန့်ညားစွာနဲ့အရှေ့ကိုငေးကြည့်နေပါတယ်။ သူ့ဘေးမှာတော့သူ့ကိုချစ်ခင်လေးစား အားကျကြတဲ့ကလေးတွေကပန်းစည်းတွေကမ်းလို့ပါ။

ဆိုဗီယက်ကွန်မြူနစ်အာဏာရှင်စတာလင်ဟာသူကွယ်လွန်ပြီးနှစ်ပေါင်း၇၂နှစ်အကြာမှာရုရှသမ္မတ ဗလာဒီမာပူတင်ရဲစပွန်ဆာနဲ့လူထုရှေ့ကိုပြန်ရောက်လာပါပြီ။အခုတော့သူ့ရုပ်ထုအသစ်ဟာ မော်စကိုမြို့ရဲ့လူအစည်ကားဆုံးဘူတာရုံရှေ့မှာခန့်ခန့်ညားညားပဲရပ်တည်နေပါတယ်။

ဂျော်ဂျီယာနယ်သား ဂျိုးဇက်စတာလင်ဟာ ဆိုဗီယက်ရုရှကွန်မြူနစ်ပါတီရဲ့အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၂၂ ကနေ ၁၉၅၃ ခုနှစ်မှာသူကွယ်လွန်တဲ့အထိလုပ်ခဲ့ပါတယ်။ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုဗီယက်ရုရှသမိုင်းမှာ အငြင်းပွားစရာအရှိဆုံး အာဏာရှင်တစ်ဦး ဖြစ်ပါတယ်။

သူအုပ်ချုပ်တဲ့ကာလအတွင်း “မဟာကြောက်စရာကာလ” (Great Terror) လို့သမိုင်းမှာပြောခဲ့ကြတဲ့ ၁၉၃၆ -၃၈ခုနှစ်အချိန် အတွင်းမှာ လူပေါင်း ၇၀၀,၀၀၀ ကျော်အသတ်ခံခဲ့ကြရပါတယ်။ စစ်ခေါင်းဆောင်တွေ၊ပညာတတ်တွေ၊တိုင်းရင်းသားလူနည်းစုခေါင်းဆောင်တွေ၊ကွန်မြူနစ်ပါတီဝင်တွေ၊မြေရှင်ယာရှင်တွေစတဲ့လူမျိုးစုံအသက်ဆုံးရှူံးခဲ့ရပါတယ်။

မျက်မုန်းကျိုးသူကို သစ္စာဖောက်၊ ဖေါက်ပြန်ရေးသမား၊အရင်းရှင်စတဲ့စွဲချက်အမျိုးမျိုးနဲ့ နှိပ်ကွပ်ခံခဲ့ကြရတာပါ။သူ့လက်ထက်မှာတိုင်းရင်းသားလူနည်းစုတွေလည်းအဖိနှိပ်ခံခဲ့ကြရပါတယ်။ ကရိုင်းမီးယားက တာတာလူမျိုးတွေကိုသူတို့မြေပေါ်ကနှင်ထုတ်ခဲ့ပါတယ်။

အဆိုးရွားဆုံးခံစားခဲ့ကြရတဲ့အထဲမှာယူကရိန်းတွေကထိပ်ဆုံးမှာပါဝင်ပါတယ်။ “အငတ်ထားပြီးသတ်ဖြတ်မှု” (Holodomor) ဆိုတဲ့အစုလိုက်အပြုံလိုက်သေဆုံးမှုဟာ စတာလင်ကာလ ယူကရိန်းမှာ ၁၉၃၂-၃၃ကာလအတွင်းဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်ကယူကရိန်းဟာ ဆိုဗီယက်ယူနီယံထဲကသမ္မတ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ဆိုဗီယက်ယူနီယံထဲကခွဲထွက်ပြီးလွတ်လပ်ရေးရချင်တဲ့ယူကရိန်းပြည်သူတွေကိုဆုံးမတဲ့အနေနဲ့ စတာလင်ဟာ ယူကရိန်းကထွက်တဲ့ဂျုံတွေအားလုံးကိုရုရှဆီကိုသိမ်းယူသွားခဲ့ပါတယ်။ နှင်းတောထဲမှာ စားစရာမရှိတဲ့ယူကရိန်းပြည်သူတွေသန်းနဲ့ချီပြီးသေဆုံးခဲ့ကြပါတယ်။ Genocide လို့သမိုင်းဆရာ အချို့ကအမည်တပ်ခဲ့ကြပါတယ်။

စတာလင်ကွယ်လွန်အပြီးမှာတက်လာတဲ့ခေါင်းဆောင်ခရူးရှက်ကစတာလင်ရဲ့လုပ်ရပ်တွေကိုရှုံ့ချပြစ်တင်ပြီးစတာလင်ရဲ့ပုံရိပ်နဲ့အရိပ်အငွေ့တွေကိုပြန်ပြောင်းခဲ့ပါတယ်။ Destalinization ဆိုကြပါစို့။ စတာလင်ရဲ့အမည်ကိုချီးမြှောက်ပြီးမှည့်ခေါ်ထားတဲ့ “စတာလင်ဂရက်”မြို့ကို မူရင်းအမည် ဖြစ်တဲ့ “ဗေါ်လ်ဗိုဂရက်”လို့ပြန်ပြောင်းခေါ်တဲ့အထိပါပဲ။

ဒါပေမယ့်ဒီနေ့အထိစတာလင်ထောက်ခံသူအချို့ (အထူးသဖြင့် မျိုးဆက်ဟောင်း)ကရှိနေဆဲပါ။

လုပ်ရပ်အမှားတွေဟာသူ့အောက်ကအရာရှိတွေရဲ့အပြစ်သာဖြစ်တယ်လို့အကြောင်းပြပြီး ဒုတိယကမ္ဘာစစ်ကို ဦးဆောင်တိုက်ခဲ့တဲ့စတာလင်ရဲ့ဂုဏ်ပုဒ်ကို ချီးမြှောက်ကြတုန်းပါ။

ဒီအထဲမှာစတာလင်ရုပ်ထုကိုလာကြည့်တဲ့ ပင်စင်စား လီလီယာ အေမက်ဗီဒီဗာလည်းပါဝင်ပါတယ်။ ၁၉၅၀ မှာမွေတဲ့သူမက “ကျွန်မတို့ခေါင်းဆောင်(ရဲ့ပုံရိပ်)ကိုပြန်ထိန်းသိမ်းထားတာကိုတွေ့ရလို့အရမ်းဝမ်းသာတယ်”လို့ သူမကနယူးယောက်တိုင်းမ်စ် သတင်းစာမှာပြောပါတယ်။

“သူ့ကြောင်ကျွန်မတို့စစ်ပွဲကြီးကိုနိုင်ခဲ့တာ”လို့ မှတ်ချက်ပေးပါတယ်။

၂၅နှစ်အရွယ်သမိုင်းပညာကျောင်းသားဗလာဒီမာကတော့သူမနဲ့အမြင်မတူပါဘူး။ (သူကလုံခြုံရေးအရ သူ့ရဲ့နောက်ဆုံးအမည်ကိုမထုတ်ဖော်ပါဘူး)။ သူကစတာလင်ကို “သွေးစွန်းတဲ့အာဏာရှင်”လို့နယူးယောက်တိုင်းမ်စ်သတင်းစာကိုပြောပါတယ်။

ရုရှသမ္မတပူတင်ဟာသူလွန်ခဲ့တဲ့၂၅နှစ်ကျော်ကသူအာဏာရလာပြီးနောက်ပိုင်းကစပြီးစတာလင်နဲ့ပက်သက်တဲ့အထိမ်းအမှတ်ရုပ်ထုပေါင်း၁၀၈ခုကို ရုရှနိုင်ငံအနှံ့အပြားမှာထုလုပ်ခဲ့ပါတယ်။ရုပ်ထု အများစုကတော့ ယူကရိန်းကိုကျူးကျော်စစ်စတင်ပြီးနောက်ပိုင်းမှာပြုလုပ်ခဲ့တာလို့ သမိုင်းပညာရှင်နဲ့ သတင်းစာဆရာအီဗန်ဇီယာနော့ဗ်ကပြောပါတယ်။

စတာလင်ရဲ့ရက်စက်မှုတွေကိုစိတ်နာကြတဲ့ယူကရိန်းပြည်သူတွေကို ရန်စခြင်းတစ်မျိုးပါပဲ။ ပူတင်ဟာရုရှတပ်တွေသိမ်းပိုက်ထားတဲ့ယူကရိန်းရဲ့မီလီတိုပိုးလ်မြို့မှာတောင် စတာလင်ရုပ်ထုကိုစိုက်ထူခဲ့ပါတယ်။ ရက်ပိုင်းအတွင်းစစ်နိုင်မယ်လို့ယူဆထားခဲ့ပေမယ့် နှစ်နဲ့ချီတဲ့ စစ်ရေးအရမအောင်မြင်မှုဟာ သူ့ရဲ့ရှက်စိတ်ကို ဒေါသအဖြစ်ပြောင်းလဲပေးခဲ့ပုံရပါတယ်။

တကယ်တော့ပူတင်ကိုယ်တိုင်လည်း စတာလင်ရဲ့လုပ်ရပ်တွေကိုအရင်ကရှုံ့ချဝေဖန်ခဲ့ဖူးပါတယ်။ နောက်မျိုးဆက်တွေအနေနဲ့စတာလင် လက်ထက်ကခံစားခဲ့ကြရတာတွေကိုသိနေကြဖို့အရေးကြီးတယ်လို့၂၀၁၇ခုနှစ်က”ဝမ်းနည်းခြင်းတံ တိုင်း” The Wall of Sorrowဖွင့်ပွဲမှာသူပြောခဲ့ပါတယ်။

“ဝမ်းနည်းခြင်းတံတိုင်း”ဟာ စတာလင်ခေတ်ရဲ့ သားကောင်ဖြစ်ခဲ့တဲ့ပြည်သူတွေကိုရည်စူးပြီးအမှတ်တရဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အခုတော့အရာအားလုံးဟာခြားနားသွားခဲ့ပါပြီ။“စတာလင်ကိုလူဆိုးအဖြစ်အလွန်အကျွံ ပြောဆိုခြင်းဟာဆိုဗီယက်ယူနီယံနဲ့ရုရှကိုတိုက်ခိုက်တဲ့ နည်းလမ်းတွေထဲကတစ်ခုပါပဲ” လို့ ပူတင်ကသူ့ကို အင်တာဗျူးလုပ်တဲ့အမေရိကန်ရုပ်ရှင်ဒါရိုက်တာ အိုလီဗာစတုန်းကိုပြောခဲ့ပါတယ်။

စတာလင်ခေတ်က အစုလိုက်အပြုံလိုက် အသတ်ခံရပြီး ထင်းရှူးတောထဲမှာမြှုပ်နှံခံခဲ့ရတဲ့နေရာကို သွားရောက် လေ့လာတဲ့ သမိုင်းပညာရှင် ဒီမီထရီယက်ဗ်ဟာ ၂၀၂၁ခုနှစ်မှာထောင် ၁၅ နှစ်ချခံခဲ့ရပါတယ်။

“ဂူလက်”ဆိုတဲ့စတာလင်ခေတ်ကသေမင်းတမန်အကျဉ်းစခန်းတွေအကြောင်းပြသတဲ့ပြတိုက် (Gulag History Museum)ကို ၂၀၂၄ ခုနှစ်မှာ အကြောင်းအမျိုးမျိုးပြပြီးပိတ်ပင်ခဲ့ပါတယ်။

အခုနှစ်၂၀၂၅ဧပြီမှာတော့ ဗော်လ်ဗိုဂရက်မြို့ (အရင်စတာလင်ဂရက်မြို့) ရဲ့လေဆိပ်ကို “စတာလင်ဂရက်လေဆိပ်”လို့ပူတင်ကအမည်ပြောင်းခဲ့ပါတယ်။

စတာလင်လုပ်ခဲ့တာတွေကိုချေဖျက်တဲ့ Destalinization နေရာမှာ စတာလင်ခေတ်ကို အသက် ပြန်သွင်းတဲ့ Restalinization ပြန်လုပ်ပြီဆိုတဲ့အထောက်အထားတွေဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့နိုင်ငံတော်ဟာလိုအပ်တယ်လို့ထင်လာရင်ဘယ်သူ့ကိုမဆိုရှင်းလင်းသုတ်သင်မယ်။ ရက်စက်ခြင်းဟာရဲရင့်ခြင်းဖြစ်တယ်။

လူဦးရေများတဲ့လူမျိုးဟာလူဦးရေနည်းတဲ့လူမျိုးကိုညှာစရာမလိုဘူး။ကျူးကျော်သိမ်းပိုက်ခြင်းဟာဂုဏ်သိက္ခာဖြစ်တယ်ဆိုတဲ့အတွေးအခေါ်ကိုထင်ထင်ရှားရှားကြေညာခြင်းပါပဲ။

ဒါပေမယ့်ပူတင်လိုလူမျိုးတွေထုတ်မပြောရဲတာတစ်ခုရှိပါတယ်။ စတာလင်ခေတ်က အာဏာရှင်တွေနဲ့ အခုခေတ်အာဏာရှင်တွေရဲ့ကွာခြားချက်ပါ။ပူတင်အပါအဝင်အခုခေတ်အာဏာရှင်တွေဟာ အမျိုးသားရေး လေလုံးတွေ ထွားပြီးနောက်ကွယ်မှာတော့ကမ္ဘာ့အကြီးဆုံးသူခိုးတွေဖြစ်နေတယ် ဆိုတာပါပဲ။

ကိစ္စမရှိပါဘူး။ ရုပ်ထုတွေကအလွယ်တကူတည်ဆောက်လို့ရသလို တစ်နေ့ကြရင်ပြည်သူတွေကလည်း ဒီရုပ်ထုတွေကိုအလွယ်တကူဖြိုချကြဦးမှာပါပဲ။ 

ဆက်စပ်သတင်းများ