close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်ဖို့ ကွန်ဆာဗေးတစ်တွေ စီစဉ်နေ

ညွန့်ပေါင်း အစိုးရထဲက နုတ်ထွက်သွားပြီးတဲ့နောက် ကွန်ဆာဗေးတစ် အင်အားစုတွေဟာ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖယ်ရှားနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Reuters

ညွန့်ပေါင်း အစိုးရထဲက နုတ်ထွက်သွားပြီးတဲ့နောက် ကွန်ဆာဗေးတစ် အင်အားစုတွေဟာ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖယ်ရှားနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်းနဲ့ ဖုန်းဆက် ဆွေးနွေးမှု တစ်ခုမှာ ဖေထောင်ထန်က ထိုင်းစစ်တပ်ကို သိက္ခာချ ပုတ်ခတ်တဲ့ စကားမျိုးတွေ ပြောမိပြီး အဲဒီ ဖုန်းပြောထားတဲ့ အသံဖိုင်က လူသိရှင်ကြား ပေါက်ကြားလာခဲ့ပါတယ်။ အဲဒီဖြစ်ရပ် အပြီးမှာတော့ စစ်တပ်နဲ့ နီးစပ်တဲ့ ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်း ပါတီဟာ ဖေထောင်ထန်ရဲ့ ဖျူထိုင်းပါတီ ဦးဆောင်နေတဲ့ ညွန့်ပေါင်း အစိုးရကနေ ချက်ချင်း နုတ်ထွက်သွားခဲ့ပါတယ်။

အောက်လွှတ်တော် အမတ်နေရာ ၆၉ ခု ပိုင်ဆိုင်ထားတဲ့ ဘွန်ဂျိုင်ထိုင်းရဲ့ နုတ်ထွက်မှုဟာ ညွန့်ပေါင်း အစိုးရ အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။ ဖေထောင်ထန်ဟာ သူ့ရဲ့ စကားအမှားအတွက် ပြန်တောင်းပန်ခဲ့ပြီး ထိုင်းစစ်တပ်နဲ့ ရင်ကြားစေ့ဖို့ ကြိုးစားနေသလို ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲက လက်ကျန် ပါတီတွေကို ဆက်ထိန်းထားနိုင်အောင် အပူတပြင်း ညှိနှိုင်းခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ် ပါတီတစ်ခု နုတ်ထွက်တာနဲ့ ပြိုကွဲသွားလောက်တဲ့ အခြေအနေထိ ညွန့်ပေါင်း အစိုးရက အားနည်းသွားပါတယ်။

ဇွန်လ ၂၄ ရက်နေ့မှာတော့ ဘွမ်ဂျိုင်ထိုင်း ပါတီက လာမယ့်သီတင်းပတ် လွှတ်တော် အစည်းအဝေးတွေ ပြန်စရင် အသက် ၃၈ နှစ်အရွယ် ဝန်ကြီးချုပ် ဦးဆောင်နေတဲ့ အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ စီစဉ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဖေထောင်ထန်ဟာ သူ့ရဲ့ စကားအမှားအတွက် တာဝန်ယူပြီး ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေး တောင်းဆိုမှုတွေ ကြုံနေရတဲ့ အခြေအနေမှာ အခုလိုမျိုး နိုင်ငံရေးအရ ကြီးမားတဲ့ ဆန်းစစ်စိန်ခေါ်မှုကိုပါ ကြုံရတော့မယ့် သဘောပါ။

Public Service Announcement

Public Service Announcement

ထိုင်းမှာတော့ စစ်တပ်ဟာ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ အင်အားစု တစ်ခုအဖြစ် ရပ်တည်နေသလို လတ်တလော ကမ္ဘောဒီးယားနဲ့ နယ်စပ်ကိစ္စ အငြင်းပွားမှုတွေ ဖြစ်နေချိန်မှာ လူထုရဲ့ ထောက်ခံမှုကို ပိုမို ရရှိနေပါတယ်။ ပေါက်ကြားလာတဲ့ အသံဖိုင်မှာတော့ ဖေထောင်ထန်က ထိုင်းစစ်တပ်ကို သူ့ရဲ့ ဆန့်ကျင်ဖက် အင်အားစု ဆိုတာမျိုး သုံးနှုန်းထားသလို ကမ္ဘောဒီးယားနဲ့ ထိစပ်ရာ နယ်စပ်ဒေသတွေကို တာဝန်ယူတဲ့ စစ်ဒေသမှူး ထိုင်းဗိုလ်ချုပ် တစ်ယောက်ကိုလည်း စော်ကားပုတ်ခတ်ထားခဲ့ပါတယ်။

အခုအခါ ကွန်ဆာဗေးတစ်တွေက ဖေထောင်ထန်ကို အယုံအကြည်မရှိ အဆိုတင်ပြီး ဖြုတ်ချဖို့ စိုင်းပြင်းနေသလို ဇွန်လ ၂၈ ရက်နေ့ကျရင် အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေကလည်း ဖေထောင်ထန် နုတ်ထွက်ပေးရေး ဆန္ဒပြ တောင်းဆိုကြဖို့ ပြင်ဆင်နေပါတယ်။

ဘွမ်ဂျာထိုင်း ပါတီက ပေါက်ကြားလာတဲ့ အသံဖိုင်အရ ဖေထောင်ထန် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေရင် ထိုင်းရဲ့ အချုပ်အခြာ အာဏာနဲ့ ခိုင်မာတည်တံ့မှုတွေအတွက် အန္တရာယ် ရှိလာနိုင်ကြောင်း စွပ်စွဲပြီး ညွန့်ပေါင်း အစိုးရကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ပါတီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဘွန်တီဒါ ဆွမ်ချိုင်းက ပါတီတွင်း မဲခွဲဆုံးဖြတ်မှုအရ ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း၊ လာမယ့်သီတင်းပတ် လွှတ်တော် အစည်းအဝေးသစ်တွေ စတာနဲ့ ဦးစားပေး လုပ်မယ့် ကိစ္စဟာ အဲဒီအဆို တင်သွင်းမှု အထမြောက်အောင် ဆောင်ရွက်ဖို့ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဘွမ်ဂျာထိုင်း ပါတီဟာ ဝန်ကြီးချုပ်ကို ဖြုတ်ချမယ့် အဆိုကို လွှတ်တော်မှာ တင်ပြနိုင်တဲ့ အဆင့်ရောက်ဖို့ တခြားပါတီတွေရဲ့ အမတ် ၃၀ ဆီက ထောက်ခံမှုကို လိုအပ်ပါတယ်။ အဆိုတင်မှု အထမြောက်ခဲ့ရင်တော့ လွှတ်တော်မှာ ဆွေးနွေးငြင်းခုံမှုတွေ ဆက်လက် လုပ်ဆောင်ပြီး အဲဒီအဆိုကို မဲခွဲဆုံးဖြတ်မှု ခံယူသွားမှာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှုပ်အထွေးတွေ ဖြစ်စေခဲ့တဲ့ အသံဖိုင် ပေါက်ကြားမှုမှာ သူကိုယ်တိုင် အတင်းပြောမိထားတဲ့ ထိုင်းစစ်တပ် ဗိုလ်ချုပ်တစ်ဦးကို ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

စစ်အာဏာသိမ်းမှု ထပ်ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထိုင်းစစ်တပ်က နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် အာရုံစူးစိုက်ထားကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းပြည်သူတွေအားလုံး စည်းလုံးကြဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားလာတဲ့နောက် ထိုင်းညွန့်ပေါင်း အစိုးရ အဖွဲ့ရဲ့ အခြေအနေဟာ ပြိုကျလုနီးပါး ဖြစ်လာပြီး ဖေထောင်ထန် နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာနေပါတယ်။

Trending

Facebook