အီရန်ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် အီရန်ရဲ့မြို့တော် တဟီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန် တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ကြောင်း ပြောပါတယ်။
ဇွန်လ ၂၄ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ရော၊ အစ္စရေးပါ ၁၂ ရက်ကြာ ဖြစ်ပွားနေခဲ့တဲ့ စစ်ရေး ပဋိပက္ခကို ရပ်တန့်ဖို့ သဘောတူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ နောက်တော့ အစ္စရေးနဲ့ အီရန်က အမေရိကန် စေ့စပ် ညှိနှိုင်းပေးတဲ့ အပစ်အခတ် ရပ်စဲရေးကို လက်ခံတယ်လို့ သီးခြားစီ ထုတ်ပြန်ခဲ့ကြပါတယ်။
နာရီပိုင်းလောက် အကြာမှာတော့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်ဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ပြီး အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲလာတာ ဖြစ်ပါတယ်။ အဲဒီအတွက် တဟီရန်ရဲ့ အချက်အခြာ နေရာက ပစ်မှတ်တွေကို အပြင်းအထန် လက်တုံ့ပြန် ချေမှုန်းမယ်လို့ ကတ်ဇ်က ပြောပါတယ်။

သိပ်မကြာခင်မှာပဲ အစ္စရေး စစ်ဦးစီးချုပ် အီယဲလ် ဇာမားကလည်း အီရန်ဖက်က သဘောတူညီမှုကို ချိုးဖောက်လာတဲ့အတွက် အစ္စရေးဟာ အင်အားသုံး တုံ့ပြန်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး အီရန်ဖက်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ အစ္စရေးဖက် ဦးတည် ပျံသန်းလာနေတာကို ထောက်လှမ်း တွေ့ရှိထားတယ်လို့လည်း ဇာမားက ဆိုပါတယ်။

Public Service Announcement
ဒါပေမဲ့ အီရန်ကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ပြီး အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်ဆိုတာ လုံးဝမဟုတ်ကြောင်း အထပ်ထပ် ငြင်းဆိုထားပါတယ်။ အီရန် အစိုးရ မီဒီယာတွေက အစ္စရေးရဲ့ စွပ်စွဲ ဖော်ပြချက်ကို ငြင်းဆန်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အီရန် လက်နက်ကိုင် တပ်တွေရဲ့ စစ်ဦးစီးချုပ် အရာရှိ အက်ဘ်ဒိုလာဟင် မူဆာဗီကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပယ်ချသွားပါတယ်။
အီရန် အစိုးရ အဓိပတိ ကြီးမှူးနေတဲ့ အမျိုးသား လုံခြုံရေး ကောင်စီက အစ္စရေးနိုင်ငံ၊ အစ္စရေးရဲ့ အလိုတူအလိုပါ အကြမ်းဖက် အားပေးတွေအပေါ် စစ်ဆင်နွှဲမှုကို ရပ်ဆိုင်းထားကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး နောက်ဆက်တွဲအဖြစ် အစ္စရေးက နောက်ထပ် ရန်လိုတာတွေ ရှိလာရင် ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက်နဲ့ အချိန်ကိုက် လက်တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။
အပစ်ရပ် သဘောတူညီမှု စတင်အသက်ဝင်ကြောင်း ကြေညာခဲ့တုန်းက ထရမ့်ဟာ နှစ်နိုင်ငံစလုံးကို အဲဒီ ကိစ္စ မချိုးဖောက်ကြဖို့ တောင်းဆိုခဲ့ပေမယ့်လည်း နာရီပိုင်း အတွင်းမှာတင် အခြေအနေတွေက စတင်လှုပ်ခတ်လာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC
