အရှုပ်အထွေးတွေ ဖြစ်စေခဲ့တဲ့ အသံဖိုင် ပေါက်ကြားမှုမှာ သူကိုယ်တိုင် အတင်းပြောမိထားတဲ့ ထိုင်းစစ်တပ် ဗိုလ်ချုပ်တစ်ဦးကို ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ဇွန်လ ၂၀ ရက်နေ့က ဖေထောင်ထန်ဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်နားမှာရှိတဲ့ ယူဘွန် ရတ်ချာဌာနီကို သွားရောက်ခဲ့ပြီး သူ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ကလန်းက ဝန်ကြီးချုပ်ကို ရဟတ်ယာဉ်နားထိ သွားရောက် ကြိုဆိုခဲ့ပါတယ်။ ဘွန်ဆင်ဆိုတာက ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ဖုန်းဆက်ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေး တင်းမာမှုတွေကို အလွတ်သဘော ဆွေးနွေးခဲ့တုန်းက ဖေထောင်ထန်က ထည့်သွင်း ရည်ညွှန်းခဲ့တဲ့ ထိုင်းကြည်းတပ် အရာရှိ ဖြစ်ပါတယ်။
ပေါက်ကြားလာတဲ့ အသံဖိုင်ထဲမှာတော့ ဖေထောင်ထန်က ဘွန်ဆင်ကို သူ့ကိုဆန့်ကျင်တဲ့ အင်အားစုဖက်ကလို့ သုံးနှုန်းထားသလို ဘွန်ဆင်ဟာ နိုင်ငံရဲ့ ကောင်းကျိုးကို အမှန်တကယ် လိုလားတာ မဟုတ်ဘဲ အများအာရုံစိုက်မှုကိုပဲ လိုချင်နေတာလို့ ဟွန်ဆန်းကို ပြောကြားထားပါတယ်။ ဒါပေမဲ့ ကွယ်ရာမှာ အတင်းပြောမှုဆန်တဲ့ စကားတွေက ဖုန်းအသံဖိုင် ပေါက်ကြားလာချိန်မှာတော့ ဖေထောင်ထန်ကို အကြီးအကျယ် အကျပ်ရိုက်လာစေတာ ဖြစ်ပါတယ်။
ဘွန်ဆင်ဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်လုံခြုံရေးအတွက် အဓိက တာဝန်ယူရတဲ့ စစ်ဦးစီး အရာရှိ တစ်ဦးပါ။ ဖေထောင်ထန်က သူရှိနေတဲ့ စစ်နယ်မြေဆီ သွားရောက်ပြီး နယ်စပ် အခြေအနေတွေကို စစ်ဆေးခဲ့တယ် ဆိုတာဟာ ထိုင်းအစိုးရနဲ့ စစ်တပ်ကြားမှာ စည်းလုံးမှု ခိုင်မာ အားကောင်းနေဆဲဆိုတဲ့ ပုံရိပ်ကို ပြသဖို့ အားထုတ်မှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

Public Service Announcement
အသံဖိုင်ထဲမှာ ဖေထောင်ထန်က ပြောဆိုခဲ့တဲ့ စကားတွေဟာ ဘွန်ဆင်ကိုသာ မကဘဲ ထိုင်းစစ်တပ် တစ်ခုလုံးကိုပါ စော်ကားတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီး စစ်တပ်ရဲ့ မဟာမိတ် နိုင်ငံရေး အင်အားစု တစ်ခုဖြစ်တဲ့ ကွန်ဆာဗေးတစ် ပါတီဟာ ဖေထောင်ထန်ရဲ့ ညွန့်ပေါင်း အစိုးရထဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီ အခြေအနေဟာ ညွန့်ပေါင်း အစိုးရကို သိသိသာသာ အားနည်းသွားစေပြီး နိုင်ငံရေး အနာဂတ် မရေရာမှုတွေ ကြုံလာစေပါတယ်။
နောက်ပြီး အတိုက်အခံတွေက ဖေထောင်ထန်ကို နုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုသံတွေလည်း ပိုမို ကျယ်လောင်လာပါတယ်။ ဒါတင် မကသေးဘဲ သူ့ရဲ့ဖခင်နဲ့ အဒေါ်တို့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ချိန်တုန်းက တွေ့ကြုံခဲ့တဲ့ တူညီတဲ့ ကံကြမ္မာအတိုင်း ဖေထောင်ထန်လည်း စစ်တပ်က အာဏာသိမ်း ဖယ်ရှားတာ ကြုံရတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။
အဲဒီလို ဘေးကျပ်နံကျပ် အခြေအနေတွေကြောင့်လည်း ဖေထောင်ထန်ဟာ ဇွန်လ ၁၉ ရက်နေ့မှာတော့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သူပြောဆိုမိခဲ့တဲ့ စကားတွေအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။ ပြီးတော့ မျက်နှာပူလောက်စရာ ဖြစ်ပေမယ့် သူဟာ ဗိုလ်ချုပ် ဘွန်ဆင် ကွပ်ကဲနေတဲ့ စစ်နယ်မြေ အမှတ် ၂ ကို ကိုယ်တိုင် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဖေထောင်ထန်ဟာ နယ်စပ်မှာ လုံခြုံရေး ယူထားတဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေကို အားပေးစကား ပြောကြားခဲ့သလို အဖွဲ့လိုက် ဓာတ်ပုံတွေလည်း အတူရိုက်ခဲ့ပါတယ်။
ဖေထောင်ထန်နဲ့ မတွေ့ဆုံခင် အင်တာဗျူး တစ်ခုထဲမှာတော့ ဘွန်ဆင်က သူဟာ ဝန်ကြီးချုပ်နဲ့ သီးသန့် ဖုန်းပြောပြီး ဖြစ်သလို ကမ္ဘောဒီးယား နယ်စပ် အငြင်းပွားမှုတွေနဲ့ ပတ်သက်ရင် အရာရာ သတိထားဖို့၊ နိုင်ငံရဲ့ အကျိုးစီးပွားကို ဦးစားပေးတဲ့ ကျင့်ဝတ်မူဝါဒမျိုး ကိုင်ဆွဲဖို့ ဝန်ကြီးချုပ်ကို အကြံပြုခဲ့တယ်လို့ ပြောကြားသွားပါတယ်။ ဒါတင် မကသေးဘဲ ထိထိရောက်ရောက် အကူအညီပေးမယ့် အတွေ့အကြုံရင့် အကြံပေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းပြီး ထိုင်းနိုင်ငံအပေါ် နိုင်ငံတကာ ယုံကြည်မှု ပြန်လည် တည်ဆောက်ယူဖို့လည်း ဝန်ကြီးချုပ်ကို သူက တိုက်တွန်းခဲ့ကြောင်း ဘွန်ဆင်က ဆိုပါတယ်။
လက်ရှိ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာလည်း ဝန်ကြီးချုပ်က သေချာ အာရုံစူးစိုက်ပြီး သတိရှိတာမျိုးကို သူ့အနေနဲ့ မြင်ချင်မိတယ်လို့ The Standard သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘွန်ဆင်က မှတ်ချက်ပေးသွားပါတယ်။ ပြီးတော့ သူ့ရဲ့ အထက်အရာရှိတွေက ချမှတ်တဲ့ နိုင်ငံအတွက် ကောင်းကျိုး ဖြစ်ထွန်းတာ သေချာစေမယ့် ဘယ်လိုကျင့်ဝတ် မူဝါဒကိုမဆို သူက ဆက်လက် လိုက်နာနေဖို့ အသင့်ပဲလို့လည်း ဘွန်ဆင်က ဆက်ပြောပါတယ်။
ကြည်းတပ်ရဲ့ စစ်ဦးစီး အရာရှိ တစ်ဦးဖြစ်တဲ့ ဘွန်ဆင်ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်တွေရဲ့ လုံခြုံရေးကို အဓိက တာဝန်ယူ ကြီးကြပ်ရသူပါ။ သူ့ရဲ့ စစ်နယ်မြေဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အားလုံးနီးပါး အကျုံးဝင်နေပါတယ်။
ပေါက်ကြားလာတဲ့ အသံဖိုင်ထဲမှာ ဖေထောင်ထန်က ဘွန်ဆင်ကို ဆန့်ကျင်ရေး အင်အားစုဖက်ကလို့ သုံးနှုန်းထားခြင်းဟာ ထိုင်းနိုင်ငံရေးမှာ အကြီးအကျယ် ဂယက်ထစေခဲ့ပါတယ်။ ထိုင်းစစ်တပ်ဟာ နိုင်ငံရေးမှာ ဩဇာအကြီးမားဆုံး အင်အားစု တစ်ခုအဖြစ် သမိုင်းကြောင်းတလျှောက် ရပ်တည်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရေးမှာ အကြီးအကျယ် ရှုပ်ထွေးသွားစေတဲ့ အသံဖိုင် ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ဟွန်ဆန်းကတော့ သူ့လက်ချက် မဟုတ်ဘူးလို ပြောပါတယ်။ သူက အဲဒီအသံဖိုင်ကို လွှတ်တော်အမတ်တွေနဲ့ အစိုးရ အဖွဲဝင် အယောက် ၈၀ လောက်စီ ဝေမျှခဲ့ပြီး အဲဒီထဲက တစ်ယောက်ယောက် ဖော်ကောင်လုပ်လိုက်တာ ဖြစ်မယ်လို အပြစ်ဖိုထားပါတယ်။
ဘွန်ဆင်ကတော့ ဝန်ကြီးချုပ်ဟာ သူ့ဆီ ချက်ချင်း ဖုန်းဆက်ပြီး အဲဒီကိစ္စအတွက် တောင်းပန်ခဲ့တယ်လိုလည်း The Standardကို အတည်ပြု ပြောကြားခဲ့ပါတယ်။ သူက အထက်အရာရှိတွေအပေါ် ဆက်လက် သစ္စာခံနေမယ်လို အခိုင်အမာ ပြောကြားခဲ့ပြီး အဲဒီသတ်မှတ်ချက်ဟာ စစ်တပ်ရဲ့ စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်တိုထိ အကျုံးဝင်ပါတယ်။
ဝန်ကြီးချုပ် အနေနဲ့ လက်ရှိ အရှုပ်အထွေးနဲ့ ပတ်သက်ရင် လူထု အမြင်ကြည်အောင်ပဲ ရှင်းလင်းရမှာဖြစ်ပြီး သူနဲ့ ပတ်သက်ရင်တော့ စိုးရိမ်နေဖို မလိုကြောင်းလည်း ဘွန်ဆင်က ပြောကြားသွားပါတယ်။
ကိုးကား: Bangkok Post, The Standard
