close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဗုံးကြဲမှုက အီရန်မှာ အပျက်အစီး မများခဲ့ဘူးဆိုတဲ့ သတင်းတွေကို အမေရိကန် အစိုးရ ငြင်းဆို

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အီရန်ရဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက် ဖျက်ဆီးနိုင်မှု မရှိခဲ့ကြောင်း သတင်းတွေအပေါ် အမေရိကန် အစိုးရက တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။

Maxar

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အီရန်ရဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက် ဖျက်ဆီးနိုင်မှု မရှိခဲ့ကြောင်း သတင်းတွေအပေါ် အမေရိကန် အစိုးရက တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။

အီရန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးပဋိပက္ခမှာ တိုက်ရိုက် ပါဝင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆုံးဖြတ်ခဲ့တဲ့နောက် ဇွန်လ ၂၂ ရက်မှာ အမေရိကန်ဟာ B-2 ဗုံးကြဲလေယာဉ်ကြီးတွေကို အီရန်ပိုင်နက်ထဲ စေလွှတ်ပြီး ယူရေနီယမ် ဓာတ်သတ္တုတွေ သန့်စင်ရာ နျူကလီးယား နည်းပညာဆိုင်ရာ စခန်း ၃ ခုကို ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ ဘန်ကာဖျက် ဧရာမ ဗုံးကြီးတွေ ကြဲချခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးဟာ အထူးအောင်မြင်ခဲ့ပြီး အီရန်ရဲ့ ယူရေနီယမ် သန့်စင်နိုင်စွမ်းကို ထိထိရောက်ရောက် ချေဖျက်ပစ်နိုင်ခဲ့တယ်လို့ ထရမ့်ရော၊ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်စ်ဂက်သ်ကပါ ကြွေးကြော်ခဲ့ပါတယ်။

ဒါပေမဲ့ ဇွန်လ ၂၄ ရက်နေ့ ညပိုင်းမှာတော့ အမေရိကန်ရဲ့ လျှို့ဝှက်အဆင့် ကနဦး အစီရင်ခံချက် တစ်ခုကို အခြေပြုပြီး အမေရိကန်ရဲ့ ဗုံးကြဲမှုဟာ အီရန်ရဲ့ ယူရေနီယမ် သန့်စင်နိုင်စွမ်းကို လပိုင်းလောက် နှောင့်နှေးသွားရုံသာ စွမ်းဆောင်နိုင်ခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အစီရင်ခံမှုကိုတော့ အမေရိကန်ရဲ့ ထောက်လှမ်းရေးဌာန ၁၈ ခုထဲမှာ အပါအဝင်ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာ လှုပ်ရှားနေတဲ့ ကာကွယ်ရေး ထောက်လှမ်းမှု အေဂျင်စီ (DIA)က တင်ပြခဲ့တာပါ။ CNNဟာ အစီရင်ခံစာကို ဖတ်ရှုခွင့်ရတဲ့ သတင်းရင်းမြစ် ၃ ဦးကို ကိုးကားပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုက အရမ်းမထိရောက်ခဲ့ဘူးဆိုတဲ့ တွေ့ရှိချက်အကြောင်း ဖော်ထုတ် ရေးသားခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အစီရင်ခံစာနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အသိုက်အဝန်းထဲမှာတင် အမြင်မတူမှု၊ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာတော့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က အဲဒီသတင်းကို ဒေါကြီးမောကြီးနဲ့ ငြင်းဆိုသွားပါတယ်။ ဒီလို အစီရင်ခံစာမျိုးဟာ ထိပ်တန်းအဆင့် သတ်မှတ်ထားပေမယ့် ထောက်လှမ်းရေး အဝန်းအဝိုင်းထဲက အဆင့်မရှိတဲ့ အမည်မဖော်လိုသူ အရှုံးသမား တစ်ယောက်ယောက်ကြောင့် CNNဆီ ပေါက်ကြားသွားခဲ့ကြောင်း လီယာဗစ်က ပြောပါတယ်။ ပြီးတော့ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေကလည်း အမှားတွေသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အလားတူ ကာကွယ်ရေး ဝန်ကြီး ဟက်ဂ်ဆက်သ်ကလည်း အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုဟာ အီရန်က နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်မယ့် အခြေအနေကို ထိထိရောက်ရောက် ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ အမေရိကန်ရဲ့ အကြီးစား ဗုံးတွေဟာ လိုချင်တဲ့ ပစ်မှတ်ကို တည့်တည့်ထိခဲ့ပြီး မျှော်လင့်ထားတဲ့အတိုင်း ကောင်းကောင်း အလုပ်လုပ်ခဲ့ကြောင်း၊ ဗုံးတွေကြောင့် ထိခိုက်ပျက်စီးမှုတွေဟာ တောင်တစ်လုံးရဲ့ အောက်မှာ ပိမိပြီး ပျောက်ကွယ်နေတာ ဖြစ်ကြောင်း၊ အခုလို မဟုတ်မမှန် သတင်းတွေ ဖြန့်နေတာဟာ သမ္မတ ထရမ့်ရဲ့ စစ်ဆင်ရေး အောင်မြင်မှုကို သိက္ခာချချင်သူတွေရဲ့ လုပ်ရပ်သာဖြစ်ကြောင်း ဟက်ဆက်သ်က တုံ့ပြန်ခဲ့ပါတယ်။

ထရမ့် ခန့်အပ်ထားတဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ကတော့ အီရန်နဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ လျှို့ဝှက် ထောက်လှမ်းရေး အစီရင်ခံစာတွေ ပေါက်ကြားတဲ့ ကိစ္စဟာ သစ္စာဖောက်မှု တစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အရမ်း ရွံစရာကောင်းကြောင်း၊ ဒီလို သစ္စာဖောက်မှုမျိုးကို သေချာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူ ဘယ်သူ့ကိုမဆို ထိုက်သင့်တဲ့ ပြစ်ဒဏ် စီရင် ချမှတ်ရမှာဖြစ်ကြောင်း ဝစ်ကော့ဖ်က Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

သူကလည်း အမေရိကန် ဗုံးဒဏ်ကြောင့် အီရန်ရဲ့ ပစ်မှတ် နျူကလီးယား စခန်း ၃ ခုလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားတာ သေချာကြောင်း ပြောပါတယ်။ အီရန်ကတော့ အမေရိကန် ဗုံးကြဲမှုအပြီး နာရီပိုင်း အကြာမှာတင်ပဲ ပျက်စီးမှု ပမာဏဟာ အရမ်းများဘူးလို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ဗုံးဒဏ်ခံခဲ့ရတဲ့ နေရာတွေမှာ အတွင်းပိုင်း ထိခိုက်မှုတွေ ဘယ်လောက် ဆိုးရွားသလဲ ဆိုတာကိုတော့ တိတိကျကျ ဆန်းစစ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ကိုးကား: CNN, Fox

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ မရေမရာ အခြေအနေတွေ ကြုံခဲ့ပေမယ့် အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အီရန်နဲ့ အစ္စရေးတို့ကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ဆက်လက် တည်တံ့နေပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် အစ္စရေးရော၊ အီရန်ကိုပါ စိတ်ပျက်မိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် အီရန်ရဲ့မြို့တော် တဟီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန် တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ကြေညာခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးရော၊ အီရန်ကပါ အသီးသီး လက်ခံကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ကြပါတယ်။

Trending

Facebook