ဇွန်-၂၁၊၂၀၂၅။ရဲခေါင်/People’s Spring
ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။
အစ္စရေး-အီရန်စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာရွှေ နှင့် ရေနံ စျေးများသည် ဆက်တိုက်တက်နေသောအကျိုးဆက်ကြောင့်ပြည်ပမှတင်သွင်းသော စက်သုံးဆီးစျေးမြင့်တက်နေသည်။ထို့အပြင်ကျပ်ငွေ အစားထိုး ရွှေ နှင့် ဒေါ်လာ ဝယ်လိုသူနှင့်စု ဆောင်သူလည်း များလာသည်။
ယနေ့(ဇွန်လ ၂၁ ရက်)နေ့ ရန်ကုန်တွင်စက်သုံးဆီတရားဝင်အရောင်းဆိုင်များ၏ရည်ညွှန်းစျေးတွင် ဓါတ်ဆီ၉၂ တစ်လီတာလျင် ၂,၉၆၀ကျပ်၊ ၉၅ တစ်လီတာလျင် ၃,၀၃၀ ကျပ်၊ဒီဇယ်တစ်လီတာလျင်ကျပ် ၂,၅၀၀ နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၃,၁၀၀ နှုန်းစစ်ကောင်စီကသတ်မှတ်သည်။

Public Service Announcement
ထိုဈေးနှုန်းသည် (ဇွန်လ ၁၉ ရက်)စျေးနှင့် နှိုင်းယှဉ်ပါက ၉၂ တစ်လီတာ ကျပ် ၁၁၀ နှင့် ၉၅ တစ်လီတာ ၁၁၅ ကျပ် မြင့်တက်ခဲ့ပြီး ဒီဇယ်တစ်လီတာ ကျပ် ၉၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၁၁၀ စျေးတက်လာခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာ့ရေနံစျေးကွက်စျေးတက်နေဆဲပါပဲ။အစ္စရေး- အီရန် အခြေအနေထပ်တင်းမာလာရင်ဒီထက်စျေးပိုတတ်လာနိုင်တယ်”ဟုရေနံစျေးကွက်လေ့လာနေသူတစ်ဦးက ပြောသည်။
ထို့ကြောင့် ပြည်ပမှတင်သွင်းနေရသည့် ပြည်တွင်းစက်သုံးဆီစျေးမှာလည်း အတက်သာ ရှိနိုင်ကြောင်း၎င်းက ခန့်မှန်းသည်။
ထို့အတူ ပြည်တွင်းရွှေစျေး ၁၆ ပဲရည်တစ်ကျပ်သား စျေးနှုန်းမှာလည်း ယနေ့(ဇွန် ၂၁ ရက်)ညနေပိုင်းစျေးကွက်ပိတ်ချိန်ထိ အရောင်း ၈,၀၄၀,၀၀၀ ကျပ်နှင့်အဝယ် ၇,၉၆၀,၀၀၀ ဝန်းကျင်ရှိကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောသည်။
“ရွှေဆိုင်တွေကတော့ အခုအတက်စျေးနီးပါးနဲ့ ပြန်ဝယ်နေကြတာရှိတယ်။ဒါပေမယ့် မရောင်းကြဘူး။အပြင်စျေးကွက်မှာတော့ ၈၀ ပါးပါးနဲ့ အကိုင်၊အလွှတ်ရှိ တယ်။ရွှေဆိုတာ အကျမှမရှိတာအတက်ကြီးပဲလေ။ဒီ လေးနှစ်အတွင်းစျေးထိုးတက်နေတာက မြန်မာငွေ အရမ်းဖောင်းပွတာကြောင့်ပါတယ်”ဟု ရွှေအရောင်း အဝယ်ပြုလုပ်နေသူတစ်ဦးက ၎င်း၏ အမြင်ကိုရှင်းပြသည်။
ရွှေစျေးတည်ငြိမ်ကျဆင်းရေးအတွက်ရွှေဆိုင်များဆက်လက်ဖွင့်လှစ်ထားနိုင်သော်လည်း အခေါက်ရွှေများရောင်းဝယ်ခြင်းမလုပ်ရန်နှင့် ရွှေလှော်ဖို(ရွှေသန့်စင်ဖို)လုပ်ငန်းများရပ်ထားရန် ရွှေလုပ်ငန်းရှင်များအသင်းကိုစစ်ကောင်စီကညွှန်ကြားထားသည်။
စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေသည့် ရွှေလုပ်ငန်း ရှင်အသင်းက ၁၆ ပဲရည်တစ်ကျပ်သား ၅၉ သိန်း ကျပ်ဖြင့်ဇွန် ၂၁ရက်တွင် စျေးဖွင့်ထားသည်။ထိုစျေးဖြင့် မည်သည့် ရွှေဆိုင်မှ အရောင်း၊အဝယ်မပြုလုပ်ပေ။
စစ်ကောင်စီလက်ထက် ဖုံးကွယ်ထားသော စစ်ရေးအသုံးစရိတ်နှင့် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် (GDP)တွင်နှစ်စဥ်လိုငွေပြမှုအပါအဝင် တိုးမြင့်လာသော ပြည်ပချေးငွေကို ကျားကန်ပေးနေရသည့် ဗဟိုဘဏ် က ဒေါ်လာချုပ်ကိုင်မှုသာလျှင် မြန်မာ့စီးပွားရေး နှင့် အခြေခံလူထုကို ပိုမိုမွန်းကြပ်လာစေကြောင်း စီးပွား ရေးလုပ်ငန်းရှင်အချို့က ပြောသည်။
ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေအနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်လည်း ယခင်တစ်ဒေါ်လာ ၄,၄၇၀ ကျပ်မှ ယခု ၄,၅၅၀ ကျပ်ဖြင့်အတက်ဈေးတွင်သာရှိနေသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာစျေးကစားသူများနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြား ငွေ ဝယ်ယူ၊ ရောင်းချ နှင့် လဲလှယ်သူများကို အရေးယူမည်ဟု ဇွန်လ ၁၂ ရက်က စာထုတ်ပြန်၍ ခြိမ်းခြောက်ထားသည်။
