ဇွန်-၂၄၊၂၀၂၅။ရဲခေါင်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝယ်ပေးခဲ့သည့် လေယာဥ်နေရာတွင် အစားထိုးရန် Myanmar Airways International (MAI)က လေယာဥ်တစ်စီးကို ဝယ်ယူလိုက်သည်။
အာဏာသိမ်းခေါင်းဆောင်နှင့် နီးစပ်သောခရိုနီဦးအောင်အောင်ဇော်ပိုင်သည့် MAI ၏ဖေစ်ဘွခ်စာမျက်နှာက ဇွန် ၂၃ ရက်ညပိုင်းထုတ်ပြန်ချက်အရ ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာသည့် လေယာဥ်မှာ Airbus အမျိုးအစား A319 လေယာဥ် ဖြစ်ကာ XY-ALY ဖြင့် မှတ်ပုံတင်ကြောင်း ဖော်ပြသည်။
ယခုနှစ် ဖေဖော်ဝါရီလကအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သီးသန့်အသုံးပြုရန် ခရိုနီအောင်အောင်ဇော်က ဝယ်ပေးခဲ့ သည့်လေယာဥ်မှာလည်း Airbus အမျိုးအစား A319 ပင်ဖြစ်

Public Service Announcement
သည်။သို့သော် နိုင်ငံတကာလေယာဥ်မှတ်ပုံတင်နံပါတ်သည် XY-ALK ဖြစ်သည်။လေယာဥ်ကို “ပုဂံ’ဟုအမည်ပေးထားသည်။
နိုင်ငံတကာလေကြောင်းဆိုင်ရာအချင်အလက်များ အရ Airbus A319 ၏ တစ်စီးစျေးနှုန်းသည် ဒေါ်လာ သန်း ၆၀ ထက်မနည်းရှိသည်။
“အခု MAI ဆီရောက်တဲ့လေယာဥ်က Bangkok Airways က ရောင်းလိုက်တယ်ကြားတယ်”ဟု ပြည်တွင်းရှိ လေယာဥ်မောင်းတစ်ဦးကလူထုနွေဦးသို့ ပြောသည်။
ယခုလေယာဥ်သစ်တစ်စီးအပါအဝင် MAI တွင်လေယာဉ်အင်အားစု စုစုပေါင်း ၁၁ စီး ရှိကြောင်းဆိုသည်။
အာဏာရှင်ဟောင်းဦးသန်းရွှေလက်ထက်က တည်းက စစ်တပ်နှင့်ပေါင်း၍ လုပ်ငန်းလုပ်ကိုင်ခွင့်များ ရယူခဲ့သည် အောင်အောင်ဇော်သည် အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေး၊လျှပ်စစ်ထုတ်လုပ် ရေး၊လောင်စာဆီတင်သွင်းမှုသောအစရှိသည့် လုပ် ငန်းကြီးများကို လုပ်ကိုင်နေကြောင်းသိရသည်။
ဦးအောင်ကိုဝင်း၏ ကမ္ဘောဇကုမ္ပဏီအုပ်စု ပိုင်ခဲ့သောMAI နှင့် KBZ လေကြောင်းလိုင်းတို့၏ ရှယ်ယာအများစုကို ၂၀၁၈ ခုနှစ်တွင် ဦးအောင်အောင်ဇော် ၏ 24 HOUR GROUP ကဝယ်
ယူခဲ့သည်။ သို့သော် KBZ ထံမှ MAI နှင့် KBZ လေကြောင်းလိုင်းများဝယ်ယူခဲ့မှုကို ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ခဲ့ခြင်းမရှိ၍ ရာနှုန်းပြည့်အပြီးအပြတ်ရောင်းချခြင်းလား ၊ရာခိုင်နှုန်း အများစုကိုရောင်းချခြင်းလား ဆိုသည်ကိုမူ မသိရသေးပေ ။
စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီစပ်သော ခရိုနီ ဦးအောင်
အောင်ဇော် မှာလုပ်ငန်းများပိုမိုချဲ့ထွင်လာသည်။၎င်းသည် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်များနှင့်လည်းနီးစပ်ပြီးကိုးကန့်ဒေသတွင်လေယာဥ်နှင့် ရဟတ်ယာဥ်ကွင်းများဆောက်ရန်စီစဥ်ခဲ့သေးသည်။
ထို့အပြင်စစ်အုပ်စုအတွက် ATR လေယာဥ်များပျံသန်းနိုင်ရန် ကူညီပေးနေသော ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများတွင် 24 Hour Group လည်းပါဝင်ပြီး နိုင်ငံတကာက ဒဏ်ခပ်အရေးယူရန် Justice For Myanmar (JFM)က၂၀၂၄ သြဂုတ် ၂၉ ရက်တွင်ထုတ်ပြန်ထားသည်။
၂၀၂၅ မတ်လတွင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏ ရုရှားခရီးစဥ်၌ လိုက်ပါခဲ့သော ခရိုနီလုပ်ငန်းရှင်များတွင် ဦးအောင်အောင်ဇော်လည်းပါဝင်သည်။
