ဟားမားစ် ပြောက်ကျားအဖွဲ့နဲ့ ချိတ်ဆက်မှုတွေကို အဓိက တာဝန်ယူတဲ့ အီရန် စစ်ဦးစီး တစ်ဦးကို လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးက ကြေညာပါတယ်။
ဇွန်လ ၂၁ ရက်နေ့က အီရန်ရဲ့ ကွမ်မြို့မှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုမှာ ဆာ့ဒ် အစ်ဇာဒီကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ပါတယ်။ အစ်ဇာဒီကို လုပ်ကြံနိုင်ခဲ့ခြင်းဟာ လက်ရှိ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခမှာ အရေးပါတဲ့ အလှည့်အပြောင်း တစ်ခုလို့လည်း IDFက ညွှန်းဆိုခဲ့ပါတယ်။
အစ်ဇာဒီဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်မြို့ရွာတွေကို ဝင်ရောက်တိုက်ခိုက်ပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်၊ ၂၅၁ ဦးကို ပြန်ပေးဆွဲသွားခဲ့တဲ့ စစ်ဆင်ရေးမှာ နောက်ကွယ်က အဓိက ကြိုးကိုင်သူ တစ်ဦးလို့လည်း IDF အကြီးအကဲ အီယဲလ်ဇာမားက ပြောပါတယ်။
အစ်ဇာဒီရဲ့လက်မှာ ထောင်နဲ့ချီတဲ့ အစ္စရေးတွေရဲ့ သွေးတွေ စွန်းပေနေကြောင်း၊ သူ့ကို သုတ်သင်လိုက်နိုင်တာဟာ အစ္စရေးအတွက် ခမ်းနားကြီးကျယ်လွန်းတဲ့ ထောက်လှမ်းရေးနဲ့ စစ်ဆင်ရေး အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း ဇာမားက ကြေညာခဲ့ပါတယ်။

Public Service Announcement
အီရန်ကတော့ အစ်ဇာဒီ သေဆုံးသွားတယ်ဆိုတဲ့ အစ္စရေး ကြေညာချက်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲပါ။ အရင်တုန်းကတော့ အစ်ဇာဒီဟာ ဟားမားစ်တွေရဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်နေတယ် ဆိုတာကို အီရန်ဖက်က ငြင်းဆိုထားပါတယ်။
မြို့တော် တဟီရန်ရဲ့ တောင်ဖက်မှာ တည်ရှိတဲ့ ကွမ်မြို့ထဲက တိုက်ခန်းတစ်ခုကို ပစ်မှတ်ထားခဲ့တဲ့ စစ်ဆင်ရေးမှာ အစ်ဇာဒီကို သုတ်သင်နိုင်ခဲ့တာလို့ IDFက ပြောပါတယ်။ အစ်ဇာဒီဟာ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ပါလက်စတိုင်းဆိုင်ရာ တပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဟားမားစ်သာ မကဘဲ ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနဲ့ အဆက်အစပ်ရှိခဲ့တဲ့ သဘောပါ။
အစ်ဇာဒီဟာ ဟားမားစ်ကို ငွေကြေးထောက်ပံ့မှုတွေအတွက် ချိတ်ဆက်ပေးလေ့ ရှိသလို IRGC စစ်ဦးစီးတွေနဲ့ ဟားမားစ် ခေါင်းဆောင်တွေကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ ကြားခံအဖြစ် ဆောင်ရွက်ပေးလေ့ ရှိတယ်လို့ IDFက စွပ်စွဲထားပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလတုန်းက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်မြို့မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး IRGCရဲ့ အထူးစစ်ဆင်ရေးယူနစ် Qudsရဲ့ ထိပ်တန်း အရာရှိတချို့ သေဆုံးခဲ့ပြီး အစ်ဇာဒီကတော့ အသက်ဘေးက ပွတ်ကာသီကာ လွတ်မြောက်ခဲ့ပါတယ်။
အစ်ဇာဒီကို လုပ်ကြံနိုင်ခဲ့ပြီဆိုတဲ့ အစ္စရေးရဲ့ ထုတ်ပြန်ချက်သာ မှန်ကန်ရင်တော့ IRGCအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုဆိုတာ သံသယရှိဖို့ မလိုပါဘူး။ အစ္စရေးဟာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ အတွင်းမှာ အီရန်ရဲ့ တခြားထိပ်တန်း စစ်ဦးစီး တချို့နဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေကိုလည်း အောင်အောင်မြင်မြင် လုပ်ကြံ သတ်ဖြတ်နိုင်ခဲ့ပါတယ်။
ကိုးကား: BBC
