close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ အပစ်ရပ် ကြေညာချက်ကို အတည်ပြု လက်ခံကြောင်း အစ္စရေးရော၊ အီရန်ပါ အတည်ပြု

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ကြေညာခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးရော၊ အီရန်ကပါ အသီးသီး လက်ခံကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ကြပါတယ်။

The New York Times

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ကြေညာခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးရော၊ အီရန်ကပါ အသီးသီး လက်ခံကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ကြပါတယ်။

ဇွန်လ ၂၄ ရက် မနက်အစောပိုင်းတုန်းက ထရမ့်ဟာ အီရန်နဲ့ အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲမှု စတင်တော့မယ်လို့ ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုအခါမှာတော့ အစ္စရေးရော၊ အီရန်ကပါ အမေရိကန်ရဲ့ ညှိနှိုင်းမှုအတိုင်း အပစ်အခတ် ရပ်စဲလိုက်ကြဖို့ အသီးသီး ကြေညာသွားပါတယ်။

အီရန်နိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေ ပြည့်မြောက် အောင်မြင်သွားပြီ ဖြစ်တာကြောင့် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို လက်ခံခဲ့တယ်လို့ အစ္စရေး အစိုးရက ဆိုပါတယ်။ အဲဒီ စစ်ဆင်ရေးတွေအတွင်း အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေ နှစ်ခုစလုံးကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ခဲ့တယ်လို့ အစ္စရေးရဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

နောက်ပြီး အီရန်နဲ့ ၁၂ ရက်ကြာ တိုက်ခိုက်ခဲ့တဲ့ ကာလအတောအတွင်း ဝင်ရောက်ကူညီပြီး အီရန် နျူကလီးယား စခန်းတွေကို တိုက်ခိုက် ဖျက်ဆီးပေးခဲ့တဲ့အတွက် အမေရိကန် နိုင်ငံနဲ့ သမ္မတ ထရမ့်ကို ကျေးဇူးတင်ကြောင်းလည်း အစ္စရေးက ပြောပါတယ်။ အစ္စရေး အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို လက်ခံကြောင်း၊ အဲဒီသဘောတူညီမှုကို ချိုးဖောက်ရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှာ ဖြစ်ကြောင်းလည်း အစ္စရေး အစိုးရက ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ အီရန်အစိုးရကလည်း ထရမ့်ရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံပြီး အစ္စရေးနဲ့ အပစ်အခတ် ရပ်စဲမှု စတင်လိုက်ပြီလို့ နိုင်ငံပိုင် မီဒီယာကနေတဆင့် ကြေညာခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲမှု မတိုင်ခင်မှာ ကာတာအခြေစိုက် အမေရိကန် လေတပ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ဆင်ရေးက အောင်မြင်ခဲ့တယ်လို့လည်း အီရန်က ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ အီရန် နျူကလီးယား စခန်းတွေကို လွန်ခဲ့တဲ့ ၂ ရက်လောက်မှာ အမေရိကန်က ဗုံးကြဲခဲ့လို့ လက်တုံ့ပြန်ခြင်း ဖြစ်ပါတယ်။ အမေရိကန်ဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရမှုမှာ အမှုထမ်းတွေကို ကြိုတင် ရွှေ့ပြောင်းထားတာကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိသလို အီရန်ဒုံးကျည် အများစုလည်း ကြားဖြတ်ပစ်ချ ခံခဲ့ရတယ်လို့ ပြောပါတယ်။

ထရမ့်ကတော့ အခုအခါ အီရန်နဲ့ အစ္စရေးတို့ရဲ့ အပစ်အခတ် ရပ်စဲမှုဟာ စတင် အသက်ဝင်နေပြီဖြစ်ကြောင်း ကြေညာပြီး နှစ်ဖက်စလုံးကလည်း ချိုးဖောက်တာတွေ မလုပ်ကြစေလိုကြောင်း ပြောကြားသွားပါတယ်။

အပစ်အခတ် ရပ်စဲမှု စတင် အသက်မဝင်ခင် နောက်ဆုံး နာရီပိုင်းတွေမှာတော့ အီရန်နဲ့ အစ္စရေးကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။ အီရန်မြောက်ပိုင်းမှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေ၊ ၃၃ ဦး ဒဏ်ရာရပြီး အိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ အီရန် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ပြီးတော့ အီရန်ဖက်က ဒုံးကျည်တွေ အသုတ်လိုက် ပစ်ခတ်မှုကြောင့်လည်း ဇွန်လ ၂၄ ရက် မနက်ပိုင်း အစ္စရေး တောင်ပိုင်း၊ ဘီရာရှီဘာမြို့မှာ ၄ ဦးသေပြီး ၂၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် အစ္စရေးရော၊ အီရန်ကိုပါ စိတ်ပျက်မိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် အီရန်ရဲ့မြို့တော် တဟီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန် တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်က အီရန်ရဲ့ နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ကာတာနိုင်ငံမှာ ထားရှိတဲ့ အမေရိကန်ရဲ့ အယ်လ်အိုဒေး လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်တို့ကြား ပထမအဆင့်အဖြစ် ၁၂ နာရီကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။