Scorpio/People’s Spring
ဇွန်လ ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်၊ မကွေးတိုင်း၊ စလင်းမြို့နယ်တနေရာ။
နေပူပြီး လေတိုက်နေတဲ့ နယုန်လဆုတ်ရဲ့ ရက်တရက် နေ့လယ်ပိုင်းမှာ စလင်းမြို့နယ်ထဲက လမ်းပိုင်းတနေရာမှာ ပုဇဥ်းခေါင်းထွေလာဂျီယာဥ်တစ်စီးဟာ တဖုန်းဖုန်းနဲ့ မောင်းနှင်လာတယ်။ ကားပေါ်မှာတော့ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်သည် မဆွေ(အမည်လွှဲ)ဟာ ပုဇဥ်းခေါင်းယာဥ်ရဲ့ဘေးအကာအရံကို မှီရင်းလိုက်လာတယ်။
မဆွေဟာ နေ့စေ့လစေ့ကြီးမို့ ကားပေါ်ကပါလာတဲ့ သူ့ယောကျာ်းရယ်၊မိခင်နဲ့ဆွေမျိုးတသိုက်ဟာ စိတ်ပူစပြုနေတယ်။ သွားမွေးရမယ့်မြို့ကလည်း ဝေးနေသေးတာကြောင့် အားလုံး စိုးရိမ်တကြီး ဖြစ်နေကြတယ်။

Public Service Announcement
အဲဒီအချိန်မှာပဲ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တွေ ကင်းလှည့်တာနဲ့တိုးပြီး မဆွေတို့ယာဥ်ပေါ်ကို လှမ်းကြည့်ပါတယ်။ မေးမြန်းတာတချို့ဖြေကြားပြီး ဆက်ထွက်မယ်အလုပ်မှာ မဆွေဗိုက်က နာလာပါတော့တယ်။ ယာဥ်ပေါ်ပါ လူကြီးတွေလည်း မဆွေမွေးတော့မယ်ဆိုတာကိုသိလိုက်ကြတယ်။ မြို့နဲ့ဝေးသေးတာကြောင့် ဘာလုပ်ရမှန်းမသိကြတော့ဘူး။
အဲဒီအချိန်မှာ စလင်းပကဖရဲဘော်တွေက သူတို့မှာ ဆေးတပ်သားတွေရှိပါတယ်။ ခေါ်ပေးမယ်ဆိုပြီး ပြေတယ်။ လူငယ်လေးတွေဖြစ်နေတာရယ်၊ ဆေးရုံဆေးခန်းမှာလည်း မဟုတ်ကြတော့ အဆင်မှပြေပါ့မလားဆိုပြီးကားပေါ်ပါသူတွေစိုးရိမ်ခဲ့ကြတယ်။
မိနစ်ပိုင်းလေးအတွင်းမှာပဲ ဆေးတပ်သားလေးတွေ မဆွေတို့ ပုဇဥ်းခေါင်းယာဥ်နား ရောက်လာကြတယ်။ ပုဇဥ်းခေါင်းယာဥ်ပေါ်မှာတင် မွေးခန်းတခုအမြန်ဖန်တီးလိုက်ကြတော့တယ်။
ဆေးတပ်သားလေးတွေကအသက် ၂၀ နဲ့ ၂၅နှစ် ကြားမှာပဲ ရှိကြသေးတဲ့ လူငယ်လေးတွေပါ။ အရင်ကတည်းကလည်း ဆေးတပ်သားတွေဟာ စလင်းပကဖရဲ့စိုးမိုးနယ်မြေတွေက ပြည်သူတွေကို ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနေခဲ့တာပါ။အာဏာသိမ်းကာလအတွင်း သူတို့မွေးပေးခဲ့တဲ့ကလေးက ၁၅ ဦးရှိပြီလို့ သိရတယ်။
ဆေးတပ်သားလေးတွေဟာ မဆွေကို ၁၅ မိနစ်လောက်အတွင်းမှာပဲ အောင်အောင်မြင်မြင် မွေးဖွားပေးနိုင်ခဲ့ကြတယ်။ မွေးတာကတော့ သမီးလေးပါ။ သမီးလေးကို တွေ့လိုက်ရတော့ မဆွေကော ကားပေါ်ပါ မိသားစုဝင်တွေအားလုံး ပြုံးပျော်သွားကြတယ်။ ဆေးတပ်သားလေးတွေကိုလည်း ကျေးဇူးတွေ အထပ်ထပ်တင်နေကြတယ်။ ကားပေါ်ပါသူတွေကလည်း ဆေးတပ်သားလေးတွေကို ချီးကျူးကြတယ်။ ပြည်သူတွေဆီက ချီးကျူးသံတွေကြားရတော့ ဆေးတပ်သားလေးတွေလည်း ဂုဏ်ယူပီတိဖြစ်ကြတယ်။
“သူတို့တော်တော်လေးဝမ်းသာသွားတယ်။”လို့ ကလေးမွေးဖွားရာအနီးမှာ ရှိခဲ့တဲ့ ပကဖအဖွဲ့ဝင်တဦးက ပြောတယ်။
အပျော်ဆုံးကတော့ ကလေးမိခင်ပါ။ မိခင်က သူ့ရင်သွေးလေးကိုကြည့်ရင်း ကျေနပ်စွာ ပြုံးနေတာပါ။ အဲဒီမြင်ကွင်းလေးကိုကြည့်ရင်း ကြည်နူးရတယ်လို့ စလင်းပကဖအဖွဲ့ဝင်တွေက ပြောပြတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ ကိုယ်ဝန်ဆောင်သည်သေဆုံးတာ၊ စစ်ရှောင်ရင်း ကိုယ်ဝန်ပျက်ကျတာ၊ မီးဖွားပြီးမှ ကလေးနဲ့မိခင်သေဆုံးတာတွေ အများအပြားရှိခဲ့တယ်လို့စစ်ကိုင်းနဲ့ မကွေးတိုင်းကတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စလင်းပကဖကဆေးတပ်သားတွေ ကလေးမွေးပေးအပြီး ညပိုင်းမှာ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က ပါချုပ်ဆရာတော်ရဲ့မေတ္တာနန္ဒဆေးရုံကိုစစ်တပ်ကဗုံးကြဲတိုက်ခိုက်လို့ ကလေးမွေးဖွားထားတဲ့အသက်၃၀ အရွယ်မိခင် ၁ဦးသေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ဦး သေဆုံးခဲ့ရပါသေးတယ်။
အာဏာသိမ်းကာလတလျှောက်လုံးမှာလည်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ပြည်သူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။
ကလေးမွေးပြီးတော့ မဆွေတို့ထွေလာဂျီလေးဟာ ရွာဘက်ကို ပြန်ခေါင်းတည်လိုက်တယ်။အဝေးကြီးလိုသေးတဲ့မြို့ကို မဆွေတို့သွားစရာမလိုတော့ဘူး။ မဆွေတို့မိသားစုဟာ ကာကွယ်ရေးရဲဘော်တွေနဲ့ ဆေးတပ်သားတွေကို ကျေးဇူးအထပ်ထပ်တင်ရင်း ပြုံးရွင်စွာနဲ့ လက်ဝှေ့ယမ်းကာ နူတ်ဆက်သွားခဲ့ကြတယ်။
စလင်းပကဖအဖွဲ့ဝင်တွေ၊ ဆေးတပ်သားလေးတွေက ကြည်နူးခဲ့ကြတယ်။
“ပြည်သူကို တက်နိုင်တဲ့ဘက်ကနေ ကူညီပေးနေရရင်ကို ကျနော်တို့ ပျော်နေပါတယ်။”လို့ စလင်းပကဖ ဒုတာဝန်ခံ ကိုအောင်ဆန်းကပြောလိုက်ပါတယ်။
(ကလေးမွေးပြီးနောက် မိခင်နှင့်အတူ တွေ့ရစဥ်။ ဆေးတပ်သားများနှင့် ကလေးမိခင်အား တွေ့ရစဥ်။ ဓာတ်ပုံ-စလင်းပကဖ)
