close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အသံဖိုင် ပေါက်ကြားမှုအပြီး ထိုင်းညွန့်ပေါင်းအစိုးရ ပြိုကွဲစပြု၊ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားလာတဲ့နောက် ထိုင်းညွန့်ပေါင်း အစိုးရ အဖွဲ့ရဲ့ အခြေအနေဟာ ပြိုကျလုနီးပါး ဖြစ်လာပြီး ဖေထောင်ထန် နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာနေပါတယ်။

Government House

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားလာတဲ့နောက် ထိုင်းညွန့်ပေါင်း အစိုးရ အဖွဲ့ရဲ့ အခြေအနေဟာ ပြိုကျလုနီးပါး ဖြစ်လာပြီး ဖေထောင်ထန် နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာနေပါတယ်။

ပေါက်ကြားလာတဲ့ ဖုန်းအသံဖိုင်ထဲမှာတော့ ဖေထောင်ထန်က ထိုင်းစစ်တပ်ရဲ့ သိက္ခာကို ထိခိုက်စေမယ့် စကားလုံးမျိုးတွေ ပြောဆိုထားတယ်လို့ စွပ်စွဲပြီး အာဏာရ ဖျူထိုင်းပါတီ (PTP) ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ကနေ ကွန်ဆာဗေးတစ် ပါတီက နုတ်ထွက်သွားခဲ့ပါတယ်။ ကွန်ဆာဗေးတစ် ပါတီဟာ ညွန့်ပေါင်း အစိုးရထဲမှာ PTPအတွက် အားအကောင်းဆုံး မိတ်ဖက် အင်အားစုအဖြစ် ရပ်တည်နေခဲ့တာပါ။

ဘွမ်ဂျိုင်ထိုင်းလို့ခေါ်တဲ့ ကွန်ဆာဗေးတစ် ပါတီရဲ့ အောက်လွှတ်တော် ရွေးကောက်ခံ အမတ်နေရာ ၆၉ ခုကို ဆုံးရှုံးလိုက်ခြင်းက ညွန့်ပေါင်း အစိုးရ အနေနဲ့ လွှတ်တော်ထဲမှာ ပြိုင်ဘက်တွေထက် အသာစီးယူ ရပ်တည်ဖို့ ခက်ခဲသွားပါတယ်။ ဒါ့အပြင် ညွန့်ပေါင်း အစိုးရထဲမှာ ပါဝင်တဲ့ ယူနိုက်ထိုင်းအမျိုးသားပါတီနဲ့ ဒီမိုကရက် ပါတီတို့ကလည်း လက်ရှိ အခြေအနေတွေကို ဇွန်လ ၁၉ ရက် ညနေပိုင်းမှာ အရေးပေါ် တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ အဲဒီထဲက ပါတီတစ်ခုလောက် နုတ်ထွက်ရင်တောင် ဖေထောင်ထန် ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရ အဆုံးသတ်သွားနိုင်ပြီး ရွေးကောက်ပွဲ အသစ်ကျင်းပရတာ၊ ဒါမှမဟုတ် ညွန့်ပေါင်း အစိုးရအသစ် ထပ်ဖွဲ့ဖို့ မိတ်ဖက် ရှာဖွေရတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီအတောအတွင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာဝစ် ဝန်ဆာဝမ် ဦးဆောင်တဲ့ ပါလန် ပရာချာရက်သ် ပါတီကလည်း ဖေထောင်ထန် အနေနဲ့ ဖုန်းခေါ်ဆိုမှုထဲမှာ ပြောထားတဲ့ စကားတွေကို တာဝန်ယူပြီး ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုလာပါတယ်။ ပရာဝစ်ဟာ ဖေထောင်ထန်ရဲ့ အဒေါ် ယင်လက်ခ် ရှီနာဝတ်ထ်က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်နေခဲ့တဲ့ ထိုင်းအစိုးရကို ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်း ဖြုတ်ချခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ ဒုတိယ အကြီးအကဲလည်း ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၅ ရက်နေ့ ဖုန်းခေါ်ဆိုမှုဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား လက်ရှိ ကြုံတွေ့နေတဲ့ နယ်စပ်ရေးရာ အငြင်းအခုံတွေကို ဖေထောင်ထန်က လက်ရှိ ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဟွန်ဆန်းနဲ့ အလွတ်သဘော ဆွေးနွေးဖို့အတွက် ဖြစ်ပါတယ်။ ဟွန်ဆန်းက ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ရည်ရွယ်ပြီး အဲဒီဖုန်းပြောမှုကို အသံသွင်းထားကြောင်း ဇွန်လ ၁၈ ရက်နေ့မှာ ဝန်ခံ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ၁၇ မိနစ်ကြာခဲ့တဲ့ ဖုန်းခေါ်ဆိုမှုကနေ ၉ မိနစ်စာ ဖြတ်တောက်ယူထားတဲ့ အသံဖိုင်ကို သူက ဖြန့်ဝေခဲ့တာတော့ မဟုတ်ဘူးလို့ ဟွန်ဆန်းက ပြောပါတယ်။ သူဟာ အဲဒီအသံဖိုင်ကို အစိုးရ အရာရှိတွေ၊ လွှတ်တော်အမတ်တွေ အပါအဝင် လူ ၈၀ လောက်ဆီ မျှဝေပေးခဲ့ပြီး အဲဒီထဲက တစ်ယောက်ယောက် စည်းဖောက်ခဲ့တာ ဖြစ်လိမ့်မယ်လို့ ဟွန်ဆန်းက ဆိုပါတယ်။

ဖေထောင်ထန်အတွက် အဓိက ပြဿနာ တက်စေမယ့် ကိစ္စက သူဟာ နယ်စပ် ပြဿနာနဲ့ ပတ်သက်ရင် ထိုင်းအစိုးရရဲ့ အမြင်နဲ့ ဆန့်ကျင်တဲ့ အသံတွေကို နားမထောင်ဖို့ ဟွန်ဆန်းကို ပြောခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ စကားက နယ်စပ် လုံခြုံရေးကို တာဝန်ယူထားတဲ့ ထိုင်းစစ်တပ် ဗိုလ်ချုပ်တစ်ဦးကို ရည်ညွှန်းတာဖြစ်ပြီး အဲဒီဗိုလ်ချုပ်ဟာ နိုင်ငံကောင်းစားရေးအတွက် သူ့ကိုယ်သူ လူကြိုက်များအောင်၊ အာရုံစိုက်ခံရအောင် လုပ်နေတာသာ ဖြစ်တယ်လို့ ဖေထောင်ထန်က ပြောထားခဲ့ပါတယ်။ ဒီကိစ္စဟာ ညွန့်ပေါင်း အစိုးရထဲက စစ်တပ်ကို ထောက်ခံတဲ့ ပါတီတွေအတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်ခဲ့ပြီး အကွဲအပြဲ ဇာတ်လမ်းတွေ စတင်လာခဲ့တာပါ။

အခြေအနေတွေ ရှုပ်ထွေးလာတဲ့နောက် ဇွန်လ ၁၈ ရက် ညပိုင်းမှာ ဖေထောင်ထန်ဟာ အရေးပေါ် သတင်းစာ ရှင်းလင်းပွဲတစ်ခု ကျင်းပပြီး သူပြောခဲ့တဲ့ စကားတွေဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ထားတဲ့ ချဉ်းကပ်မှု ပုံစံတစ်ခုသာဖြစ်ပြီး စစ်တပ်အပေါ် သူက ခါးသီးနေတာမျိုး၊ သူနဲ့စစ်တပ်ကြားမှာ ပြဿနာ တစ်ခုခု ရှိနေတာမျိုး မဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

တစ်ဖက်မှာတော့ ထိုင်းစစ်တပ်ဟာ ဖေထောင်ထန်ရဲ့ ဖခင်ရော၊ အဒေါ်ဆီကပါ အာဏာသိမ်းခဲ့ဖူးတဲ့ သမိုင်းကြောင်းမျိုး ရှိနေပါတယ်။

ဖေထောင်ထန်က ထိုင်းအစိုးရရဲ့ လိုလားမှုဟာ ကမ္ဘောဒီးယားနဲ့ အငြင်းပွားမှုတွေ ပြေလျော့စေရေးကိုသာ ဦးတည်တယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး သူ့အနေနဲ့ ယုံကြည်စိတ်ချမှု ကင်းမဲ့သွားပြီဖြစ်လို့ ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေးသီးသန့် စကားပြောဆိုတာတွေ လုပ်တော့မှာ မဟုတ်ကြောင်း သူက အတည်ပြုခဲ့ပါတယ်။ အခုကိစ္စကို အကြောင်းပြုပြီး ရှီနာဝတ်ထ် မိသားစုနဲ့ ဟွန်ဆန်းတို့ကြားက ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုပါ အဆုံးသတ်သွားပြီလို့ ယုံကြည်ရပါတယ်။

အသက် ၃၈ နှစ်အရွယ် ဖေထောင်ထန်ဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ဝန်ကြီးချုပ် ဖြစ်လာပြီး အရင်က ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးတဲ့ PTPနဲ့ ကွန်ဆာဗေးတစ်တွေ ပေါင်းစည်းထားတဲ့ ညွန့်ပေါင်းအစိုးရကို ဟန်ချက်ညီအောင် ကြိုးစား ဦးဆောင်နေခဲ့တာပါ။ အခုတော့ အသံဖိုင် ပေါက်ကြားမှုရဲ့ နောက်ဆက်တွဲအဖြစ် သူ့ရဲ့ ဝန်ကြီးချုပ်နေရာက စတင်လှုပ်ခတ်လာပါပြီ။

လက်ရှိ ထိုင်းညွန့်ပေါင်း အစိုးရဟာ ဝန်ကြီးချုပ် တစ်ဦးကိုလည်း ဆုံးရှုးခဲ့ပြီးသားပါ။ စီးပွားရေး လုပ်ငန်းရှင်ဟောင်း ဆရက်သာ သာဗီဆင်ဟာ တရားရုံး အမိန့်ကြောင့် မနှစ်တုန်းက ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး သူ့ရဲ့ နေရာကို ဖေထောင်ထန်က ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ကြား ဖုန်းဆက် ဆွေးနွေးမှု အသံဖိုင် ပေါက်ကြားခဲ့မှုက နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ကုစားဖို့ အားထုတ်မှုတွေမှာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။

သတင်း

မြန်မာလုပ်သားများအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို အမျိုးသားတစ်ဦးက ဒူးထောက်တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်အပေါ် အတိုက်အခံ အင်အားစုတွေက အယုံအကြည်မရှိ အဆိုတင်သွင်းထားမှုအတွက် အပြန်အလှန် စကားစစ်ထိုးမှုတွေကို မတ်လ ၂၄ ရက်နေ့က လွှတ်တော်မှာ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ်က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေတဲ့ အကြောင်းရင်း တချို့ကို ကောက်နုတ် ပြောကြားခဲ့ပြီး သူ့ရဲ့ အစိုးရဟာ စီးပွားရေး ချဲ့ထွင်မှု ရည်မှန်းချက်တွေကို အင်ပြည့်အားပြည့် လုပ်ဆောင်နိုင်မယ်လို့ ကတိပေးခဲ့ပါတယ်။