အစ္စရေးနဲ့ အီရန်တို့ကြား ပထမအဆင့်အဖြစ် ၁၂ နာရီကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။
ဇွန်လ ၂၄ ရက်နေ့မှာ ထရမ့်က အီရန်နဲ့ အစ္စရေးတို့ဟာ အမြန်ဆုံးနဲ့ အပြည့်အဝ အပစ်အခတ် ရပ်စဲကြမှာဖြစ်ပြီး စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် အဲဒီသဘောတူညီချက်ဟာ ၁၂ ရက်ကြာ စစ်ပွဲကို အပြီးတိုင် ရပ်တန့်စေလိမ့်မယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာမှာ ကြေညာခဲ့ပါတယ်။ ပြီးတော့ စီစဉ်ထားတဲ့အတိုင်းလည်း ဖြစ်လာမှာပါလို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ထရမ့်က အစ္စရေး-အီရန် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားပြီးပြီလို့ ကြေညာပြီးတဲ့ နောက်မှာတော့ အီရန်ဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ ဆက်လက် ပစ်ခတ်နေတယ်လို့ အစ္စရေးဖက်က စွပ်စွဲခဲ့ပါတယ်။ အီရန်က အစ္စရေးသာ ရန်လို တိုက်ခိုက်မှုတွေ ဆက်ပြီး မရှိတော့တာ သေချာရင် အီရန်ကလည်း လက်တုံ့ပြန်တော့မှာ မဟုတ်ဘူးလို့ ပြောပေမယ့် မြေပြင်မှာတော့ နှစ်ဖက်ကြားက တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့ သဘောပါ။
ဇွန်လ ၂၄ ရက်နေ့ မနက်အစောပိုင်းထိ အစ္စရေးဟာ အီရန်ရဲ့ မြို့တော် တဟီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပစ်မှတ်ထား လုပ်ဆောင်နေဆဲ ဖြစ်သလို အီရန်ဖက်က ဒုံးကျည်တွေ အသုတ်လိုက် အစ္စရေးဖက်ကို ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement
ထရမ့်က အပစ်အခတ် ရပ်စဲရေးကိစ္စ မကြေညာခင် နာရီပိုင်း အလိုမှာ အီရန်ဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့နားက အမေရိကန် လေတပ်စခန်း တစ်ခုကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သေးပေမယ့် အဲဒီထဲက အများစုဟာ ကြားဖြတ်ပစ်ချတာ ခံခဲ့ရသလို အမေရိကန် တပ်ဖွဲ့ဝင်တွေလည်း အထိအခိုက် မရှိခဲ့ပါဘူး။
ထရမ့်ဆီက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ကြေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်း အစ္စရေးရဲ့ တဲလ်အဗစ်စ်မြို့မှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။
ဒါပေမဲ့ စစ်ရေး လေ့လာသူတွေကတော့ အစ္စရေးနဲ့ အီရန်တို့ဟာ အခုကိစ္စမှာ ထရမ့်ရေးတဲ့ ဇာတ်ညွှန်းအတိုင်း သေချာပေါက် လိုက်လျောလက်ခံကြမလား ဆိုတာကို မေးခွန်းထုတ်ထားကြပါတယ်။
ထရမ့်ကတော့ ငြိမ်းချမ်းရေးအတွက် အချိန်ရောက်လာပြီ ဖြစ်ပြီး ဒီအတွက် ကမ္ဘာကြီးကို ဂုဏ်ပြုရမှာ ဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ညွှန်းဆို ရေးသားထားခဲ့ပါတယ်။
အီရန်မှာ နျူကလီးယားဗုံးတွေ ထုတ်လုပ်နိုင်လောက်အောင် နီးကပ်တဲ့ ယူရေနီယမ် သန့်စင်မှု အဆင့်မျိုး ရောက်ရှိနေပြီလို့ စွပ်စွဲပြီး ဇွန်လ ၁၃ ရက်နေ့မှာ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို အစ္စရေးက ဗုံးကြဲ ဖျက်ဆီးခဲ့ရာက နှစ်နိုင်ငံ စစ်ရေးပဋိပက္ခ စတင်လာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Sky
