အမေရိကန်က အီရန်ရဲ့ နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ကာတာနိုင်ငံမှာ ထားရှိတဲ့ အမေရိကန်ရဲ့ အယ်လ်အိုဒေး လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒိုဟာ မြို့တော်နားမှာရှိတဲ့ သဲကန္တာရထဲမှာ အခြေစိုက်ထားတဲ့ အယ်လ်အိုဒေးဟာ အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်စခန်းတွေထဲမှာ အရေးအပါဆုံး မဟာဗျူဟာမြောက် ကွပ်ကဲရေး ဌာန တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒေသတွင်းမှာ အမေရိကန်ရဲ့ လေကြောင်း စစ်ဆင်ရေးတွေကို အဓိက ကွပ်ကဲနေတဲ့ စစ်စခန်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ဇွန်လ ၂၃ ရက် ညပိုင်းတုန်းက အီရန်ဟာ အယ်လ်အိုဒေး စစ်စခန်းကို ဒုံးကျည် ၁၉ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ၁၈ စင်းကို ကာတာ လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။ ဒုံးကျည် တစ်စင်းက စခန်းကို ထိမှန်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ပြီးတော့ တိုက်ခိုက်မှု မတိုင်ခင် အီရန်က ကြိုတင် သတိပေးထားခဲ့တာကြောင့် စခန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကို ဘေးလွတ်ရာ ကြိုတင် ရွှေ့ပြောင်းထားပြီး ဒဏ်ရာရသူ မရှိခဲ့ကြောင်းနဲ့ အဲဒီအတွက် အီရန်ကို ကျေးဇူးတင်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
ဇွန်လထဲမှာ အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့မှာ တပ်အင်အား ၄၀၀၀၀ လောက် ဖြန့်ကျက်ထားပြီး အဲဒီထဲက ၅ ပုံ ၁ ပုံလောက်ဟာ အယ်လ်အိုဒေးမှာ ရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အီရန်-အစ္စရေး ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာ စစ်ရေး တင်းမာမှုတွေ ပိုဆိုးလာတဲ့အခါ အမေရိကန်ဟာ ဒေသတွင်းကို စစ်လေယာဉ်တွေ ပိုမို အင်အားတိုးချဲ့ ပို့ဆောင်ပြီး ဖြန့်ကျက်ခဲ့ပါတယ်။ အဲဒီအတွက် အယ်လ်အိုဒေး စခန်းရဲ့ စီမံကွပ်ကဲမှုတွေဟာ ပိုပြီး အရေးပါလာပါတယ်။
အဲဒီစခန်းဟာ အာဖဂန်နစ္စတန်နဲ့ အီရတ် စစ်ပွဲတွေတုန်းကလည်း အမေရိကန်ရဲ့ ဒေသတွင်း အခြေစိုက် အဓိက စစ်ဌာနချုပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ပွဲတွေ အရှိန်အမြင့်ဆုံး ကာလတွေမှာ အယ်လ်အိုဒေး အခြေစိုက် တပ်အင်အားက ၁၀၀၀၀ ကျော်ထိ မြင့်တက်ခဲ့ပါတယ်။
စခန်းကို ဒိုဟာရဲ့ အနောက်တောင်ဖက် ကီလိုမီတာ ၃၀ လောက်အကွာ မြေပြန့် သဲကန္တာရာထဲမှာ တည်ဆောက်ထားပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ကာတာ အစိုးရဟာ အဲဒီ စစ်စခန်းရဲ့ ကာကွယ်ရေးနဲ့ တခြား အစီအမံတွေအတွက် ဒေါ်လာ ၈ ဘီလီယံလောက် အသုံးပြုပြီး အဆင့်မြှင့်တင်တာတွေ လုပ်ခဲ့ပါတယ်။
အယ်လ်အိုဒေး လေတပ်စခန်းကို ၁၉၉၆ မှာ ကာတာက စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ အမေရိကန်က အသုံးပြုခွင့် ရလာခဲ့တာပါ။
ထရမ့်ဟာ ပြီးခဲ့တဲ့ လတုန်းက အရှေ့အလယ်ပိုင်း ဒေသကို အလည်အပတ် ခရီးစဉ် ရောက်ရှိရာမှာ အယ်လ်အိုဒေး လေတပ်စခန်းဆီ သွားရောက်ခဲ့ဖူးပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဲဒီစခန်းကို အမေရိကန်ရဲ့ လက်ရှိ အာဏာရ သမ္မတတစ်ဦး ပထမဆုံးအကြိမ် လည်ပတ်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။

အမေရိကန်က အီရန်ကို B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ကမ္ဘာတစ်ဝက်စာလောက် ခရီးရှည် စေလွှတ် ဗုံးကြဲစေခဲ့ရာမှာ လိုအပ်တဲ့ ကြိုတင် အစီအစဉ်တွေအတွက် အယ်လ်အိုဒေး လေတပ်စခန်းကို အများကြီး အသုံးပြုခဲ့ပုံ ပေါ်ပါတယ်။ အဲဒီ မစ်ရှင်မှာ ဗုံးကြဲလေယာဉ်တွေကို ဝေဟင်မှာတင် ပျံသန်းရင်း ဆီဖြည့်ပေးတာတွေ အပါအဝင် ကင်းထောက်လေယာဉ်တွေ၊ အခြံအရံ တိုက်လေယာဉ်တွေ စုစုပေါင်း လေယာဉ် ၁၂၅ စီး အသုံးပြုခဲ့တယ်လို့ အမေရိကန်က ကြေညာပါတယ်။
ဒါပေမဲ့ ဇွန်လ ၁၈ ရက် နောက်ပိုင်းမှာတော့ လေတပ်စခန်းရဲ့ ပြေးလမ်းတွေမှာ ရပ်တန့်ထားတဲ့ လေယာဉ်တွေ ရုတ်တရက် ပျောက်ကွယ်သွားတယ်လို့ ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံတွေမှာ တွေ့ခဲ့ရပါတယ်။ ဒီလို အပြောင်းအလဲမျိုး ရှိခဲ့တယ် ဆိုတာကိုတော့ အမေရိကန် လေတပ်က တရားဝင် အသိအမှတ် မပြုခဲ့ပါဘူး။ ဒါပေမဲ့ ဘာရိန်းမှာ အခြေစိုက်ထားတဲ့ အမေရိကန် အမှတ် ၅ ရေတပ်မကြီးကလည်း သင်္ဘောတွေကို နေရာတွေရွှေ့ပြီး ခွဲဖြန့်ထားလိုက်ပါတယ်။
ဒီကိစ္စတွေဟာ အီရန်ကို တိုက်ခိုက်ပြီးရင် အီရန်ဖက်က လက်တုံ့ပြန်လာတဲ့အခါ အမေရိကန်ရဲ့ လေယာဉ်တွေနဲ့ သင်္ဘောတွေ ဖျက်ဆီးခံရမှုကို ရှောင်ရှားဖို့ ကြိုတင် ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ စစ်ရေးသုတေသီတွေက သုံးသပ်ခဲ့ကြပါတယ်။
အယ်လ်အိုဒေး လေတပ်စခန်းကို အမေရိကန်က အဓိက အသုံးပြုနေပေမယ့် ကာတာလေတပ်နဲ့ ဗြိတိန် တော်ဝင်လေတပ် တိုက်လေယာဉ်တွေလည်း အခြေစိုက်ကြပါတယ်။ ၂၀၁၇ တုန်းက အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ကို ဖြိုခွင်းတဲ့ လေကြောင်း စစ်ဆင်ရေးတွေမှာ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ စစ်လေယာဉ် စုစုပေါင်း အစီး ၁၀၀ လောက် အဲဒီ လေတပ်စခန်းမှာ စုဝေးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AP
