မူးယစ် မှောင်ခိုမှုတွေနဲ့ ဆက်စပ်တဲ့ ရန်လို တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့နောက် ပြင်သစ်က မြို့တချို့ဟာ ကလေးတွေကို ညမထွက်ရ အမိန့် ထုတ်ထားလိုက်ပါတယ်။
နိုင်ငံတောင်ပိုင်းက နင်မက်စ်ဟာ အဲဒီလို အမိန့်ထုတ်ထားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အောက် ကလေးတွေကို အဲဒီလို အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ မတော်တဆ ထိတွေ့သွားမှာကို တားဆီးဖို့အတွက်၊ လက်ရှိ တင်းမာမှုတွေကို လျှော့ချဖို့အတွက် အခုလို စည်းမျဉ်းမျိုး သတ်မှတ်ခဲ့ရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြင်သစ် အစိုးရဟာ မူးယစ်မှောင်ခို ဂိုဏ်းတွေ လှုပ်ရှားနေတဲ့ မြို့တွေဆီ ရဲတပ်ဖွဲ့ဝင် အင်အားကိုလည်း တိုးမြှင့်ဖြန့်ကျက် ပို့ဆောင်ပေးထားပါတယ်။
လွန်ခဲ့တဲ့ တစ်လတာအတွင်း ပြင်သစ်က မြို့တချို့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ကြိမ်က နေ့ခင်းကြောင်တောင်ကြီးမှာ ကြုံခဲ့ရတာပါ။ အဲဒီ ရန်လို ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေအတွင်း ၁ ဦးသေပြီး နောက်ထပ်တချို့ ဒဏ်ရာတွေ ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ နင်မက်စ်ရဲ့ ဆင်ခြေဖုံး တစ်နေရာမှာ ခန္ဓာကိုယ် တစ်စိတ်တပိုင်း မီးလောင်ခံထားရတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို ရှာတွေ့ခဲ့ပါတယ်။

Public Service Announcement
အခုသီတင်းပတ်အတွင်း နင်မက်စ်မှာ ထုတ်ပြန်လိုက်တဲ့ ညမထွက်ရ အမိန့်မှာတော့ အသက် ၁၆ နှစ် အရွယ်တွေဟာ ည ၉ နာရီကနေ မနက် ၆ နာရီအတွင်း အိမ်မှာပဲ နေရမယ်လို့ ဖော်ပြထားပါတယ်။ နင်မက်စ် မြို့တော်ဝန် ဂျင်းပေါလ် ဖော်နီရာက အခြေအနေတွေကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရကြောင်း၊ မူးယစ်မှောင်ခို ဂိုဏ်းတွေဟာ အကြောက်တရားနဲ့ စိုးရိမ်မှုတွေ ကြီးစိုးစေတဲ့ အခြေအနေမျိုးကို ဖန်တီးနေကြောင်း ပြောပါတယ်။
နောက်ပြီး အသက် ၁၂ နဲ့ ၁၃ နှစ်အရွယ် ကလေးတွေဟာ မူးယစ်မှောင်ခို ဂိုဏ်းတွေရဲ့ ပစ်မှတ်ထား အမြတ်ထုတ်မှုတွေကိုလည်း ခံနေရတယ်လို့ ဒုတိယ မြို့တော်ဝန် ရစ်ချတ် ရှိုင်ဗန်က ပြောကြားခဲ့ပါတယ်။
တူညီတဲ့ အကြောင်းပြချက်မျိုးနဲ့ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းက ဘီဇီရာ မြို့မှာလည်း မတ်လကုန်ကစပြီး ရပ်ကွက်တချို့မှာ အသက် ၁၅ နှစ်အောက် ကလေးတွေကို ည ၁၁ နာရီနဲ့ မနက် ၆ နာရီ အတောအတွင်း အပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။ အနီးမှာရှိတဲ့ လီမိုဂက်စ် မြို့မှာလည်း အသက် ၁၃ နှစ်အောက် ကလေးတွေ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က နိုင်မက်စ်မှာ မူးယစ် မှောင်ခိုသမားတွေ အချင်းချင်း ပစ်ခတ်ရင်း လမ်းကြောင်းချော်လာတယ်လို့ ယူဆရတဲ့ ကျည်ဆန်တစ်တောင့် ထိမှန်ရာက အသက် ၁၀ နှစ်အရွယ ကလေးငယ်တစ်ဦး သေဆုံးခဲ့ဖူးပါတယ်။
ပြင်သစ်ရဲ့ မြို့ကြီးတစ်ခုဖြစ်တဲ့ မာဆေးလ်ဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေ အဓိက ခြေကုပ်ယူ လှုပ်ရှားတဲ့ နေရာအဖြစ် အစဉ်အဆက် ရပ်တည်ခဲ့ပေမယ့် အခုတော့ ပြဿနာတွေက မာဆေးလ် ပိုင်နက်ရဲ့ အပြင်ဖက်ကို ကျော်လွန် ရောက်ရှိလာတာ သိသာနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ရန်လို တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် ၂၀၂၄ ခုနှစ်ထဲမှာ လူ ၁၁၀ သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
ကိုးကား: BBC
