close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်သမ္မတ ဒဏ်ရာရခဲ့

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်သမ္မတ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Getty Images

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်သမ္မတ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အီရန်အစိုးရရဲ့ အမည်မဖော်လိုသူ ထိပ်တန်းအရာရှိ တစ်ဦးက သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းဟာ ဇွန်လ ၁၅ ရက်နေ့တုန်းက တဟီရန် မြို့တော်မှာ အမျိုးသား လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပနေတုန်း အစ္စရေးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဒဏ်ရာအနည်းအကျဉ်း ရခဲ့ကြောင်း ပြောပါတယ်။

အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ စုဝေးနေတဲ့ နေရာကို ပစ်မှတ်ထားခဲ့တဲ့ လုပ်ကြံမှုဟာ အီရန် အစိုးရကို ဖြိုလှဲပစ်ဖို့ ကြံစည်ခြင်းလည်း ဖြစ်တယ်လို့ အဲဒီအရာရှိက စွပ်စွဲခဲ့ပါတယ်။

အစ္စရေး အနေနဲ့ ဒီလို ကျူးလွန်မှုမျိုးအတွက် ပြစ်ဒဏ်ခတ် မခံရဘဲ ကင်းလွတ်ခွင့် ရမှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ အစိုးရ ခေါင်းဆောင်ပိုင်းတွေ၊ ဥပဒေပြုရေးနဲ့ တရားရေးဆိုင်ရာ ထိပ်ပိုင်း အရာရှိတွေပါ စုဝေးနေခဲ့ပြီး နိုင်ငံရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် ၃ ရပ်လုံးကို ဖြိုလှဲဖို့ အစ္စရေးက ကြံစည်ခဲ့တာလို့လည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အီရန်အစိုးရက တစ်စိတ်တစ်ပိုင် ထိန်းချုပ်ထားတဲ့ ဖားစ်သတင်းဌာနက အစ္စရေးရဲ့ ၁၂ ရက်ကြာ စစ်ဆင်ရေးအတွင်း သမ္မတ ပက်ဇက်ရှ်ခန်းကို လုပ်ကြံဖို့ အားထုတ်မှုတစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ အစောဆုံး ဖော်ပြခဲ့ပါတယ်။

တဟီရန် အနောက်ပိုင်းက အစိုးရ အဆောက်အအုံ တစ်ခုမှာ အစည်းအဝေး ကျင်းပနေတဲ့အချိန် အစ္စရေးဒုံးကျည် ၆ စင်း ထိမှန်တာ ခံခဲ့ရပြီး အဆောက်အအုံရဲ့ အဝင်အထွက်တွေရော၊ လေဝင်ပေါက်တွေပါ အပျက်အစီးတွေကြောင့် ပိတ်မိကုန်တယ်လို့ ဖားစ်သတင်းဌာနက ဆိုပါတယ်။ လျှပ်စစ်မီးတွေလည်း ပြတ်တောက်ကုန်ပေမယ့် သမ္မတ အပါအဝင် အီရန် အာဏာပိုင်တွေဟာ ကြိုတင် စီစဉ်ထားတဲ့ အရေးပေါ် ရွှေ့ပြောင်းရေး လမ်းကြောင်းကနေ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ပက်ဇက်ရှ်ခန်းကတော့ အရေးပေါ် ရွှေ့ပြောင်းချိန်မှာ ခြေထောက်ဒဏ်ရာ အနည်းအကျဉ်း ရခဲ့တယ်လို့ ဆိုပါတယ်။ အီရန် အစိုးရဟာ လျှို့ဝှက် အစည်းအဝေး နေရာကို အစ္စရေးက ဘာကြောင့် တိတိကျကျ သိခဲ့သလဲ ဆိုတာကို စုံစမ်းနေပြီး အတွင်းစည်းထဲမှာ သူလျှိုတွေ ရောနှောနေသလား ဆိုတာကိုလည်း သံသယ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာ ပက်ဇက်ရှ်ခန်းက အမေရိကန် ဂျာနယ်လစ် တက်ကာ ကာလ်ဆန်နဲ့ အင်တာဗျူးမှာ အစ္စရေးက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။ သူ့အသက်ကို လုပ်ကြံမှု နောက်ကွယ်မှာ အမေရိကန်က ပါဝင်ပတ်သက်မှု မရှိဘဲ အစ္စရေးရဲ့ အကြံအစည် သီးသန့်ဖြစ်ကြောင်း၊ သူက အစည်းအဝေးတစ်ခု တက်နေချိန်မှာ အဲဒီနေရာကို အစ္စရေးက ဗုံးကြဲခဲ့ကြောင်း ပက်ဇက်ရှ်ခန်းက ပြောကြားခဲ့တာပါ။

အစ္စရေးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ တိတိကျကျ ဘာမှတ်ချက်မှ မပေးပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အီရန်နဲ့ စစ်ခင်းနေတဲ့ ကာလအတွင်း အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီခါမေနီ ပုန်းခိုနေတဲ့ တည်နေရာကို သိထားတယ် ဆိုတာမျိုးပါ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းစစ်ဆင်ရေးကို ဇွန်လ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီး အဲဒီအတောအတွင်း အစ္စရေး အစိုးရ အရာရှိတွေ၊ စစ်ဦးစီးတွေနဲ့ နျူကလီးယား သိပ္ပံ ပညာရှင်တွေကိုပါ ပစ်မှတ်ထား လုပ်ကြံခဲ့ပါတယ်။ နောက်တော့ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ကပါ အီရန်ရဲ့ နျူကလီးယား သုတေသန စင်တာကြီး ၃ ခုကို ဗုံးကြဲခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့မှာတော့ အမေရိကန်ရဲ့ ဖိအားပေးမှုအရ နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသက ဆေးရုံတစ်ခုကို အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း သိပါတယ်။