အမေရိကန်မှာ ကားတစ်စီးက လူအုပ်ထဲ ဝင်တိုက်ခဲ့ရာက အခြေအနေ စိုးရိမ်ရသူတွေ အပါအဝင် လူ ၃၀ လောက် ဒဏ်ရာရသွားခဲ့ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ ညပိုင်းက လော့စ်အန်ဂျလိစ် မြို့မှာရှိတဲ့ နိုက်ကလပ် တစ်ခုထဲ ဝင်ရောက်ဖို့ တန်းစီစောင့်နေတဲ့ လူအုပ်ထဲကို ကားက အရှိန်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၃၀ လောက်ထဲက ၇ ယောက်ဟာ အသက်လု ကုသမှုတွေ ခံယူနေရပြီး နောက်ထပ် ၆ ယောက်ကလည်း အခြေအနေ စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့တဲ့ လော့စ်အန်ဂျလိစ် မီးသတ်ဌာနက ပြောပါတယ်။
ဗားမောင့် ဟောလိဝုဒ် နိုက်ကလပ်ရှေ့မှာ တန်းစီနေခဲ့သူ အများအပြားဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အခုကိစ္စဟာ တမင်တကာ ရည်ရွယ်ထားတဲ့ တိုက်ခိုက်မှု တစ်ခုလို့ ရဲတွေက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားက ဂငယ်ကွေ့ ပြန်ကွေ့လာပြီးမှ လူအုပ်ထဲ ဝင်တိုက်ခဲ့တာကြောင့်ပါ။
အခင်းဖြစ်တဲ့ နေရာကို ရဲတွေ ရောက်လာချိန်မှာတော့ ယာဉ်မောင်းဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဖာနန်ဒို ရာမီရက်ဇ်ဟာ Nissan Versa ကားထဲက ဆွဲထုတ်ခံရပြီး ဝိုင်းဝန်းထိုးကြိတ် ကန်ကျောက်တာတွေ ခံထားရသလို သူ့ကို တစ်ယောက်ယောက်က သေနတ်နဲ့ ပစ်ထားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ယာဉ်မောင်းလည်း ဆေးရုံကို ရောက်နေပြီး သေနတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံထားရပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ ရဲတွေက ထုတ်မပြောပါဘူး။ ဒါပေမဲ့ သူဟာ အရက်မူးနေခဲ့ဟန်ရှိတယ်လို့တော့ ရဲအရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
ရဲတွေက ရာမီရက်ဇ်ကို သေနတ်နဲ့ ပစ်ခတ်ပြီး ခြေလျင် ထွက်ပြေးသွားတဲ့ အမျိုးသားကိုလည်း လိုက်ရှာနေပါတယ်။ အဲဒီ သံသယရှိသူဟာ ကတုံးနဲ့ လက်တင်အနွယ်ဝင် တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ရဲတွေက ယာဉ်မောင်းဟာ ကားအပြင်ရောက်မှ ပစ်ခတ်ခံရတာလား၊ အပစ်ခံရပြီးမှ ကားတက်မောင်းပြီး လူအုပ်ကို ဝင်တိုက်တာလား ဆိုတာကိုလည်း ဆက်ပြီး စုံစမ်းနေပါတယ်။
လူအုပ်ထဲ ကားနဲ့ဝင်တိုက်တဲ့ ကိစ္စမှာ ဘာသာရေး အစွန်းရောက် အကြမ်းဖက်မှု ဝါဒနဲ့ ဆက်နွှယ်မှု ရှိနိုင်တယ် ဆိုတာမျိုးတော့ ရဲတွေက မပြောသေးပါဘူး။ ဖြစ်စဉ် မတိုင်ခင် နိုက်ကလပ်ရှေ့မှာ ရန်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက အတည်ပြုခဲ့ပေမယ့် ကိစ္စနှစ်ခုကြားမှာ ဆက်စပ်မှု ရှိသလား၊ ရန်ဖြစ်ခဲ့ကြတာက ရာမီရက်ဇ်နဲ့ သေနတ်သမားတို့လား ဆိုတာတွေကိုလည်း မသိရသေးပါဘူး။
လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ရဲ့ ရဲဗိုလ်ကြီး အဒမ် ဗန်ဂါပန်က အသေးစိတ် ကိစ္စအားလုံးကို တိတိကျကျ စုံစမ်းစစ်ဆေးပြီးရင် ထုတ်ပြန် အသိပေးသွားမယ်လို့ အခင်းဖြစ်တဲ့ နေရာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာလည်း အရပ်သား ပြည်သူတွေကို ထိခိုက်ဒဏ်ရာရစေတဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ကျူးလွန်ကို ထိထိရောက်ရောက် တာဝန်ခံစေမှာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ကိုးကား: ABC
