အမေရိကန်နဲ့ ဗြိတိန်ရဲ့ လေယာဉ်တင် သင်္ဘောကြီး နှစ်စီးဟာ ဩစတြေးလျ ကမ်းလွန်ရေပြင်မှာ စစ်ရေး လေ့ကျင့်မှုအတွက် ပူးပေါင်းခဲ့ကြပါတယ်။
အမေရိကန် ရေတပ်ရဲ့ USS George Washington လေယာဉ်တင် သင်္ဘောနဲ့ ဗြိတိန် တော်ဝင်ရေတပ်ရဲ့ Prince of Walesတို့ဟာ ၂၀၂၅ Talisman Sabre စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ဇူလိုင် ၁၈ ရက်နေ့က တီမောပင်လယ်ပြင်မှာ စုဆုံခဲ့ကြတာပါ။
အခုလို မဟာမိတ် နှစ်နိုင်ငံ လေယာဉ်တင် သင်္ဘောတွေ စုဆုံမှုကနေ နှစ်နိုင်ငံရဲ့ လေယာဉ်တင် သင်္ဘော စစ်ဆင်ရေး စွမ်းရည်တွေနဲ့ ရေတပ်အခြေပြု ပျံသန်းမှု စစ်ရေးစွမ်းရည်တွေ ဘယ်လောက် ထက်မြက်သလဲ ဆိုတာကို ထင်ရှားမြင်သာစေမှာ ဖြစ်တယ်လို့ ဗြိတိန် တော်ဝင်ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဩစတြေးလျက ကမကထ ပြုထားတဲ့ Talisman Sabre နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုတွေကို ၂၀၀၅ ခုနှစ် ကတည်းက ပုံမှန် ပြုလုပ်ခဲ့ရာမှာ ဗြိတိန်နဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောတွေ ပူးပေါင်းမှုကတော့ အဲဒီ လေ့ကျင့်မှု အစီအစဉ်တွေ သမိုင်းကြောင်းမှာ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။ လေယာဉ်တင် သင်္ဘော နှစ်စီးစလုံးဟာ အခြံအရံ ဖျက်သင်္ဘောတွေ၊ တိုက်သင်္ဘောတွေ ပါဝင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ်အုပ် တစ်ခုစီကို ဦးဆောင်လာကြတာ ဖြစ်ပါတယ်။

Public Service Announcement
လေယာဉ်တင် သင်္ဘော နှစ်စီးစလုံးမှာ အမေရိကန်လုပ် နောက်ဆုံးပေါ် အဆင့်မြင့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေဖြစ်တဲ့ F-35တွေကို တင်ဆောင်ထားကြပါတယ်။ ပြီးတော့ အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေမှာ အခြေစိုက်ဖို့အတွက် အထူးသီးသန့် တည်ဆောက်ထားတဲ့ F-35C မျိုးကွဲ တိုက်လေယာဉ်တွေကို Talisman Sabre စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Talisman Sabre စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ နိုင်ငံပေါင်း ၁၉ ခုက စစ်သည်အင်အား ၃၅၀၀၀ လောက်ကို စေလွှတ်ပေးခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: USNI
