close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းက အင်တာနက် ဖြတ်တောက်ထားပေမယ့် Starlinkသုံးပြီး နယ်စပ် ကျားဖြန့်ဂိုဏ်းတွေ ဆက်လည်ပတ်နေ

ထိုင်းအာဏာပိုင်တွေရဲ့ အင်တာနက် ဖြတ်တောက် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် မြန်မာနိုင်ငံဖက်ခြမ်း၊ နယ်စပ်အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ Starlink ဂြိုဟ်တု အင်တာနက် စနစ်ကို ပြောင်းလဲ အသုံးပြုလာနေကြောင်း သိရပါတယ်။

Reuters

ထိုင်းအာဏာပိုင်တွေရဲ့ အင်တာနက် ဖြတ်တောက် ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် မြန်မာနိုင်ငံဖက်ခြမ်း၊ နယ်စပ်အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ Starlink ဂြိုဟ်တု အင်တာနက် စနစ်ကို ပြောင်းလဲ အသုံးပြုလာနေကြောင်း သိရပါတယ်။

ထိုင်းဖက်က အင်တာနက် ကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်ထားလိုက်ပေမယ့် အမေရိကန် နည်းပညာ ကုမ္ပဏီ Starlinkရဲ့ အင်တာနက် ကွန်ရက်ကို အဲဒီ ဒုစရိုက် အစုအဖွဲ့တွေက ပြောင်းလဲ မှီခိုလာတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေက ကျားဖြန့်ဂိုဏ်းတွေရဲ့ အသက်ပြင်းပြီး ကျားကုတ်ကျားခဲ ဆက်လက် ရပ်တည်နိုင်မှုကို ပြသနေတယ်လို့ ထိုင်းသတင်းဌာန The Nationက ဖော်ပြခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲမှာ ကျားဖြန့်ဂိုဏ်းတွေ အဓိက လှုပ်ရှားရာ မြဝတီမြို့နယ်ထဲက အဆောက်အအုံ အများအပြားရဲ့ ခေါင်မိုးတွေမှာ အခုဆိုရင် Starlink အင်တာနက် ဖမ်းယူတဲ့ စလောင်းတွေကို တွေ့နေရပြီလို့ ဆိုပါတယ်။ အခုဆိုရင် Starlinkဟာ နယ်စပ် ကြားဖြန့်ဂိုဏ်းတွေ အင်တာနက် ကွန်ရက် ချိတ်ဆက်နိုင်တဲ့ အဓိက လမ်းကြောင်းမျိုး ဖြစ်လာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကျားဖြန့် ကိစ္စကို အမြစ်ဖြတ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက ကြိုးစားနေပေမယ့်လည်း ပြဿနာက ဆက်လက် တည်မြဲနေဟန် ရှိတယ်လို့လည်း The Nationက ဆိုပါတယ်။ ထိုင်းဖက်က အင်တာနက် ဖြတ်တောက်မှုတွေ စတင်ချိန် ကတည်းက အဲဒီ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေဟာ Starlink သုံးစွဲမှုကို နှစ်ဆတိုး မှီခိုလာတယ်လို့ Nikkei Asia သတင်းဌာနနဲ့ အမေရိကန် လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု မစ်ရှင် (IJM) ပူးပေါင်း လေ့လာထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

IJMရဲ့ အချက်အလက်တွေမှာတော့ မြဝတီနဲ့ အနီးတဝိုက်က အဓိက ကျားဖြန့်ကွန်ရက်ကြီး ၈ ခုဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလထဲမှာ Starlinkနဲ့ ချိတ်ဆက်မှု ၂၄၉၂ ခုကို အသုံးပြုနေတယ်လို့ သိရပါတယ်။ ထိုင်းအစိုးရက အင်တာနက် ထောက်ပံ့မှု မဖြတ်တောက်ခင် တစ်လအလို ၂၀၂၄ ခုနှစ်၊ ဧပြီလနဲ့ ယှဉ်ရင် အဲဒါဟာ နှစ်ဆလောက် တိုးလာတဲ့ ကိန်းဂဏန်းပါ။

မြန်မာနိုင်ငံမှာ Starlink ချိတ်ဆက် အသုံးပြုမှုကို တရားဝင် ခွင့်ပြုမထားပေမယ့်လည်း အခုတော့ ကျားဖြန့်ဂိုဏ်းတွေ အွန်လိုင်း ချိတ်ဆက်ဖို့ ပင်မရင်းမြစ်က Starlink ဖြစ်လာနေတယ်လို့ ဟားဗက် တက္ကသိုလ်ရဲ့ အာရှရေးရာစင်တာ ဧည့်ပါမောက္ခ တစ်ဦးဖြစ်သူ ဂျက်ကော့ဘ်ဆင်းမ်စ်က ပြောကြားခဲ့ပါတယ်။

Starlink အင်တာနက် ချိတ်ဆက်တဲ့ ကိရိယာတွေဟာ ငယ်ရွယ်ပြီး သယ်ယူရ လွယ်ကူတာကြောင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုတင်သွင်းမှုတွေအတွက် ကြီးကြီးမားမား အဟန့်အတား မရှိနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇဝတ်မှု နှိမ်နင်းရေးဌာနခွဲ အကြီးအကဲ ရဲဗိုလ်ချုပ် သက်တာချိုင် ပီထာနီလာဘုထ်ကတော့ ထိုင်း-မြန်မာ နယ်စပ်မှာ အင်တာနက် ကွန်ရက် ထောက်ပံ့ပေးနေတာကို ဖြတ်တောက်ဖို့ Starlinkကို စည်းရုံးနိုင်ရေးအတွက် သင့်တော်တဲ့ နိုင်ငံတကာ အစိုးရ အေဂျင်စီတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေကြောင်း ပြောပါတယ်။

နယ်စပ်မှာ အင်တာနက် အထောက်အပံ့ ပေးထားတာကို Starlinkက ပိတ်ပစ်ပေးဖို့ မျှော်လင့်ကြောင်း၊ အဲဒီ ဒုစရိုက် ဂိုဏ်းတွေက Starlink အင်တာနက် ချိတ်ဆက်လို့ ရနေသေးသ၍ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန်းက ရပ်ဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်း သက်တာချိုင်က ပြောကြားသွားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ၁၇ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်နားမှာ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်တာကို ထောက်လှမ်း သိရှိခဲ့တယ်လို့ ထိုင်းမိုးလေဝသ ဌာနက ပြောပါတယ်။

သတင်း

မြန်မာ စစ်လေယာဉ်တစ်စီးနယ်ကျော်ဝင်ရောက်လာမှုကို တားဆီးဖို့ ထိုင်းတော်ဝင်လေတပ်ဟာ F-16 တိုက်လေယာဉ်နှစ်စီးကိုစေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီတောင်ဘက် ၊ဒေါနတောင်အရှေ့ခြမ်း ထိုင်း - မြန်မာ နယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ သေဘောဘိုး တပ်စခန်း ကို KNU နဲ့ ပူးပေါင်း တပ်က ထိုးစစ်ဆင်ရာမှာ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ဆီ အရပ်သား ၃၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထိုင်းနယ်စပ်ရင်းမြစ်တွေက...