ဇူလိုင်-၂၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon(GBK PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇူလိုင် ၂၀ ရက် မနက် ၁၀နာရီလောက်က အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာဘက် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို ရွာထိပ်နားအရောက်မှာ တိုက်ခိုက်ခဲ့တာလို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ငါးဦးနေရာတင်သေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရကာ Black Dragon(GBK PDF)မှ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

Public Service Announcement
အဲဒီနောက် စစ်ကောင်စီတပ်စစ်ကြောင်းဟာ အလယ်ကုန်းရဲစခန်းဘက် ပြန်ဆုတ်သွားပြီး ဒေသခံပြည်သူငါးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စုံစမ်းသိရပါတယ်။
“အသက်ကြီးတဲ့ ၁ ဦးပြန်လွတ်တယ်။ တိုက်ပွဲဖြစ်တဲ့ရွာကိုတော့ ခုညနေ ၆ နာရီ ၁၅ ကစပြီး စခတွေ မီးတင်ရှို့နေပါတယ်”လို့ ဒီကနေ့ ဇူလိုင် ၂၂ ရက်အခြေအနေကို Black Dragon(GBK PDF)မှ တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။
အခုလက်ရှိမှာ ညနေ ၆ နာရီကျော်ကစပြီး ကြို့ကိုးပင်ရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကြို့ကိုးပင်ရွာမှာ လူဦးရေ ၂,၆၀၀ ကျော်ရှိပြီး ကျေးရွာအုပ်စုအဆင့် ရွာတစ်ရွာဖြစ်ကာ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပါတယ်။
