၅၅၉ရေးသားသည်။
အမှန်တရားရဲ့ဝန်ထုပ်ဝန်ပိုးဟာဘယ်လောက်လေးလံပါသလဲ။ ဒီအမှန်တရားကိုဖေါ်ထုတ်တဲ့အတွက် သတင်းစာဆရာတစ်ဦးဟာလူသတ်သမားတွေနဲ့ဘယ်လိုရင်ဆိုင်ရပါသလဲ။
ခရစ္စတိုဂရိုဇော့ဖြစ်ပါတယ်။ အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ဘူလ်ဂေးရီးယားလူမျိုးသတင်းစုံစမ်း ထောက်လှမ်းရေးဂျာနယ်လစ်ပါ။ သူဟာနယ်သာလန်အခြေစိုက် Bellingcat ဆိုတဲ့စုံစမ်း ထောက်လှမ်း ရေးသတင်းဌာနအတွက် ရုရှရေးရာတွေကိုဖေါ်ထုတ်သူသတင်းစာဆရာပါ။
Bellingcat ဆိုတဲ့နာမည်ဟာ Belling the Cat စကားကလာတာပါ။မြန်မာစကားမှာ “ကြောင်ကို ဘယ်သူ ချူဆွဲပေးမလဲ”ဆိုတဲ့စကားပါပဲ။

Public Service Announcement
ရှေးရှေးကကြွက်တစ်သိုက်ဟာသူတို့ကြောက်တဲ့ကြောင်ရဲ့ ရန်ကလွတ်နိုင်မယ့်နည်းလမ်းကိုဦးနှောက်မုန်တိုင်းဆင်ကြတယ်။ကြွက်တစ်ကောင်ကအကြံရတယ်။ကြောင်လည်ပင်းမှာချူဆွဲပေးထားရင် သူလာတဲ့အခါအသံကိုကြားရမယ်၊ဒါဆိုရင်ထွက်ပြေးဖို့ အချိန်ရမယ်တဲ့။အားလုံးကသဘောတူကြတယ်။ခက်တာကကြောင်ကိုချူဆွဲရဲတဲ့သူဘယ်သူမှမရှိတာပါပဲ။
ဒါကြောင့် Bellingcatဆိုတာဟာအင်မတန်ခက်ခဲ အန္တရာယ်ကြီးတဲ့အလုပ်ကိုရဲရဲဝံ့ဝံ့လုပ်တဲ့သူတွေကိုဂုဏ်ပြုခြင်း ဖြစ်ပါတယ်။
ကြောင်ကိုချူဆွဲသူကတော့ခရစ္စတိုဂရိုဇော့ဖြစ်ပြီး၊ကြောင်ကတော့ ဗလာဒီမာပူတင် ဖြစ်ပါတယ်။ ဂရိုဇော့ဆွဲလိုက်တဲ့ချူဟာပူတင့်လည်ပင်းမှာအခုထိအသံမြည်နေဆဲပါ။
ဒီလိုနဲ့ခရစ္စတိုဂရိုဇော့ဟာရုရှသမ္မတဗလာဒီမာပူတင်နဲ့သူ့ရဲ့လူသတ်သမားတွေအတွက်အမုန်းဆုံး သတင်းစာဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

●အဓိကစုံစမ်းဖေါ်ထုတ်မှုများ
၂၀၁၈ခုနှစ်မတ်လမှာရုရှစပိုင်ဟောင်းဖြစ်ပြီးဗြိတိန်နိုင်ငံ၊ဆာလစ်ဘူရီမြို့နေထိုင်နေတဲ့ဆာဂီဆက်ကရီ ပဲလ်နဲ့သူ့သမီးယူလီယာကို ပူတင်ရဲ့အေးဂျင့်တွေကအဆိပ်ခတ်ခဲ့ပါတယ်။ ဆိုဗီယက်ခေတ်ကရုရှတွေ ဖေါ်စပ်ခဲ့တဲ့ “နာဗီချော့”လို့ခေါ်တဲ့ Nerve Agent ဓါတုအဆိပ်ပါ။
ခရစ္စတိုဂရိုဇော့နဲ့အဖွဲ့ဟာ စီစီတီဗီ တွေကိုကြည့်တဲ့အခါမှာ ရုရှလူမျိုးနှစ်ယောက်ဟာ ရုရှကနေဗြိတိန်ကို လာပြီးတော့ ဆာဂီနေထိုင်တဲ့ မြို့အထိရောက်လာခဲ့တာကိုတွေ့ရပါတယ်။ ခရစ္စတိုဟာ ရုရှရဲ့ သတင်း အချက်အလက် မှောင်ခိုဈေးကွက်ကဒေတာတွေကိုအရယူခဲ့ပါတယ်။ တကယ်တော့ရုရှမှာဒီအချက်အလက်တွေဟာပြည်သူတွေ (အထူးသဖြင့်တက်ကြွလှုပ်ရှားသူတွေ)ကိုစောင့်ကြည့်ဖို့အတွက် ရဲ နဲ့ထောက်လှမ်းရေးကDatabase လုပ်ထားတာပါ။
ပြီးတော့သူတို့ပဲအပြင်ကိုပြန်ရောင်းစားကြပါတယ်။ဒီDatabaseမှာ ဘယ်သူဘယ်အချိန်ဘယ်နေ့က ဘယ်လေယာဉ်/ ရထား/ကားစီးပြီးဘယ်သွားတယ်ဆိုတာကိုအားလုံးတွေ့ရပါတယ်။ဒီအချက်အလက်တွေကိုကြည့်တဲ့အခါလူနှစ်ယောက်နာမည်နဲ့ထောက်လှမ်းရေးကထုတ်ပေးထားတဲ့
ပတ်စ်ပို့နံပါတ်တွေကိုခရစ္စတိုကရလိုက်ပါတယ်။ အဲဒီလူသတ်သမားနှစ်ယောက်ဟာဒီပတ်စ်ပို့ကိုပဲ အကြိမ်ကြိမ်သုံးပြီးသူတို့သားကောင်နောက်ကိုလိုက်နေခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။တစ်ဦးကရုရှစစ်တပ်ကဆရာဝန်ဖြစ်ပြီးနောက်တစ်ဦးကတော့သူရဲကောင်းဘွဲ့ရထားတဲ့ဗိုလ်မှူးကြီးပါ။ဒီလို
ဖြစ်ရပ်တွေကိုနိုင်ငံပေါင်းများစွာမှာ ပူတင့်လူသတ်သမားတွေလုပ်ခဲ့တာကိုတွေ့ရပါတယ်။
နောက်ဆုံးမှာတော့ဗြိတိန်ကကရင်မလင်ကိုလူသတ်မှုနဲ့စွပ်စွဲပါတယ်။ဗြိတိန်အပါအဝင်နိုင်ငံပေါင်း ၃၀ လောက်က ရုရှသံတမန်၁၅၀လောက်ကိုနိုင်ငံကနေနှင်ထုတ်ကြပါတယ်။ ရုရှကလည်းအလားတူ လက်တုန့်ပြန်ပါတယ်။
ဒီဖေါ်ထုတ်မှုအတွက်ခရစ္စတော့ကို European Press Prizeဆုချီးမြှင့်ခဲ့ပါတယ်။
ခရစ္စတိုဂရိုဇော့တစ်ဂိုး – ဗလာဒီမာပူတင် ဇီးရိုးဖြစ်ပါတယ်။
နောက်တစ်ပွဲကတော့ခရစ္စတိုဂရိုဇော့ရဲ့အကြီးမားဆုံးနဲ့အထင်ရှားဆုံးဖြစ်ပါတယ်။အလက်ဆီနာဗယ်လ်နီအကြောင်းပြောရမှာပါ။ နာဗယ်လ်နီဟာပူတင်ကိုအခြိမ်းခြောက်နိုင်ဆုံး နဲ့ လူကြိုက် အများဆုံး အတိုက်အခံခေါင်းဆောင်ဖြစ်ပြီး၊ ရုရှနိုင်ငံကခြစားမှုတွေကိုစုံစမ်းဖေါ်ထုတ်တဲ့နိုင်ငံရေးသမားရှေ့နေတစ်ဦး ဖြစ်ပါတယ်။ သူကပူတင်ရဲ့ United Russia Partyကို “ဂျပိုးသူခိုးပါတီ” (Party of Crooks and Thieves) လို့ခေါ်ခဲ့ပါတယ်။လူထုစစ်တမ်းတစ်ခုအရဒီနာမည်ပြောင်ဟာ ထိုက်တန် ကြောင်းဖြေဆိုသူ၅၀ရာခိုင်နှုန်းကဖြေခဲ့ကြပါတယ်။ ပူတင်သူ့ကိုဘယ်လောက်မုန်းမလဲဆိုတာကို မှန်းဆလို့ရနိုင်ပါပြီ။

၂၀၂၀ခုနှစ်၊ဩဂုတ်မှာနာဗယ်လ်နီဟာရုရှ ကနေ ဂျာမဏီကိုသွားတဲ့လေယာဉ်တစ်စီးပေါ်မှာလဲကျသွားခဲ့ပါတယ်။နောက်ပိုင်းမှာဂျာမန်ဆရာဝန်တွေကသူဟာ”နိုဗီချော့အဆိပ်”အခတ်ခံထားရတယ်လို့ အတည်ပြု ကြပါတယ်။ (“နိုဗီချော့အဆိပ်”နောက်တစ်ကြိမ်ပါလာတာကိုသတိပြုပါ)။ ပူတင်ရဲ့သမ္မတနေရာကို အခြိမ်းခြောက်ဆုံးအတိုက်အခံသမားနာဗယ်လ်နီကိုထောက်လှမ်းရေးကစောင့်ကြည့်နေခဲ့မယ်ဆိုတာကို ဂျာနယ်လစ် ခရစ္စတိုဂရိုဇော့ကတွေးမိပါတယ်။
ထုံးစံအတိုင်းသူနဲ့ Bellingcat အဖွဲ့ဟာ Database ထဲမှာနာဗယ်လ်နီသွားတဲ့ခရီးတွေရဲ့ရထား/ကား/လေယာဉ်တွေမှာဘယ်သူတွေအကြိမ်ကြိမ်ထပ်ပါသလဲဆိုတာကိုတိုက်စစ်ကြည့်တဲ့အခါလူ၈ယောက်ထွက်လာပါတယ်။သူတို့ ပတ်စ်ပို့တွေဟာထောက်လှမ်းရေးကထုတ်ပေးထားတဲ့ ပတ်စ်ပို့တွေဖြစ်နေပါတယ်။သူတို့အားလုံးဟာဓါတုဆေးပညာနဲ့နီးစပ်တဲ့ထောက်လှမ်းရေးတွေဆိုတာပေါ်လာခဲ့ပါတယ်။
ခရစ္စတိုဟာဖုန်းခေါ်ဆိုမှုအချက်အလက်တွေကိုလည်းရခဲ့ပါတယ်။ လူသတ်သမားတွေဟာ ရုရှထောက်လှမ်းရေးဌာနချုပ်ကိုဖုန်းနဲ့လှမ်းသတင်းပို့တာကိုလည်းရခဲ့ပါတယ်။ ၂၀၂၀၊ဒီဇင်ဘာမှာ Bellingcat၊ CNN၊ Der Spiegel၊ The Insider သတင်းဌာနတို့က ဒီစုံစမ်းမှုကိုတပြိုင်နက်ဖေါ်ပြခဲ့ ပါတယ်။ နာဗယ်လ်နီကိုအဆိပ်ခတ်မှုမှာ ပူတင်အစိုးရနဲ့ရုရှထောက်လှမ်းရေး (FSB)ဟာလက်သည် တရားခံဆိုတာကိုရှင်းရှင်းလင်းလင်းပေါ်သွားခဲ့ပါတယ်။
ပူတင်ဟာလူရှေ့သူရှေ့မှာဘောင်းဘီကျွတ်ကျ သွားခဲ့ပါတယ်။ခရစ္စတိုဂရိုဇော့၂ဂိုး၊ပူတင်ဇီးရိုးပါ။
ဒီမိုကရေစီခေါင်းဆောင်နာဗယ်နီကတော့အဲဒီဖြစ်ရပ်မှာ အသက်ရှင်ခဲ့ ပေမယ့်၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီမှာ ရုရှကထောင်တစ်ထောင်အတွင်းမှာသေဆုံးခဲ့ရပါတယ်။လက်သည်တရားခံကတော့ဘယ်သူလဲဆိုတာကိုမှန်းကြည့်စရာမလိုတော့ပါဘူး။ ကွယ်လွန်ချိန်မှာနာဗယ်လ်နီဟာအသက်၄၈နှစ်ပဲရှိပါသေးတယ်။

●ပူတင်ရဲ့လက်တုန့်ပြန်မှု
ဒီတစ်ခါပူတင်ရဲ့ပစ်မှတ်ကတော့ဂျာနယ်လစ်ခရစ္စတိုဂရိုဇော့ကိုယ်တိုင်ပဲဖြစ်ပါတယ်။အပြင်ကို ပေါက်ထွက်လာခဲ့တဲ့ရုရှထောက်လှမ်းရေးသမားတစ်ယောက်ရဲ့အဆိုအရပူတင်ဟာ ခရစ္စတိုကို ပြင်းပြင်းထန်ထန်မုန်းတီးတယ်လို့ဆိုပါတယ်။
၂၀၂၂ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာရုရှပြည်ထဲရေးဌာနကခရစ္စတိုကိုအလိုရှိကြောင်းစာရင်းမှာကြေညာခဲ့ပါတယ်။ ခရစ္စတိုနေထိုင်တဲ့ဩစတြီးယားနိုင်ငံ၊ဗီယင်နာမြို့အထိလူသတ်သမားတွေလိုက်လာခဲ့ပါတယ်။ ခရစ္စတိုမိသားစုနေထိုင်တဲ့နေအိမ်ထဲအထိဝင်လာခဲ့ကြပါတယ်။အဲဒီအချိန်မှာသူ့ရဲ့ သားလေးက အိပ်ခန်းထဲမှာကွန်ပြူတာဂိမ်းကစားနေခဲ့တာပါ။
“အဲဒီအချိန်မှာသားလေးသာအခန်းအပြင်ကိုထွက်လာခဲ့ရင်ဆိုတာကိုကျွန်တော်မတွေးဝံ့ဘူး”လို့ခရစ္စတိုကပြန်ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးခရစ္စတိုနဲ့သူ့မိသားစုဟာလမ်းခွဲခဲ့ရပါတယ်။ သူနဲ့အတူနေရင် သူ့မိသားစုပါပစ်မှတ်ဖြစ်တော့မှာပါ။ “အဲဒီအချိန်ကစပြီးဘဝဟာလုံးဝပြောင်းလဲသွားတော့တာပဲ”လို့သူကဆိုပါတယ်။
၂၀၂၃ ခုနှစ်က လန်ဒန် မှာဘူလ်ဂေးရီးယန်းလူမျိုး ၅ ဦးကိုရုရှထောက်လှမ်းရေးအတွက်အလုပ်လုပ်ပေးတဲ့သူတွေအဖြစ်ဖမ်းဆီးခဲ့ပါတယ်။ နောက်ဆုံးတော့တရားခွင်မှာတစ်ဦးကသူတို့ရဲ့အဓိကပစ်မှတ်ဟာ ခရစ္စတိုကိုဖမ်းခေါ်သွားဖို့ (ဒါမှမဟုတ်ရင်)သတ်ပစ်ဖို့ဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။
တကယ်တော့ပူတင်နဲ့ပက်သက်လို့သူဖေါ်ထုတ်ခဲ့တာတွေအများကြီးကျန်ပါသေးတယ်။ရုရှထောက်လှမ်းရေးရဲ့တခြားလူသတ်မှုတွေအပါအဝင်၂၀၁၄ ခုနှစ်က မလေးရှားလေကြောင်း MH17ကိုယူကရိန်းကောင်းကင်မှာရုရှသစ္စာခံခွဲထွက်ရေးသမားတွေပစ်ချခဲ့တဲ့ အမှုလည်းပါဝင်ပါတယ်။
သူဖေါ်ထုတ်နိုင်ခဲ့တဲ့ ရုရှထောက်လှမ်းရေးအရေအတွက်ဟာထောင်နဲ့ချီပြီးရှိတယ်လို့Channel 4နဲ့အင်တာဗျူးမှာသူကဆိုပါတယ်။
ခရစ္စတိုဂရိုဇော့ဟာ Open-Source Journalism ပညာနဲ့စုံစမ်းမှုတွေကိုဖေါ်ထုတ်ခဲ့တာပါ။ ဆိုလိုတာကတော့အများပြည်သူတွေရနိုင်တဲ့Databaseတွေ၊ လူမှုမီဒီယာတွေ၊ ဂြိုလ်တုပုံရိပ်တွေ၊ မြေပုံတွေ၊ ဗီဒီယိုတွေကိုအခြေခံပြီးဖေါ်ထုတ်သွားတာဖြစ်ပါတယ်။
သူ့အကြောင်းကို PBS Frontline ကထုတ်လွှင့်တဲ့ Antidote မှတ်တမ်းရုပ်ရှင်မှာကြည့်နိုင်သလို Christo Grozev လို့ရှာရင်လည်း youtubeမှာတွေ့နိုင်ပါတယ်။
အခုထက်ထိခရစ္စတိုဟာပုန်းရှောင်နေရဆဲပါ။ သူအလုပ်ဆက်လုပ်နေမယ်ဆိုတာကတော့ အငြင်းပွားစရာမရှိပါဘူး။ “ကျွန်တော်တို့ဟာ ရာဇဝတ်မှုတစ်ခုထဲကိုဖေါ်ထုတ်တာမဟုတ်ဘူး။ စနစ်ကြီး တစ်ခုလုံးကိုဖေါ်ထုတ်တာပါ” လို့သူကပြောပါတယ်။
ကျေးဇူးပါခရစ္စတိုဂရိုဇော့။ ကရင်မလင်ကချူသံတွေကိုတစ်ကမ္ဘာလုံးကြားကြရပါပြီ။ ။
