Scorpio/People’s Spring
လက်ရှိစစ်မှုထမ်းတပ်သားသစ်တွေ ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်ပူးပေါင်းတာတွေ အဖြစ်များနေပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာဆိုရင် အဓမ္မစစ်မှုထမ်းခံရတဲ့တပ်သားသစ်တွေအများအပြား အလင်းဝင်လာတယ်လို့ ဓနုလွတ်မြောက်ရေးတပ်တော်(DPLA)ကထုတ်ပြန်ထားတယ်။
စစ်မှုထမ်းခံရတဲ့တပ်သားသစ်လေးတွေဟာကိုယ့်အသက်ကို လွတ်ဖို့အရေး ကြိုးစားပမ်းစား ပြေးကြတယ်။ တချို့ကတော့ ကိုယ်ကိုင်တဲ့လက်နက်ရအောင်ယူလာကြတယ်။တချို့ကတော့လူတောင် မနည်းထွက်ပြေးရတာဆိုတော့ လက်နက်မပါခဲ့ကြဘူး။ ဒါပေမဲ့ မုံရွာနယ်က စစ်မှုထမ်း တပ်သားသစ်လေးတစ်ဦးကတော့သေနတ် ၃ လက်တောင် ယူလာပြီး ကာကွယ်ရေးအဖွဲ့ဆီ အလင်းဝင်လာခဲ့တယ်။ သူ့ဖြစ်စဥ်ကတော့ ဒီလိုပါ။
မုံရွာ-မန္တလေးလမ်းမကြီးပေါ် ချောင်းဦးမြို့နယ်ထဲမှာ ငါးယှန်ဂိတ်ဆိုတာ ရှိပါတယ်။ ငါးယှန်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်ပါ။ ငါးယှန်ဂိတ်ဟာ အခြားစစ်တပ်ဂိတ်တွေနည်းတူ ခရီးသွားပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ပါတယ်။ ခြိမ်းခြောက်ငွေညှစ်တာတွေရှိပါတယ်။ ဒါကြောင့်လည်း ကာကွယ်ရေးအဖွဲ့တွေက မကြာခဏ တိုက်ခိုက်လေ့ရှိတယ်။

Public Service Announcement
အဲဒီဂိတ်မှာပဲ တာဝန်ကျနေတဲ့ မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ စစ်သားတစ်ဦး ရှိတယ်။ မောင်ထွန်းဟာ အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သားသစ်ပါ။ သူဟာ ဧရာဝတီတိုင်းကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ သူတို့ရပ်ကွက်ထဲက စားသောက်ဆိုင်မှာထိုင်နေရင်း အဓမ္မ ဝင်ဆွဲခံခဲ့ရလို့ စစ်တပ်ထဲ ရောက်ခဲ့ရသူဖြစ်ကြောင်း သူ့ကိုသွားရောက်ကယ်ထုတ်ခဲ့တဲ့ Golden Target Force မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီနောက်သူဟာ ရမည်းသင်းမြို့ စစ်အခြေခံသင်တန်းမှာ သင်တန်းတက်ခဲ့ရပါတယ်။
မောင်ထွန်းတယောက် စစ်သင်တန်း တက်ပြီးတဲ့နောက် အဆင့်ဆင့် နေရာပြောင်းတာဝန်ကျရင်း နောက်ဆုံး သတင်းကြီးလှတဲ့ မုံရွာ-မန္တလေးလမ်းက ငါးယှန်ဂိတ်ကို ရောက်လာခဲ့ပါတယ်။
ငါးယှန်ဂိတ်ရောက်ပြီး Golden Target Force အဖွဲ့က ရဲဘော်တစ်ယောက်နဲ့ ချိတ်ဆက်မိတယ်။ မောင်ထွန်းက Golden Target Force အဖွဲ့ထဲ လာရောက်ပူးပေါင်းချင်လို့ ရမလားမေးတယ်။ GTF အဖွဲ့ကလည်း ရပါတယ်ပေါ့။ ဆုငွေပါချီးမြှင့်မယ့်အကြောင်း ပြောလိုက်တယ်။ မောင်ထွန်းကလည်းလာမယ်တဲ့။ဘာတွေလိုလဲလို့ပြန်မေးတယ်။
GTF အဖွဲ့က “ဂန်းတော့ ရရင် ရသလောက်ယူခဲ့မှာလိုက်တာ”လို့ အဖွဲ့ တာဝန်ရှိသူက ပြောတယ်။ အဲဒါနဲ့ ပြေးမယ့်ညကို တိုင်ပင်ကြတယ်။ ဇူလိုင်လ ၁၇ ရက် ဝါဆိုလပြည့်ကျော် ၈ ရက် ဥပုသ်နေ့ညကို ရွေးလိုက်ကြတယ်။
အဲဒီညက အလင်းရောင်ဝိုးတဝါးနဲ့ မိုးလည်းတပြောက်ပြောက်ကျနေတယ်။ Golden Target Force (GTF) နဲ့ မုံရွာမြို့နယ်တိုက်နယ်(၁) ပြည်သူ့လုံခြုံရေးအဖွဲ့သားတွေဟာမောင်ထွန်းနဲ့ ကြိုတင်ချိန်းဆိုထားတဲ့နေရာကနေ ကြိုစောင့်နေကြတယ်။ နယ်မြေခံအဖွဲ့တွေဖြစ်တဲ့ Brave Heart Army (BHA)အဖွဲ့နဲ့ တခြားနယ်ခံအဖွဲ့တွေကလည်း အကူအညီပေးပါတယ်။
“ကျနော်တို့လည်း သူပြေးမယ်ချိန်းတဲ့ညကို တညလုံး ကြိုသွားစောင့်နေတာ”လို့ Golden Target Force မှ တာဝန်ရှိသူတစ်ဦးက ပြောပြတယ်။
စောင့်ရင်းစောင့်ရင်း ရောက်ရမယ့် အချိန်ထက်လွန်လာလို့ သူ့ကိုဖုန်းဆက်သွယ်ကြည့်တော့ ဖုန်းက စက်ပိတ်ထားတယ်အော်တယ်။ဘာများလွဲချော်သွားတာပါလိမ့်လို့တွေးပြီး ရဲဘော်တွေ စဥ်းစားကြတယ်။တဖြည်းဖြည်းနဲ့မနက်လင်းလာခဲ့တယ်။
သူတို့လည်း ပတ်ရှာရင်း သစ်ပင်တစ်ပင်အောက်မှာ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတဲ့ မောင်ထွန်းကို တွေ့လိုက်ကြရတယ်။ “မတွေ့ခင် သူက ဖုန်းအားကုန်သွားတာ”လို့ သွားကယ်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောတယ်။
သူ့ဘေးမှာ လက်နက်တစ်လက်မှ ပါတာမတွေ့ရဘူး။ ဒါနဲ့ မေးကြည့်တော့ မနိုင်လို့ ဖွက်ထားခဲ့တာတဲ့။ ဒါနဲ့ သူနဲ့အတူ ရဲဘော်တွေ သွားရှာကြတယ်။ သူတို့ လက်နက် ရှာနေတဲ့နေရာက မောင်ထွန်းထွက်ပြေးလာတဲ့ ငါးယှန်ဂိတ်နဲ့ တစ်မိုင်လောက်ပဲဝေးတာလို့ ရဲဘော်တွေက ပြောပြတယ်။ ညတုန်းကမှောင်ကြီးမည်းကြီးထဲဖွက်ခဲ့တာဆိုတော့ တော်တော်အချိန်ပေးရှာလိုက်ရတယ်။ တွေ့ပါတယ်။
“MA1 ၃ လက်ပါလာတာ။ တစ်လက်ကတော့ ပြေးရင်း ဘောက်က လျောကျနေရစ်တာ”လို့ ရဲဘော်တစ်ဦးက ပြောတယ်။
ဒါ့အပြင် မောင်ထွန်းဟာကျည်ဘောက် ၂ ဘောက် ၊ 5.56 ကျည် ၂၀ ကိုပါ ယူဆောင်နိုင်ခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုဆုငွေပေးနိုင်ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ပထမလဝက်အတွင်းကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ အဓမ္မစစ်မှုထမ်းခံရတဲ့ တပ်သားသစ် (၇)ဦးဟာ ဒေသကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလိုသူတွေကို အကူအညီပေးနေတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၂၇၀ ဦး အလင်းဝင်ခဲ့သလို၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းဖမ်းဆီးခံရတာတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အလင်းဝင်လာသူများမှာ စစ်သား ၁၀၀ ဦး၊ ရဲ ၅ ဦး၊ ပြည်သူ့စစ် ၆ ဦး စုစုပေါင်း ၁၁၁ ဦးရှိကြောင်း၊ အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်းပြည်သူ့ပန်းတိုင်က အသိပေးပါတယ်။
လက်နက် ၃ လက်တောင် ယူလာနိုင်ခဲ့တဲ့ မောင်ထွန်းကို ပြည်သူတွေက ချီးကျူးကြတယ်။ သူ့ရဲ့ စွန့်စားမှုကို သဘောကျကြတယ်။ သူ့လွတ်မြောက်မှုအတွက် ဝမ်းသာနေကြတယ်။
“တစ်ယောက်တည်းနဲ့ သုံးလက် ပါလာတယ်ဆိုတာတော်ရုံရဲစွမ်းသတ္တိနဲ့ စကေးနဲ့မရဘူး”လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။ ။
