close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်ရိက္ခာအတွက် ဗုံးကြဲခံ​နေရတဲ့ပြည်သူ​တွေ

ဝါတွင်းကာလဖြစ်တဲ့ ဇူလိုင် ၁၇ ရက်နေ့၊ ဝါဆိုလပြည့်ကျော် ၈ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ သီတင်းသီလဆောက်တည်ကြတဲ့ ဥပုသ်နေ့ပါ။ အညာမှာလည်း စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြားကနေ ဥပုသ်သီလ ယူကြသူတွေရှိပါတယ်။ အဲဒီလို ကုသိုလ်ယူကြတဲ့ အခါတွင်း ဥပုသ်နေ့ဖြစ်ပေမဲ့ စစ်ကောင်စီကတော့ လေကြောင်းကနေ ဗုံးကြဲတာတွေ ရက်ရက်စက်စက် လုပ်ခဲ့ပြန်ပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့်ပြည်သူ​တွေရဲ့ရုပ်အ​လောင်းအချို့။ ဓာတ်ပုံ-ဒေသခံ

Scorpio/People’s Spring

ဝါတွင်းကာလဖြစ်တဲ့ ဇူလိုင် ၁၇ ရက်နေ့၊ ဝါဆိုလပြည့်ကျော် ၈ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ သီတင်းသီလဆောက်တည်ကြတဲ့ ဥပုသ်နေ့ပါ။ အညာမှာလည်း စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြားကနေ ဥပုသ်သီလ ယူကြသူတွေရှိပါတယ်။ အဲဒီလို ကုသိုလ်ယူကြတဲ့ အခါတွင်း ဥပုသ်နေ့ဖြစ်ပေမဲ့ စစ်ကောင်စီကတော့ လေကြောင်းကနေ ဗုံးကြဲတာတွေ ရက်ရက်စက်စက် လုပ်ခဲ့ပြန်ပါတယ်။

ဒီတခါ ဗုံးကြဲခံရတာကတော့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ဘေးက ကျေးရွာလေးတွေပါ။

အဲဒီနေ့ မနက် ၉ နာရီလောက်က မန္တလေးမြို့က ဧရာဝတီမြစ်ဆိပ်တခုဖြစ်တဲ့ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေမြစ်ကြောင်းအတိုင်းဆန်တက်လာခဲ့ပါတယ်။တိုက်ခိုက်ရေးသင်္ဘော၅စီးနဲ့ နောက်တွန်းထောက်ပို့သင်္ဘော ၇ စီးပါတယ်လို့ မြေပြင်ကင်းထောက်ရဲဘော်တွေကပြောပါတယ်။ဒီသင်္ဘောအုပ်စုဟာ ကချင်ပြည်နယ် ၊ဗန်း​မော်မြို့ကို စစ်ကူ နဲ့ ရိက္ခာ​တွေသွားပို့မယ်လို့ သတင်းထွက်​နေပါတယ် ။

Public Service Announcement

Public Service Announcement

စစ်တပ်​ရေယာဥ်တစ်စီး/တိုက်ခိုက်ခံ၍ ​ရေယာဥ်တစ်စီးမိ​လောင်​နေစဥ်။ ဓာတ်ပုံ-Wetlet Informational Network

စစ်သင်္ဘောတွေဟာ တအိအိနဲ့ ဆန်တက်လာခဲ့ပြီး ညနေပိုင်းမှာတော့ဧရာဝတီမြစ်အနောက်ဘက်ခြမ်းစစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကရှေးဟောင်းသမိုင်းဝင် ဒေသဖြစ်တဲ့ ရှိန်းမကားရွာမှာ ရပ်နားခဲ့တယ်။ အဲဒီအချိန် မြစ်အောက်ပိုင်းမှာရှိတဲ့ တံတားဦးလေဆိပ်ကနေ ဂျက်ဖိုက်တာတစ်စီး ပျံတက်လာခဲ့တယ်။ အဲဒီဂျက်ဖိုက်တာဟာ ခပ်နိမ့်နိမ့်ပျံသန်းပြီး သင်္ဘောတွေကို ကင်းယူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂျက်ဖိုက်တာအပြင် တံတားဦးကနေ Y-12 ​လေယာဥ်တစ်စီးလည်း ရောက်လာခဲ့တယ်။ အဲဒီ Y12 ယာဥ်ဟာ ရှိန်းမကားတဝိုက်က ရွာလေးတွေကို လေကြောင်းတိုက်ခိုက်ပါတော့တယ်။

အရင်ဆုံး လေကြောင်းတိုက်ခိုက်ခံရတာတော့ ရှားကွဲကျေးရွာပါ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားကွဲကျေးရွာမှာ ပြည်သူ ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ကိုနဂါးလေးက ပြောပါတယ်။

“ထိခိုက်တဲ့အထဲမှာ မိသားစုလိုက် ထိခိုက်သူတွေလည်းပါတယ်။ ခရီးသွားတဲ့ ကားသမားတွေကောပါတယ်။”လို့ ကိုနဂါးလေးက ပြောပါတယ်။

ကားသမားတွေပါ ထိခိုက်တာကတော့ ရှားကွဲရွာမှာ မြစ်ကူးဇက်ဆိပ်ရှိတာကြောင့် ဇက်ကူးဖို့စောင့်ရင်း ​စစ်​ကောင်စီလေယာဥ်ကဗုံးကြဲ ခံခဲ့ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ရှားကွဲမှာက လှေကူးတဲ့ဆိပ်ရှိတယ်။ အဲဒီဘက်ကိုကျတာ။”လို့ မြစ်တဖက်ကမ်း စဥ့်ကူးဒေသခံတဦးက ပြောပြပါတယ်။

အဲဒီနောက် Y12 လေယာဥ်ဟာ ရှားကွဲကနေ ငါးပတ်ချောင်းကျေးရွာကို တိုက်ပြန်ပါတယ်။ ငါးပတ်ချောင်းရွာမှာလည်း ပြည်သူ ၁၂ ဦးသေဆုံးခဲ့တယ်လို့ သိရတယ်။ “ပထမ ၉ ဦးသေတာ။ ဒဏ်ရာရတဲ့အထဲက ၃ ဦးထပ်သေတော့ ၁၂ ဦးဖြစ်သွားတာ။”လို့ ကိုနဂါးလေးက ပြောပါတယ်။

စစ်ကောင်စီလေယာဥ်က နှစ်ရွာကိုဗုံးကြဲပြီးတာကို အားမရသေးပါဘူး။ အနီးက ရေလည်မော်ရွာကိုပါ ဗုံးကြဲပြန်ပါတယ်။ ရေလည်မော်ရွာမှာတော့ မြို့နယ်ပကဖရဲဘော်တစ်ဦးကျဆုံးပြီး အခြားပြည်သူတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“ရှားကွဲနဲ့ ငါးပတ်ချောင်းကတော့ ပြေးချိန်မရဘူး။ ရေလည်မော်ကတော့ ပြေးချိန်ရလိုက်တော့ အထိအခိုက်နည်းတာ။”လို့ ​ဒေသခံက ပြောပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ကလည်း ရေလည်မော်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူတစ်ဦးသေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

ဇူလိုင် ၁၈ ရက်နေ့မနက်ပိုင်းမှာလည်း ခရီးဆက်ဖို့ပြင်နေတဲ့ စစ်သင်္ဘောတွေ၊ သံခွန်တွေပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မြစ်ကမ်း​ဘေးရွာ​တွေကိုပစ်ခတ်ခဲ့ပါ​သေးတယ်။ ဒါ့အပြင် ရေလည်မော်ရွာကို လေကြောင်းထပ်တိုက်လို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အမျိုးသမီးကတော့လက်ဖြတ်လိုက်ရတယ်လို့ ကြားတယ်။ အမျိုးသားကတော့ ပေါင်မှန်တယ်။”လို့ ဝက်လက်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

လေကြောင်းကနေ အပစ်ခံခဲ့ရတဲ့ပြည်သူတွေကို စောင်တွေနဲ့ထုတ်ပိုးထားရတယ်။ ထိခိုက်သူတွေကိုဆေးကုသဖို့ ရတဲ့ကားတွေပေါ် တင်ကြရတယ်။ ဒါပေမဲ့ ဆေးကုသဖို့တော့ အခက်အခဲရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“တော်လှန်ရေးအဖွဲ့တွေဖွင့်ထားတဲ့ ဆေးခန်းတွေကိုပဲ ရှာပို့နေရတယ်”လို့ ​ဝက်လက်ဒေသခံတဦးက ဖွင့်ဟပါတယ်။

အဲဒီလို ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်သွားတဲ့စစ်ကောင်စီသင်္ဘောတွေကိုကာကွယ်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်ခဲ့ပါတယ်။

မတ္တရာမြို့နယ်၊စဉ့်ကူးမြို့နယ်နဲ့သပိတ်ကျင်းမြို့နယ်တွေတလျှောက် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ တင်ဆောင်ထားတဲ့ တွဲတွန်းသင်္ဘော(၁)စီးနစ်မြှုပ်သွားခဲ့ပြီးစစ်သင်္ဘော(၁)စီးနဲ့တ​ခြားတွန်းသင်္ဘော(၂)စီးဟာ မီးလောင်ပျက်စီးမှုများပြားခဲ့တယ်လို့ မန္တလေး PDFက ဒီကနေ့ ဇူလိုင် (၂၀)ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်​ရေယာဥ်တစ်စီး/တိုက်ခိုက်ခံ၍ ​ရေယာဥ်တစ်စီးမိ​လောင်​နေစဥ်။ ဓာတ်ပုံ-MDY-PDF

အဲဒီ မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောအုပ် အထက်သို့ဆန်တက်ရာမှာမြစ်ကြောင်းတလျှောက်Y-12 လေယာဉ်​တွေနဲ့ ထပ်ကြပ်မကွာ လိုက်ပါ ဗုံးကြဲ​နေပါတယ်။ဒါအပြင် ဂျက်ဖိုက်တာ ၊ Mi-35 ​တွေ နဲ့ ပါအကြိမ်ကြိမ်ဗုံးကြဲနေတဲ့ကြားကနေPDFတွေကတိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကထပ်မံအသိပေးခဲ့ပါတယ်။

မန္တ​လေးPDF​ပြော​ရေးဆိုခွင့်ရှိသူ ကို​အော်စမွန်က​ “ဒီ‌‌မီးလောင် ပျက်စီးသွားတဲ့ သင်္ဘောတွေကို စစ်ကောင်စီဘက် တခြားသင်္ဘောတွေကဘေးနှစ်ဖက်ကနှစ်စီးကနေတွဲပြီးတော့ မရမရဆန်တက်သွားတာတော့ရှိတယ်။သို့ပေမယ့် တော်တော်လေး အထိနာခဲ့တယ်လို့ ပြောရင်ရပါတယ်”လို့ပြောပါတယ်။

ဒီသင်္ဘောအုပ်စုဟာရည်ရွယ်ချက်ကိုအကောင်းပကတိအတိုင်းရောက်ဖို့တော့ အထိနာသွားပြီးဖြစ်တဲ့အတွက်မလွယ်ကူတော့ဘူးလို့ ကို​​အော်စမွန်ကသုံးသပ်ပါတယ် ။

တကယ်​တော့ စစ်​ကောင်စီဟာဒီ​ရေလမ်း​ကြောင်းကိုမသုံးတာ တစ်နှစ် နီးပါးရှိပါပြီ။သပိတ်ကျင်းမြို့ကို တော်လှန်ရေး တပ်တွေက၂၀၂၄ ခုနှစ် သြဂုတ် ၂၅ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး​နောက်ပိုင်းစစ်တပ်ကမသုံးခဲ့ပါဘူး။ သပိတ်ကျင်းကိုသိမ်းပိုက်ခံလိုက်ရ​တော့စစ်တပ်ကထွက်​ပြေးစဥ်နောက်ဆုံးအသုံးပြုခဲ့တာဖြစ်ပါတယ် ။ သပိတ်ကျင်းမြို့ကို​​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ချိန်မှာ သပိတ်ကျင်းက စစ်​ကောင်စီဝန်ထမ်း​တွေ၊ ကသာမြို့က ပေါ်တာဆွဲလာသူတွေနဲ့ Non -CDM ဝန်ထမ်းတွေကို ခေါ်ပြီး ဧရာဝတီမြစ်အတိုင်း မန္တလေးမြို့ကို စစ်တပ်ကစုန်ဆင်းထွက်ပြေးလာခဲ့တာပါ။

ဒါ​ကြောင့် ၁၁ လခန့်ကြာမှ အခု​ရေလမ်း​ကြောင်းကို စစ်​ကောင်စီကပထမဆုံးအကြိမ်ပြန်သုံးလာတာဖြစ်ပါတယ်။ အခုတကြိမ်ပြန်သုံးဖို့ စစ်တပ်ကအချိန်အ​တော်ကြာပြင်ဆင်ခဲ့တာပါ။ဂေါဝိန်ဆိပ်ကထွက်လာတဲ့ စစ်တပ်ရေယာဥ်​တွေထဲမှာပုဂ္ဂလိကပိုင်သင်္ဘော​အချို့လည်းပါဝင်ပါတယ်။စစ်တပ်က၂၀၂၅ ဇွန်လကတည်းက ပုဂ္ဂလိကပိုင်သင်္ဘော​တွေကိုဖမ်းဆီးပြီး ယာဥ်အမည်​တွေဖျက် ပြီး ဒီခရီးမှာသုံးဖို့ပြင်ဆင်ထားတဲ့ သင်္ဘော​တွေပါဝင်​နေတာပါ။

စစ်ကောင်စီဟာ ဧရာဝတီမြစ်ကြောင်းမှာတင်ဒီလိုလုပ်တာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ (၂၈)ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ထဲ စစ်သင်္ဘောတွေ ဆန်တက်လာချိန် သူတို့သင်္ဘောလုံခြုံရေးအတွက်သေင်္ဘောပေါ်ကနေမြစ်ကမ်းဘေးဝဲ၊ယာကရွာတွေကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် မုံရွာ(နမခ)ကလည်း ပါရာမော်တာ၂စီးနဲ့ ဗုံးသီးတွေချကာ တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီလို မြစ်ဘေးရွာတွေကို စစ်တပ်က ပါရာမိုတာနဲ့ဗုံးသီးချ တိုက်ခိုက်လို့ သရက်ကိုင်းရွာ​က ပြည်သူ ၄ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၀နှစ် အရွယ် ဦး ကျော်ဝင်း၊ အသက် ၆၀ နှစ်အရွယ် ဦးဖိုးသိန်း၊အသက် ၆၃နှစ်အရွယ် ဦးထင်အောင်နဲ့ အသက် ၂၀ အရွယ် မောင်သက်ထူးတို့ ဖြစ်ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီဝင် ကိုအောင်ခန့်ဇော်က ပြောပါတယ်။

“သင်္ဘောတွေသွားလို့ရအောင် ပါရာမိုတာနဲ့ချပြီး ကာဗာပေးတာ။”လို့ ကိုအောင်ခန့်ဇော်က ပြောပါတယ်။

အလားတူ ဧရာဝတီမြစ်ထဲကလေကြောင်းတိုက်ခိုက်မှုကလည်း သူတို့သင်္ဘောတွေလုံခြုံရေးအတွက် လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်သွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အဓိကကတော့စစ်သင်္ဘောတွေလုံခြုံရေးအတွက်ပစ်သွားတာ။”လို့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

အခင်းဖြစ်ရာနေရာတွေနဲ့ နယ်ချင်းဆက်နေတဲ့ စစ်ကိုင်းမြို့နယ်မှာလည်း ဇူလိုင် ၁၁ ရက်နေ့ကလည်း စစ်ကောင်စီဟာ လင်းတလူးကျေးရွာက စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ဝ ကျော် သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီ စစ်သင်္ဘောတွေကတော့ အပျက်အစီးတွေနဲ့အတူ သပိတ်ကျင်းနယ်ထဲရောက်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဝက်လက်နယ်ထဲကလို အလားတူ ဖြစ်ရပ်မျိုးတွေထပ်မဖြစ်အောင် မြစ်ဘေးရွာတွေ ခေတ္တရှောင်နေကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်က စစ်ကောင်စီတပ်တွေကို လေကြောင်းကနေ ရိက္ခာ၊ခဲယမ်းတွေ ပို့နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(ဇူလိုင် ၂၀ရက်) သတိပေးထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် ဗလခမှော်အနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေသော ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ နယ် အင်းအရှေ့ခြမ်း၌ ဒေသခံပြည်သူရာနှင့်ချီ ပိတ်မိနေကြောင်း သတင်းရရှိသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်(၁၃)နှစ်အရွယ် ကလေးငယ်သေဆုံးကာ ကလေးငယ်များ အပါအဝင် ပြည်သူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

Facebook