Scorpio/People’s Spring
အညာတနေရာက ရွာတရွာမှာ ရွာသူရွာသားတွေ မြေကျင်းနက်နက်တူးနေကြတယ်။ ထွက်လာတဲ့မြေသားတွေကို မိန်းမသားတွေပါမကျန် ချွေးသံတရွှဲရွှဲနဲ့ သယ်ကြဖို့ကြတယ်။ ဒီအချိန်ဒီကာလ အညာမှာ အာစီတိုက်ဆောက်မလို့ ဖောင်ဒေးရှင်းကန်တူးတာတော့ မဟုတ်ပါဘူး။ စာသင်တာကိုတောင် လေကြောင်းနဲ့တိုက်ခိုက်၊ အသက်တွေရင်းပြီး ပညာသင်နေရတဲ့ အညာက ကလေးငယ်တွေအတွက် မြေအောက်စာသင်ကျောင်းကို စတင်ဆောက်လုပ်နေကြတာပါ။
●မြေအောက်စာသင်ကျောင်း ဘာကြောင့်ဆောက်
စစ်ကောင်စီက စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေလို့ ကလေးတွေ စာဆက်သင်လို့ရအောင် ဖန်တီးကြတာပါ။

Public Service Announcement
စစ်ကောင်စီတပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄,၁၅၀ ကျော် ပြုလုပ်ခဲ့တဲ့အထဲမှာ စာသင်ကျောင်းတိုက်ခိုက်ခံရမှုက ၁၇၄ ကျောင်း ရှိတယ်လို့ ဉာဏ်လင်းသစ်အဖွဲ့ ရဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းတည့်တည့်ကို စစ်ကောင်စီကတိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်မှုကြောင့် စာသင်နေကြတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ကျောင်းသားကျောင်းသူကလေးငယ် အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အဲဲဒီလိုတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို ယာယီပိတ်လိုက်ရပါတယ်။
စစ်ကောင်စီဟာဇွန်လ (၉)ရက်နေ့ကပဲကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ပိုင်ရပ်ရွာအတွင်းက စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသားနဲ့ ဆရာ အနည်းဆုံး ၆ ဦး သေပြီး ၃၅ ဦး ခန့် ဒဏ်ရာရခဲ့ပါသေးတယ်။
မြေအောက်စာသင်ကျောင်းကို NUG အစိုးရအနေနဲ့လည်း အကောင်အထည်ဖော်နေသလို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ အနေနဲ့လည်း နိုင်သလောက် စတင်အကောင်အထည်ဖော်တာလို့ အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။
“ပညာရေးက လည်ပတ်လို့ မရလောက်တဲ့အထိ ဖြစ်သွားတယ်။ ပညာရေး ပြန်လည်ပတ်ဖို့အတွက် မေအောက်ကျောင်းတွေဆောက်မှ ပြန်အဆင်ပြေမှာ။”လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။

●ဘိလပ်မြေနဲ့ အုတ်စရိတ်ကြီးလို့ကုန်ကျမှုများ
မြေအောက်စာသင်ကျောင်းဟာ စာသင်ခန်းအပြင် ကျေးရွာထဲက ပြည်သူတွေ အရေးအကြောင်း လေကြောင်းလာရင် ရှောင်လို့ရအောင်လုပ်ထားတယ်။ လျှပ်စစ်မီးစနစ်၊ လေဝင်လေထွက်ကောင်းဖို့ အလင်းရောင်ရဖို့စနစ်တွေကော အကုန်လုံးပါမယ်လို့ သိရပါတယ်။
လက်ရှိစစ်ကိုင်းတိုင်း၊ထဲကဒေသအချို့မှာ စတင်ဆောက်လုပ်နေတာပါ။ မြေအောက်ထဲမှာဆောက်ရတာဖြစ်သလို အုတ်တွေဘိလပ်မြေစျေးတွေကလည်း ခေါင်ခိုက်နေတယ်။ ဘိလပ်မြေတစ်အိတ် သုံးသောင်းကျော်ဝန်းကျင်မှာ ရှိနေတဲ့အတွက် ကျောင်းအဆောင်တစ်ဆောင်ကို သိန်း ၂၀၀ ဝန်းကျင် ကုန်ကျပါမယ်လို့ S&C အဖွဲဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
“တဖြည်းဖြည်းနဲ့ အကုန်လုံးကို လွှမ်းခြုံနိုင်မယ်လို့ မျှော်လင့်ရတယ်။ ကျောင်းဆောင်တဆောင်ရဲ့ တန်ကြေးကလည်း တော်တော်လေးများတာကိုး။”လို့ အဖွဲ့တာဝန်ရှိသူ ကိုစိုးမိုးအောင်က ပြောပါတယ်။
ပထမဆုံးကျောင်းဆောင်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ နှစ်ပြည့်မွေးနေ့မှာအောင်မြင်စွာဖွင့်လှစ်ခဲ့ပါတယ် ။အခုဆိုရင် မြေအောက်စာသင်ကျောင်း ၄ ကျောင်း ဆောက်လုပ်ပြီးပါပြီ။ငါးကျောင်းမြောက်ဆောက်လုပ်ဖို့ ကြိုးပမ်းနေကြပြီဖြစ်ပါတယ်။
●အခြားတိုင်းနဲ့ပြည်နယ်တွေက မြေအောက်ကျောင်းဆောက်ချင်ရင် နည်းပညာမျှဝေပေးနိုင်
မြေအောက်စာသင်ကျောင်းမှာ တစ်ဆောင်ကို ကျောင်းသားဦးရေ လူလေးဆယ်ကနေ ခြောက်ဆယ်လောက်အထိ သင်ယူနိုင်မယ်။ ကျောင်းမှာရှိတဲ့ ကျောင်းသားဦးရေပေါ်မူတည်ပြီး အချိန်တွေခွဲကာ မြေအောက်စာသင်ခန်းကို အလှည့်ကျ သုံးစွဲပြီး သင်ယူနိုင်မယ်လို့ သိရတယ်။ “ကျောင်းဆောင်အနေနဲ့က လိုအပ်မှုကရှိဦးမယ်။ ဒါပေမဲ့ မရှိတာထက်စာရင် မဆိုးဘူးပြောရမှာပေါ့။”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒီဇိုင်းကို စင်ကာပူက အင်ဂျင်နီယာပညာရှင်တွေက ရေးဆွဲပေးပါတယ်။ ဗုံးကြဲလာရင် ခံနိုင်ရည်ရှိအောင် စနစ်တကျတွက်ချက်ဆောက် လုပ်ထားတယ်လို့ ကိုစိုးမိုးအောင်က ရှင်းပြပါတယ်။
စစ်ကောင်စီတပ်က မြေပြင်ကမထိုးဖောက်နိုင်ဘဲ စစ်ကောင်စီစစ်ကြောင်းထိုးလို့မရနိုင်တဲ့ ဒေသ၊ဝေဟင်ကနေသာ ထိုးဖောက်နိုင်တဲ့ဒေသတွေကို ဆောက်လုပ်ပေးမယ်လို့ သိရပါတယ်။
တကယ်လို့ စစ်ကိုင်း၊ မကွေးအပါအဝင် တခြား တော်လှန်ရေးနယ်မြေတွေမှာ အခုလို မြေအောက်စာသင်ကျောင်းဆောက်လုပ်ချင်တယ်ဆိုရင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ်လို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးပြောပါတယ်။
“ဆောက်ချင်တယ်ဆိုရင် ကျနော်တို့ Page ကနေ ဆက်သွယ်လို့ရပါတယ်။”လို့သူကပြောပါတယ်။
မြေအောက်စာသင်ကျောင်းတွေဆောက်ပြီး စာသင်ရတော့မယ့် အညာက ကလေးတွေရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီပဲယင်းက စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် အဆိုပါကျောင်းကို ရောက်ရှိခဲ့တဲ့ ကလေးမြို့၊ အထက်တန်းကျောင်းအစိုးရနည်းပညာမှ CDM ဆရာမ ဒေါ်ရတီအုန်းက အခုလိုပဲ ပြောပြပါတယ်။
“ရပ်တန့်ထားလို့ မရတဲ့ မဖြစ်နိုင်တဲ့ ကြားကာလပညာသင်ကြားရေးကိုကြိုးပမ်းအကောင်ထည်ဖော်နေတာပါ။အရည်သွေးပြည့်စံချိန်မီ သင်ကြားမှုမျိုး မဟုတ်ရင်တောင်မှ အတိုင်းအတာ တခုအထိ အကျိုးသက်ရောက်မှု ရှိဖို့ ဝိုင်းဝန်းကြိုးစားနေပါတယ်။ အညာဟာ ဘာအတွက်နဲ့မှ နောက်မတွန့်ပါဘူးလို့ အညာသူ တောကျီးကန်းက ပြောချင်ပါတယ်။”လို့ ဆရာမက ပြောပြပါတယ်။
ဒီလိုကျောင်းတွေကို စစ်ကောင်စီစိုးမိုးတဲ့ဒေသတွေ၊စစ်တပ်စစ်ကြောင်းထိုးရတဲ့ဒေသတွေ မှာတော့ဆောက်မပေးဘူးလို့S&C အဖွဲ့တာဝန်ရှိသူကဆိုပါတယ် ။

“စစ်ကြောင်းထိုးလို့ရတဲ့နေရာတွေ ဆောက်မပေးရဲဘူး။ သူတို့အတွက် ဖြစ်သွားနိုင်တယ်လေ။ အဆောက်အအုံကကောင်းတော့ တပ်စွဲလိုက်ရင်သွားပြီလေ။”လို့သူကရှင်းပြပါတယ်။
“ကလေးတွေကို စာနဲ့အဆက်မပြတ်အောင်၊ လုံခြုံရေးအရ စိတ်ချရအောင် လုပ်နေတာပါ။ ကလေးတွေက ပညာရေးနဲ့ အဆက်ပြတ်လို့မရဘူး။ တော်လှန်ရေးကာလလည်း ကြာနေပြီဆိုတော့။ ပညာရေးကို နားလိုက်မယ်ဆိုရင်လည်း အဆင်မပြေဘူး။”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
ကျောင်းတွေအပြင်ဆေးခန်းတွေကိုပါမြေအောက်အဆောက်အအုံနဲ့လုပ်ဖို့ စီစဥ်နေကြပြီလို့သိရပါတယ်။
မြေအောက်စာသင်ကျောင်းလေးတွေ ရုပ်လုံးပေါ်လာစေဖို့ အညာက မိခင်တွေလည်း မမောနိုင်မပန်းနိုင် ပါဝင်ကူကြတယ်။ သူတို့ရင်သွေးလေးတွေ စာတကြောင်းဖြောင့်ဖြောင့်သင်နိုင်ဖို့အရေး ချွေးဒီးဒီးကျလို့ ကြိုးစားနေကြပါတယ်။ ။
( ●မှတ်ချက်။ ။စစ်ကောင်စီကစာသင်ကျောင်း၊ဆေးရုံဆေးခန်း ၊ဘာသာရေးအဆောက်အအုံ ၊ ဈေး စတဲ့ ကျောင်းသားကလေးငယ်တွေ ၊အရပ်သားတွေနေရာတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေတာကြောင့် ယခုဆောင်းပါးမှာ ကျောင်းသားနဲ့ပြည်သူတွေလုံခြုံရေးအတွက် ကျောင်းဆောက်တဲ့နေရာ ၊ကျောင်းနဲ့ပတ်သက်တဲ့ အကျယ်အဝန်း ၊အမြင့်၊တည်ဆောက်တဲ့ နည်းပညာ စတဲ့အချက်အလက်တွေကို ထည့်သွင်းခြင်းမရှိပဲချန်လှပ် ဖော်ပြထားတာဖြစ်ပါတယ်။သတင်း ဓါတ်ပုံတွေကိုလည်း တည်နေရာသိနိုင်မယ့်ပုံတွေကို အသုံးမပြုပဲ ချန်လှပ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ − အယ်ဒီတာ
