close
Connect with us

Hi, what are you looking for?

အတွေးအမြင်

တော်လှန်ရေးဗွက်ထခြင်း

လတ်တလော အခင်းအကျင်းကို နိုင်ငံသားတစ်ယောက်နေရာက မဟုတ်ဘဲ အပြင်နိုင်ငံခြားသားတစ်ယောက်နေရာက ကြည့်ကြည့်ရင် တော်လှန်ရေးဗွက်ထနေတာကိုသာ မြင်ပြီး စကစရဲ့ “ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ”ကသာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလားအလာ ရှိနေသယောင် မြင်ကြတာဟာ သိပ်တော့လည်း အဆန်းတကြယ် မဟုတ်ဘူးလို့ ဆိုရမှာပါပဲ။

●နွေဦးဘက်တော်သားတွေအနေနဲ့ ကိုယ့်ဘက်ခြမ်းက ဗွက်တွေကို နိုင်ငံတကာထိ စင်မိစွန်းမိအောင် လုပ်ကြမလား၊ ကိုယ့်ဗွက်ကို ကိုယ့်ဖာသာ အကောင်းဆုံးဖြေရှင်းပြီးကိုယ့်တော်လှန်ရေးမဟာဗျူဟာကောင်းကို နိုင်ငံတကာကို ရောင်းနိုင်မလားဆိုတာ အလေးအနက် တွေးကြလုပ်ကြဖို့ပါပဲ။

မသီတာ-စမ်းချောင်း​ရေးသားသည်။

လတ်တလော အခင်းအကျင်းကို နိုင်ငံသားတစ်ယောက်နေရာက မဟုတ်ဘဲ အပြင်နိုင်ငံခြားသားတစ်ယောက်နေရာက ကြည့်ကြည့်ရင် တော်လှန်ရေးဗွက်ထနေတာကိုသာ မြင်ပြီး စကစရဲ့ “ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ”ကသာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလားအလာ ရှိနေသယောင် မြင်ကြတာဟာ သိပ်တော့လည်း အဆန်းတကြယ် မဟုတ်ဘူးလို့ ဆိုရမှာပါပဲ။

စကစဟာ မြေပြင်မှာ အပစ်ရော အကြဲရော မရပ်တဲ့အပြင် အဓမ္မစုဆောင်းထားတဲ့ စစ်သားတွေကို အားပြုပြီး နယ်မြေပြန်သိမ်းတာတွေ လုပ်နေပေမဲ့ နိုင်ငံတကာမျက်နှာစာမှာတော့ “ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ”ဆိုတဲ့ နိုင်ငံခြားသားအကြိုက် မက်လုံးကောင်းကို ကောင်းကောင်းကြီး ဝါဒဖြန့်ချိနိုင်နေပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးဘက်တော်သားတွေကတော့ ‘စုစည်းကြပါ၊ စည်းလုံးပါ’လို့ အတန်တန် ပြောနေကြတယ်ဆိုတာက တဘက်၊ ‘ဖျက်သိမ်းပါ၊ လူလဲပါ၊ ပြုပြင်ပါ’ဆိုတာကို ဗွက်ထလောက်အောင် အုန်းအုန်းကြွက် ပြောနေကြတာက တဘက်နဲ့ ဗြောင်းသတ်နေတုန်းပါပဲ။ လတ်တလော ထွက်လာတဲ့ Blue Shirt Initiative အဖွဲ့ရဲ့ သုတေသန စစ်တမ်းတစ်ခုကိုလည်း တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုထဲက မြို့နယ် ၂၃၇ ခုမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းကို အခြေခံထားတာပါ။ ပါဝင်ဖြေဆိုသူ ၃၁၂၈ ဦး ရှိပြီး အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားလူငယ်တွေကို မေးထားတာ ဖြစ်ပါတယ်။ ဆန်းစစ်တဲ့ အကြောင်းအရာက ‘အင်စတီကျူးရှင်းနှင့် လူပုဂ္ဂိုလ်များအပေါ် လူငယ်များ၏ ယုံကြည်မှု”ပါ။

ဖြေဆိုတဲ့ လူငယ်တွေဟာ နွေဦးတော်လှန်ရေးရဲ့ အဓိကကျတဲ့ လက်နက်ကိုင်တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အုပ်စုရဲ့ အသက်အပိုင်းအခြားပါ။ လူပုဂ္ဂိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုဟာ ၆၇ ရာခိုင်နှုန်းဆိုတော့သုံးယောက်မှာ နှစ်ယောက်က ယုံကြည်နေတာပါ။ နွေဦးကျမှ ဖွဲ့စည်းခဲ့တဲ့ ပီဒီအက်ဖ်အပေါ်မှာ တနည်း သူတို့နဲ့သက်တူရွယ်တူ တော်လှန်ရေးသမားတွေအပေါ်မှာတောင်၅၇ရာခိုင်နှုန်း (သုံးယောက်မှာတစ်ယောက်နဲ့တစ်ပိုင်းက)ပဲ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဒီ့ထက် စိတ်ဝင်စားဖို့ ကောင်းတာက ဖြေဆိုသူ ၂၈၀၈ ဦးထဲက ၃၂ ရာခိုင်နှုန်းဟာ အန်ယူဂျီ၊ အီးအေအို၊ ပီဒီအက်ဖ်တွေအနေနဲ့ အနိုင်ရသည်အထိ စစ်ပွဲကို ဆက်တိုက်သင့်တယ်လို့ ဆိုပါတယ်။ ၄၄ ရာခိုင်နှုန်းကတော့ နိုင်ငံရေး-စစ်ရေး ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးနည်းလမ်းကို အမြန်ဆုံး ရှာဖွေသင့်တယ်လို့ ဆိုပါတယ်။ ၂၄ ရာခိုင်နှုန်းကတော့ မသိဘူးဆိုပဲ။ ဒါကို ကြည့်ရင် တော်လှန်ရေးမဟာဗျူဟာဆိုင်ရာ စိန်ခေါ်မှုဟာ တော်လှန်ရေးဦးဆောင်အဖွဲ့တွေထဲမှာတင်မကဘဲ သာမန်လူငယ်ထုထဲမှာပါ ရှိနေတယ်ဆိုတာ သေချာပါတယ်။

စစ်တမ်းအရ နိုင်ငံရေးနည်းလမ်းသစ်တစ်ခုကို အမြန်ဆုံး ရှာဖွေသင့်တယ်လို့ ဆိုကြသူ လူငယ်တွေက ပိုများနေပေမဲ့ လတ်တလော တွေ့မြင်နေရတဲ့ တော်လှန်ရေးဘက်တော်သားတွေကြားက အချိုးများကို ကြည့်ကြရအောင်ပါ။

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်က ပိုပြီးလွှမ်းမိုးနေတာဖြစ်လို့ လက်နက်ကိုင်သူတွေကို ကယ်တင်ရှင်သူရဲကောင်းလို့ သတ်မှတ်တဲ့ ဓလေ့ဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။ ဒါကြောင့် တချို့လည်း နွေဦးကာလမတိုင်ခင်တလျှောက်လုံး လက်နက်ကိုင်ဘဝဟောင်းကို ဖုံးဖိသိုဝှက်ပြီး တခြားလူမှုအမှတ်သညာမျိုးနဲ့ နေထိုင်ဖြတ်သန်းခဲ့ပြီးကာမှ နွေဦးကာလ နာရေးကျတော့ တခါက လက်နက်ကိုင်ရာထူးကို ကျန်ရစ်သူတွေက ဖြည့်စွက်လှစ်ဟပြပြီး ဂုဏ်ဆာလာကြလေရဲ့။ လက်နက်ကိုင်ဩဇာဟာ နောက်ကြောင်းပြန်တောင် သက်ရောက်နိုင်သလို တွေ့မြင်ရတော့ လက်နက်ကိုင်ဂုဏ်ဒြပ်ဟာ လက်နက်မဲ့တွေအပေါ် ခေါင်းတစ်လုံး ပိုသာကြောင်း ပြစရာသက်သေအဖြစ် ကြည်ဖြူလက်ခံကြတဲ့ ဓလေ့ဟာ အဓွန့်ရှည်နေဦးလေမလားလို့ စိတ်ပူရပါတယ်။ အဲဒီလိုပဲ အခုအခါမှာ အန်ယူဂျီကို အားမရကြတဲ့အကြောင်းထဲမှာ လက်နက်ကိုင်အင်အားစုတွေအပေါ် စုစည်းခေါင်းဆောင်နိုင်မှု အားနည်းနေလို့ဆိုတာကို တွေ့ရတော့ နိုင်ငံရေးနည်းလမ်းက တော်လှန်ရေးမဟာဗျူဟာ ဖြစ်လာဖို့ အရိပ်အခြည်က အားနည်းနေတယ်လို့ ဆိုရပါမယ်။

တကယ်တော့ “၂၁” အခင်းအကျင်းမှာ ကိုယ်ကျိုးစီးပွါးအခြေခံ နိုင်ငံရေး-စစ်ရေးလှုပ်ရှားမှုတွေ အများကြီး တွေ့မြင်ကြရပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုမျိုးသာမက အစုအဖွဲ့ကိုးကွယ်မှု (လူမျိုး၊ပါတီ၊လက်နက်ကိုင်တပ်)မျိုးတွေလည်း တွင်ကျယ်နေကြပါတယ်။ ကိုယ် သဘောမမျှနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အစုအဖွဲ့တွေကို ယုံကြည်ကြသူတွေအပေါ် မှိုချိုးမျှစ်ချိုး နှိမ်ချပြောဆိုတဲ့ အချိုးကလည်း “၂၁” ရဲ့ အချိုး ဖြစ်နေပုံပါပဲ။ ကိုယ် ကျွမ်းကျင်တဲ့ခွင်ထဲ ရောက်လာရင် ဘယ်အလိမ္မာမှ မသုံးတော့ဘဲ ပြောဆိုသုံးနှုန်းကြရာမှာ စကစကို ခွေးနဲ့ နှိုင်းသလို ကိုယ် သဘောမမျှသူလူနဲ့အစုအဖွဲ့ကို နွားလို တိရိစ္တာန်မျိုးတွေနဲ့ ခိုင်းနှိုင်းတဲ့ အမုန်းစကားတွေကလည်း လူ့ရပိုင်ခွင့်ကို အလေးထားပါတယ်ဆိုတဲ့သူမျိုးတွေရဲ့ နှုတ်ကနေတောင် ကြားနေရတာပါပဲ။ ဒီလိုအနေအထားနဲ့ ရေရှည်မှာ ဒီမိုကရေစီကို အလေးထားပြီး လူတစ်ဦးချင်းစီကို လေးစားရမယ့် ယဉ်ကျေးမှုမျိုးကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကလည်း တွေးပူစရာပေါ့။

နောက်တမျိုး နောက်တချိုးကတော့ မကုန်နိုင် မခမ်းနိုင်တဲ့ စုဖွဲ့မှုတွေပါပဲ။ အရင်က စစ်ထောက်လှမ်းရေးတွေဟာ ဖမ်းမိထားတဲ့ ဘယ်သူ့ကိုမှ ပြန်လွှတ်မပေးချင်တော့ မိထားသူတွေအချင်းချင်း လူချင်းမသိရင်တောင် အင်မတန် ကောင်းတဲ့ ဇာတ်ညွှန်းရေးပြီး ဇာတ်လမ်းထဲ ဇွတ်ထည့်ကာ အမှုတွဲ တွဲပေးတတ်ကြပါတယ်။ အခု “၂၁” အခင်းအကျင်းမှာတော့ အဖွဲ့ပေါင်းများစွာက နှစ်ဖွဲ့ တစ်တွဲ၊ သုံးဖွဲ့ တစ်တွဲ စုဖွဲ့ကာ ပလက်ဖောင်းအသစ် အသွင်ယူကြတာမှာ တစစနဲ့ တစ်ဖွဲ့တည်းက စုဖွဲ့မှု အခု နှစ်ဆယ်လောက်မှာ ပါနေတာမျိုး၊ အဲဒီ စုဖွဲ့မှု အခု နှစ်ဆယ်ရဲ့ ဦးတည်ရာကလည်း အမျိုးမျိုး ဖြစ်နေတာမို့ အဲဒီအဖွဲ့ တကယ် ယုံကြည်သက်ဝင်ပြီး ကျွမ်းကျင်လိမ္မာမယ့်အရာဟာ ဘာပါလိမ့်လို့ မျက်ခြည်ပြတ် မျက်စိလည်ရတာမျိုးတွေကလည်း တရစပ် ဖြစ်နေတာပါ။ ဒီ့ထက်ဆိုးတာက ကိုယ် ပါဝင်တဲ့ စုဖွဲ့မှုကြီးကို ဝေဖန်ချင်တဲ့အခါ ကိုယ် ပါဝင်ထားတဲ့ တခြားစုဖွဲ့မှုကလေးဆီက ဦးထုတ်ကို ယူဆောင်းပြီး ဝေဖန်လိုက်ရင် အဆင်ပြေပြီလို့ သဘောထားလာကြတာပါ။ အစုအဖွဲ့များကြား အကျိုးစီးပွါးဆိုင်ရာ ပဋိပက္ခတွေကို ထည့်သွင်းတွက်ချက်ပြီးမှ ဆောင်ရွက်ရမယ့် ပြည်သူ့ဆက်ဆံရေးမဟာဗျူဟာဆိုတာမျိုးကို အစုအဖွဲ့တော်တော်များများက လျစ်လျူရှုနေကြတာဟာအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက်လည်း ရင်လေးစရာပါပဲ။

ဒါဆို ဘယ်နေရာမှာ ဘာတွေ လွဲနေကြလဲဆိုတာ စဉ်းစားစရာ ဖြစ်ရပါတယ်။ စစ်တမ်းထဲမှာ အဲဒီဖြေဆိုသူတွေကပဲ လူမှုကွန်ရက်မီဒီယာပို့စ်တွေဟာ လူ့အဖွဲ့အစည်းရဲ့ သဘောထားနဲ့ ဆန္ဒကို ထင်ဟပ်တယ်လို့ ယူဆလက်ခံသူဟာ ၄၀ ရာခိုင်နှုန်းနဲ့ အများဆုံးပါ။ မထင်ဟပ်ဘူးလို့ လက်ခံယူဆသူက ၃၂ ရာခိုင်နှုန်းဖြစ်ပြီး မသိဘူးလို့ ဆိုသူတွေက ၂၈ ရာခိုင်နှုန်းပါတဲ့။ ဒီတော့ တော်လှန်ရေးဦးဆောင်သူများဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် ပြောဆိုဝေဖန်သုံးသပ်နေကြတာတွေဟာ မြေပြင်က လူထုသဘောထားနဲ့ ဘယ်နှရာခိုင်နှုန်းလောက် တိုက်ဆိုင်နေသလဲဆိုတာကို ပြန်တွေးစရာတွေ ဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုဝေဖန်သူတွေထဲမှာ မြေပြင်မှာ မရှိသူ၊ မြေပြင်နဲ့ မနီးစပ်သူတွေ အများအပြား ပါဝင်နေတာကိုလည်း ထည့်တွက်ရမှာကိုး။

တကယ်တော့ လတ်တလော ခေါင်းခဲပြီး အဖြေထုတ်ရမှာက တော်လှန်ရေးရဲ့ မဟာဗျူဟာဆိုင်ရာ လမ်းဆုံလမ်းခွပါ။ပြောခဲ့သလိုစကစက “ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ”ကို တွဲရောင်းလာတဲ့အခါ တချို့အင်အားစုတွေကလည်း “ရွေးကောက်ပွဲ”ကိုသာ လက်မခံနိုင်ပေမဲ့ “ငြိမ်းချမ်းရေး”ကိုတော့ စိတ်ဝင်တစား ဆွေးနွေးလိုနေကြပါတယ်။ ဒါဟာလည်း သူတို့ ဖြတ်သန်းနေရတဲ့ စိန်ခေါ်မှုတွေကြောင့်ရော သူတို့ မျှော်မှန်းတဲ့ လိုအင်တစုံတရာကြောင့်ပါ ဖြစ်နိုင်တာပေါ့။ ဒီတော့ စုဖွဲ့မှုအသစ်အသစ်တွေ လှိုင်ဘောလယ်လာတာ ပြည်တွင်းရော ပြည်ပမှာပါ ဖြစ်ကုန်ပါတယ်။

ဒီတော့ ပြင်ပနိုင်ငံခြားသားတစ်ယောက်နေရာကနေပြီး ဒီအခင်းအကျင်းကို မြင်ကြည့်တဲ့အခါ တော်လှန်ရေးဘက်ခြမ်းဟာ အတော်လေး ဗွက်ထနေတာကို တွေ့ရမှာပါ။ နွေဦးဘက်တော်သားများရဲ့ မဟာဗျူဟာ အထင်အရှား မရှိမှုဟာ သူတို့ကို ဝေဝါးစေပါတယ်။ “ရွေးကောက်ပွဲ”ကို “နိုး”ပြီး “ငြိမ်းချမ်းရေး”ကိုလည်း “နိုး”နေကြသေးတာဆိုရင် ဘယ်ဗျူဟာကျမှ အလုပ်ဖြစ်မလဲဆိုတာကို သူတို့က သဘောမပေါက်နေပါဘူး။ သူတို့ နားမလည်တာက နွေဦးဘက်တော်သားတွေအနေနဲ့ “စစ်အာဏာရှင်စနစ်”၊ “စစ်ခရိုနီစနစ်”၊ နဲ့ “စစ်ဗျူရိုကရေစီစနစ်”တွေကို အပြီးတိုင် ဖြေရှင်းဖို့ကသာ အခရာ ကျတယ်လို့ ခံယူထားကြတာကိုပါ။ အဲဒါတွေကို ဖြေရှင်းဖို့အတွက် စကစလုပ်မယ့် “ရွေးကောက်ပွဲ”က အဖြေမပေးနိုင်သလို စကစက ဦးဆောင်နေသရွေ့ အဲဒီစနစ်တွေ ချုပ်ငြိမ်းမယ့် “ငြိမ်းချမ်းရေး”ကလည်း မဖြစ်နိုင်ဘူးဆိုတာကို အပြင်လူတွေက သိပ်သဘောမပေါက်ကြတာ သေချာပါတယ်။

တဘက်မှာလည်း နွေဦးတွေကြားက “စစ်နဲ့ စစ်သမား”တွေအပေါ် ကယ်တင်ရှင်လို အားကိုးနေမှု၊ စကစ ကင်းစင်နယ်မြေတွေမှာ “ဗျူရိုကရေစီဆန်တဲ့၊ ခရိုနီဆန်”တဲ့ အပြုအမူတွေကို နွေဦးလက်နက်ကိုင်သမားတွေကိုယ်တိုင် ဆောင်ရွက်လာနေမှု၊ တိကျခိုင်မာတဲ့ “လမ်းပြမြေပုံ” မပြောမပြနိုင်ကြသေးဘဲ အချင်းချင်း အပြစ်တင် တရားခံရှာနေကြမှုတွေကလည်း အပြင်လူတွေတောင် သိနေကြတာပါပဲ။ ဒီတော့ စကစရဲ့ (တွဲရောင်းနေတဲ့) “ဆိတ်ခေါင်း-ခွေးသား”ကိုပဲ ဝယ်လိုက်တာက လွယ်မှာပါလို့ သူတို့ တွေးလာကြမှာ စိုးရိမ်ရပါတယ်။

နွေဦးဘက်တော်သားတွေအနေနဲ့ ကိုယ့်ဘက်ခြမ်းက ဗွက်တွေကို နိုင်ငံတကာထိ စင်မိစွန်းမိအောင် လုပ်ကြမလား၊ ကိုယ့်ဗွက်ကို ကိုယ့်ဖာသာ အကောင်းဆုံးဖြေရှင်းပြီးကိုယ့်တော်လှန်ရေးမဟာဗျူဟာကောင်းကို နိုင်ငံတကာကို ရောင်းနိုင်မလားဆိုတာ အလေးအနက် တွေးကြလုပ်ကြဖို့ပါပဲ။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

"ကျွန်​တော်တို့က သူတို့ကိုအားကိုးပါတယ်ဆိုမှ သူတို့ကအချင်းချင်းရန်ဖြစ်​နေကြ​တော့ ဘယ်သူ့အားကိုးရမယ်မသိဘူး "

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ်ကြီးနေအိမ်ရှေ့တွင် အ​မေရီကန်ရောက် မြန်မာများနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြသည်။

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ကိုရီးယားအဖွဲ့အစည်းများ စုပေါင်းကာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့် သတင်းစာရှင်းလင်းပွဲနှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ (ဖေဖော်ဝါရီ ၁ရက်) ကျင်းပပြုလုပ်ခဲ့သည်။

Facebook