ကိုဗလရေးသားသည်။
မြန်မာ့လေတပ်ရဲ့ ဝေဟင်ပစ်ဗုံးတွေတီထွင်ထုတ်လုပ်ရာမှာ နောက်ကွယ်ကနေ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ လက်မည်းကြီးကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က လေ့လာစုံစမ်းဖော်ထုတ်လိုက်ပါတယ်။
“သေမင်းစက်ရုံ- မြန်မာစစ်တပ်ရဲ့ ဝေဟင်ပစ်ဗုံးထုတ်လုပ်ခြင်းအတွက် တရုတ်ရဲ့ ပံ့ပိုးမှု” ဆိုတဲ့ အစီရင်ခံစာကို အခုရက်ပိုင်းအတွင်းထုတ်ပြန်ပြီး ဖော်ထုတ်လိုက်တာပါ။
မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်ရာမှာ တရုတ်နိုင်ငံက ဘယ်လိုကူညီနေတယ်ဆိုတာကို သက်သေအထောက်အထားတွေနဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Public Service Announcement
SAC-M (Special Advisory Council for Myanmar) ဆိုတာ မြန်မာပြည်သူလူထုအတွက် ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့အတွက် တိုက်ပွဲဝင်ရာမှာပံ့ပိုးကူညီဖို့ ဖွဲ့စည်းထားတဲ့နိုင်ငံတကာလူ့အခွင့်အရေး ကျွမ်းကျင်သူတွေပါဝင်တဲ့ လွတ်လပ်သော အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
အခုအစီရင်ခံစာရဲ့အဓိကရည်ရွယ်ချက်တွေကတော့ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်အား ဗုံးတွေ ထုတ်လုပ်ရာမှာကူညီနေတယ်ဆိုတာကမ္ဘာကို ပြသရန်၊ အမှန်တရားကို ဖော်ထုတ်ရန်၊ တာဝန်ခံမှုအတွက် တွန်းအားပေးရန်နဲ့ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုရန်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M ဟာ အခုအစီရင်ခံစာအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ လေကြောင်းတိုက်ခိုက်မှုတွေ၊ မီဒီယာတွေက ဖော်ပြခဲ့တဲ့သတင်းတွေ၊ ရှေ့တန်းအစီရင်ခံစာတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂက တာဝန်ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးယန္တရားတွေ၊အထူးအစီရင်ခံစာတင်သွင်းသူတွေရဲ့ အစီရင်ခံစာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကဲဖြတ်မှုတွေ၊ မြန်မာ-တရုတ်ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူတွေထံက အချက်အလက်တွေ ရယူခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဥပဒေဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေ၊ ကျွမ်းကျင်သူတွေနဲ့ မေးမြန်းတာ၊ တိုင်ပင်ဆွေးနွေးတာ၊ အတည်ပြုချက်ရယူတာတွေ များစွာပြုလုပ်ခဲ့ပါတယ်။
အခုအစီရင်ခံစာဟာ တရုတ်နိုင်ငံပိုင် လက်နက်ကုမ္ပဏီဖြစ်တဲ့ China South Industries Group Corporation နဲ့ သူ့ လက်အောက်ခံကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ DI 21 (Defense Industry 21) မှာ FAE(Fuel Air Explosive) နဲ့ အခြားဝေဟင်ပစ်ဗုံး ထုတ်လုပ်မှုတွေမှာဘယ်လိုကူညီအားပေးခဲ့တယ်ဆိုတာကို ဖော်ပြထားပါတယ်။
DI 21 (Defense Industry 21) နဲ့ FAE (Fuel Air Explosive) ဆိုတာဘာတွေလဲ။ China South Industries Group Corporation ကရော ဘယ်လိုပါဝင်ပတ်သက်နေတာလဲ။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M ရဲ့ အစီရင်ခံစာကို ကိုးကားပြီး လေ့လာကြရအောင်ပါ။
DI 21 ဆိုတာ Defense Industry 21 ရဲ့ အတိုကောက်ဖြစ်ပြီး ကာကွယ်ရေးစက်မှုလုပ်ငန်း သို့မဟုတ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) လို့ခေါ်ပါတယ်။ DI 21 (ကပစ ၂၁)ဟာ မြန်မာစစ်တပ်အတွက် အလွန်အရေးကြီးတဲ့ ဗုံးသီးသန့်ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဝေးလံခေါင်ဖျားတဲ့ နေရာမှာ တည်ရှိပြီး ရန်သူက တိုက်ခိုက်ရန် ခက်ခဲစေဖို့ဒီဇိုင်းထုတ်တည်ဆောက်ထားတာပါ။၂၀၀၄ ခုက စပြီး မြန်မာစစ်တပ်ရဲ့ ဝေဟင်ပစ်ဗုံးတွေ ထုတ်လုပ်ရာ အဓိကနေရာဖြစ်ပါတယ်။ DI 21 မှာ ၂၅၀ ကီလိုဂရမ်နှင့် ၅၀၀ ကီလိုဂရမ် အလေးချိန်ရှိ လမ်းညွှန်မှုမဲ့ လေကြောင်းဗုံးတွေ၊ တင့်ကားဖျက်ဗုံးတွေ၊ ကာဗွန်ဖိုင်ဘာဗုံးနဲ့ ကွဲဗုံးတွေ အပါအဝင် ဗုံးအမျိုးအစားများစွာ ထုတ်လုပ်ပါတယ်။
၂၅၀ ကီလိုဂရမ် FAE (Fuel Air Explosive) ဗုံးတွေကိုလည်း ထုတ်လုပ်နေတယ်လို့ အစီရင်ခံစာထဲမှာအလေးထားဖော်ပြထားတာကိုတွေ့ရပါတယ်။FAE ဗုံးတွေဟာ အန္တရာယ်အလွန်ကြီးပြီး ကျယ်ပြန့်တဲ့ ဧရိယာကို ထိခိုက်စေဖို့ ဒီဇိုင်းထုတ်ထားပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုလှိုင်းတွေကို ဖန်တီးထားတာကြောင့် အကာအကွယ်ယူထား သူတွေကိုပင် ပြင်းထန်တဲ့ ဒဏ်ရာတွေကို ရရှိစေနိုင်ပါတယ်။
မြန်မာစစ်တပ်ရဲ့လေတပ်ဟာအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနောက်ပိုင်းကနေကနေ့အချိန်ထိ ကြောက်မက်ဖွယ်ရာ ဒီလိုဗုံးတွေနဲ့ အကြိမ်ပေါင်းများစွာ သုံးပြုပြီး အပြစ်မဲ့ ပြည်သူတွေကို ဝေဟင်ကနေတဆင့် တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုအန္တရာယ်များလွန်းတဲ့ ဝေဟင်ပစ်ဗုံးတွေကို DI 21 စက်ရုံမှာမြန်မာစစ်တပ်ကသူတဦးထဲ ထုတ်လုပ်နေတာမဟုတ်ပါဘူး။တရုတ်နိုင်ငံပိုင် လက်နက်ကုမ္ပဏီဖြစ်တဲ့ China South Industries Group Corporation (China South, CS) အဓိက ပါဝင်ပတ်သက်နေပါတယ်။ Hunan Vanguard နှင့် Chongqing Changan ကုမ္ပဏီတွေဟာလည်း China South လက်အောက်ခံတွေဖြစ်ပြီး DI 21 စက်ရုံကို ကူညီရာမှာ အထူးတလည် ပါဝင်ပတ်သက်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
China South ဟာ တရုတ်နိုင်ငံရဲ့တိုက်ရိုက်လုံးဝပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တာမို့ China South ရဲ့ ပါဝင်ပတ်သက်မှုဟာ တရုတ်အာဏာပိုင်တွေထံကနေ ပို့ကုန်ထိန်းချုပ်ခွင့်ပြုမိန့်လိုဟာမျိုးတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက တရုတ်အစိုးရဟာ မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်နိုင်စွမ်းကိုထိရောက်စွာခွင့်ပြုပေးနေခြင်း သို့မဟုတ် တက်ကြွစွာ အားပေးကူညီနေခြင်းပဲ ဖြစ်ပါတယ်။
China South ဟာ FAE နဲ့ အခြားလေကြောင်းဗုံးတွေထုတ်လုပ်ဖို့လိုအပ်တဲ့ပုံစံတွေနဲ့ (blueprints)ပေးတာ၊ Hunan Vanguard ကဲ့သို့သော လက်အောက်ခံကုမ္ပဏီတွေက တရုတ်အင်ဂျင်နီယာတွေနဲ့ နည်းပညာရှင်တွေကို ၂၀၁၄ ခုကနေ ၂၀၁၉ ခုနှစ်အတွင်း DI 21 စက်ရုံမှာ တာဝန်ချထားကာ နည်းပညာအကူအညီနဲ့ ကြီးကြပ်ထုတ်လုပ်တာ၊ ၂၀၁၅ ခုနဲ့ ၂၀၁၉ ခုအတွင်း China South ရဲ့ စက်ရုံတွေမှာ DI 21 စက်ရုံ ဝန်ထမ်းတွေကို ခဲယမ်းထုတ်လုပ်မှု သင်တန်းတွေပေးတာ၊ DI 21 ဝန်ထမ်းတွေဟာ လက်ရှိမှာ ဗုံးထုတ်လုပ်မှုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့တရုတ်တက္ကသိုလ်တွေမှာအဆင့်မြင့်ကာကွယ်ရေးပညာရပ်တွေ လေ့လာခွင့်ပေးတာမျိုးတွေ ကူညီပေးနေပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေကနေတဆင့် မြန်မာစစ်တပ်အား ဗုံးတွေ ထုတ်လုပ်ဖို့ နည်းပညာ၊ လေ့ကျင့်မှုနဲ့ စစ်လက်နက်ပစ္စည်းအစိတ်အပိုင်းတွေကို ပံ့ပိုးပေးနေတာ အစီရင်ခံစာအရ ထင်ရှားနေပါတယ်။
အဲ့ဒီဗုံးတွေကို အသုံးပြုကာမြန်မာစစ်တပ်ကပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်နေတာဟာ နိုင်ငံတကာဥပဒေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို တိုက်ရိုက်စိန်ခေါ်နေတာပဲဖြစ်ပါတယ်။အခုလို တရုတ်နိုင်ငံရဲ့ အကူအညီဟာ စီးပွားရေးကိစ္စလောက်တင်မကပဲ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာပါ ပူးပေါင်းပါဝင်ခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကမ္ဘာကြီးဟာ မြန်မာပြည်သူတွေအတွက် ပိုမိုအာရုံစိုက်ဖို့ SAC-M (Special Advisory Council for Myanmar) အစီရင်ခံစာက တိုက်တွန်းထားပါတယ်။
အစီရင်ခံစာပါ စွပ်စွဲခံထားရတဲ့ တရုတ်ရဲ့ အကူအညီတွေကို ရပ်တန့်ရန်၊ အရပ်သားတွေကို ကာကွယ်ရန်နဲ့ တရားမျှတမှု ရရှိစေရန် လုပ်ဆောင်ဖို့ အထူးလိုအပ်နေပြီဖြစ်ပါတယ်။ ။
