close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စာသင်ကျောင်းပေါ် ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ် ပျက်ကျမှုမှာ သေဆုံးစာရင်း ၂၅ ဦးထိရှိလာ

စာသင်ကျောင်းပေါ် ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၅ ဦးထိ မြင့်တက်လာပြီး အများစုက ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

Getty Images

စာသင်ကျောင်းပေါ် ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၅ ဦးထိ မြင့်တက်လာပြီး အများစုက ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့က ဒါကာမြို့တော် မြောက်ပိုင်း ရပ်ကွက်တစ်ခုထဲမှာ ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ F-7 BGI တိုက်လေယာဉ် တစ်စီးက စာသင်ကျောင်း တည့်တည့်ကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အရှိန်နဲ့ ထိုးဆင်းလာတဲ့ လေယာဉ်ကြောင့် နှစ်ထပ် အဆောက်အအုံမှာ ပေါက်ကွဲ မီးလောင်မှုတွေ ဖြစ်ပြီး လေယာဉ်မှူးအပြင် ကလေး အများအပြားပါ ထိခိုက် သေဆုံးခဲ့ရတာပါ။ ဒဏ်ရာရသူ ဦးရေကလည်း ၁၇၁ ဦးထိ ရှိလာပြီလို့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

Milestone School and College စာသင်ကျောင်းမှာ အသက် ၄ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးတွေ ပညာသင်ကြားနေတာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေဟာ မီးခိုးငွေ့နဲ့ ညှော်နံ့တွေ ထောင်းထောင်းထနေတဲ့ အဆောက်အအုံထဲကနေ ဒဏ်ရာရထားတဲ့ ကလေးတွေကို ကူညီရွှေ့ပြောင်းပေးပြီး အလောင်းတွေကိုလည်း သယ်ထုတ်ခဲ့ရပါတယ်။ ကလေးအများအပြားဟာ မီးလောင်ဒဏ်ရာတွေ ရထားခဲ့ကြတာပါ။

အစောပိုင်းတုန်းက အသေအပျောက်ဟာ ၁၉ ဦးသာ ဖြစ်ခဲ့ပေမယ့်လည်း ဒဏ်ရာ အရမ်းပြင်းတဲ့ ကလေးတွေပါ ဖိတ်စဉ်ကုန်တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ သေရေးရှင်ရေး အခြေအနေ ဖြစ်နေတဲ့ ကလေးတွေကိုတော့ ရဟတ်ယာဉ်တွေပေါ် တင်ပြီး ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ဆေးရုံမှာ အခြေအနေ စိတ်မချရသေးတဲ့ လူနာ နှစ်ဒါဇင်လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ကုမ္ပဏီ Chenduက ထုတ်လုပ်တဲ့ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းမှုအတွက် အခြေစိုက် စခန်းကနေ ပျံတက်လာပြီး သိပ်မကြာခင်မှာပဲ စက်ချွတ်ယွင်းမှု ပြဿနာတစ်ခု ကြုံတွေ့ရာက ပျက်ကျခဲ့တာလို့ သိရပါတယ်။ လေယာဉ်မှူးဟာ လူနေကျဲပါးတဲ့ နေရာတစ်ခုခုဆီ လေယာဉ်ကို လမ်းကြောင်းပြောင်းဖို့ ကြိုးစားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ် စတင်ပျံတက်လာတဲ့ အေကေ ခန်ဒါခါ လေတပ်စခန်းနဲ့ လေယာဉ်ပျက်ကျတဲ့ စာသင်ကျောင်း နေရာဟာ ၁၁ ကီလိုမီတာလောက် ကွာဝေးပါတယ်။ ကျောင်းနားမှာ လူအသွားအလာ စည်ကားရှုပ်ထွေးပြီး စျေးဆိုင်တွေ၊ နေအိမ်တွေ များပြားသလို မြေအောက်ရထား ဘူတာတစ်ခုလည်း ရှိနေပါတယ်။

သေဆုံးသူ လေယာဉ်မှူးဟာ ဗိုလ်အဆင့်ရှိ မိုဟာမက် တူကာ အစ္စလာမ်ဆိုသူဖြစ်ပြီး အိမ်တွေနဲ့ လူတွေ သိပ်သိပ်သည်းသည်း ရှိနေတဲ့ နေရာအစား လူနေပိုကျဲတယ်လို့ ယုံကြည်တဲ့ နေရာဆီ လေယာဉ်ကို ကြိုးစား လမ်းကြောင်းပြောင်းခဲ့ကြောင်း၊ ဖြစ်စဉ်တစ်ခုလုံးကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကြေညာသွားပါတယ်။

ဒါကာမြို့တော်မှာတော့ ဒါဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အသေအပျောက် အများဆုံး လေယာဉ်ပျက်ကျမှု ဖြစ်လာပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကလည်း F-7 တစ်စီးဟာ စက်ချွတ်ယွင်းမှုကြောင့် ဒါကာမြို့ပြင်မှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးက လေထီးနဲ့ ခုန်ထွက်ခဲ့ပေမယ့်လည်း အသက်မရှင်ခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဇူလိုင် ၂၂ ရက်နေ့ကို တစ်နိုင်ငံလုံးအဆင့် ကြေကွဲဝမ်းနည်းမှု ကာလအဖြစ် သတ်မှတ် ကြေညာပြီး နိုင်ငံတော် အလံတွေကို တိုင်တစ်ဝက် နှိမ့်ချ လွှင့်ထူဖို့လည်း ညွှန်ကြားထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ အကြီးအကဲဖြစ်သူ မူဟာမက် ယူနွတ်စ်က ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးအတွက် ထိခိုက်နစ်နာရသူ အားလုံးအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပြီး ဘယ်လို အခြေအနေမျိုး ကြုံခဲ့သလဲ ဆိုတာကို ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်စေမယ်လို့လည်း ကတိပြုသွားခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးဟာ ဒါကာမြို့တော်မှာ ပျက်ကျပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ထောက်ခံသူတွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

အညာတနေရာက ရွာတရွာမှာ ရွာသူရွာသားတွေ မြေကျင်းနက်နက်တူးနေကြတယ်။ ထွက်လာတဲ့မြေသားတွေကို မိန်းမသားတွေပါမကျန် ချွေးသံတရွှဲရွှဲနဲ့ သယ်ကြဖို့ကြတယ်။ ဒီအချိန်ဒီကာလ အညာမှာ အာစီတိုက်ဆောက်မလို့ ဖောင်ဒေးရှင်းကန်တူးတာတော့ မဟုတ်ပါဘူး။ စာသင်တာကိုတောင် လေကြောင်းနဲ့တိုက်ခိုက်၊ အသက်တွေရင်းပြီး ပညာသင်နေရတဲ့ အညာက ကလေးငယ်တွေအတွက် မြေအောက်စာသင်ကျောင်းကို စတင်ဆောက်လုပ်နေကြတာပါ။

Facebook