close
Connect with us

Hi, what are you looking for?

ဆောင်းပါး

​မြေကြီးဖြစ်ဖို့နောက်မတွန့်ဘဲ မျိုးဆက်သစ်​တွေ ​ရွှေထီး​ဆောင်း​စေချင်တဲ့ကြယ်

ဇူလိုင်လရဲ့ နေရောင်ကောင်းကောင်းမပွင့်တဲ့ မိုးရက်မှာ ရေဝေးသုဿန်ကို ပြည်သူတွေ နောက်တခေါက် ရောက်လာကြရပြန်တယ်။ ဇူလိုင်လ ၁၂ ရက်နေ့က ဆရာမောင်သာချိုအတွက် ကျခဲ့ရတဲ့ မျက်ရည်တွေ မခြောက်သေးခင်မှာပဲ ဒီကနေ့ ဇူလိုင် ၂၂ ရက်မှာ ထပ်ရောက်လာကြရတာပါ။ ဒီတခါကတော့ နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင်ရဲ့ နာရေးပါ။

ကမ္ဘာ့ကပ်​ရောဂါကိုဗစ်ရင်ဆိုင်​နေရချိန် ​စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့ မဝတ်ရည်​အောင်

Scorpio/People’s Spring

ဇူလိုင်လရဲ့ နေရောင်ကောင်းကောင်းမပွင့်တဲ့ မိုးရက်မှာ ရေဝေးသုဿန်ကို ပြည်သူတွေ နောက်တခေါက် ရောက်လာကြရပြန်တယ်။ ဇူလိုင်လ ၁၂ ရက်နေ့က ဆရာမောင်သာချိုအတွက် ကျခဲ့ရတဲ့ မျက်ရည်တွေ မခြောက်သေးခင်မှာပဲ ဒီကနေ့ ဇူလိုင် ၂၂ ရက်မှာ ထပ်ရောက်လာကြရတာပါ။ ဒီတခါကတော့ နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင်ရဲ့ နာရေးပါ။

မဝတ်ရည်အောင်ဟာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး စစ်ကြောရေးအတွင်း စစ်တပ်ရဲ့ နှိပ်စက်တဲ့ဒဏ်တွေ၊ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့အချိန် ဆေးဝါးကုသခွင့်မရခဲ့တာတွေကြောင့် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

ကျောင်းသားလူငယ်​တွေနဲ့အတူ လှုပ်ရှားမှုပုံရိပ်

အသက် ၂၆ နှစ်ပဲ ရှိသေးတဲ့ မဝတ်ရည်အောင်ဟာ အာဏာသိမ်းကာလအစမှာ အသက် ၂၁ ပဲ ရှိသေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ မျက်လုံးဝိုင်းစက်စက်နဲ့ နူတ်ခမ်းဖူးဖူးနဲ့ ရုပ်ရည်သွင်ပြင် ကြည့်ကောင်းသူတစ်ဦးပါ။ သူ့မျက်နှာလေးက အမြဲ ပြုံးနေလို့ သူ့ငယ်နာမည်က အပြုံး တဲ့။

Public Service Announcement

Public Service Announcement

မဝတ်ရည်အောင်ဟာ လူသာငယ်ပေမဲ့ သူဖြတ်သန်းခဲ့တဲ့ နှစ်ကာလတွေအတွင်း လူ့လောကကို အကျိုးပြုတာတွေချည့် လုပ်သွားခဲ့တယ်။

မဝတ်ရည်အောင်ကို ၂၀၀၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှာရန်ကုန်မှာပဲမွေးဖွားခဲ့တယ်။ သားသမီး ၅ ယောက်မှာ မဝတ်ရည်က အငယ်ဆုံးပါ။

အ.ထ.က.(သုဝဏ္ဏ)ကနေ ဆယ်တန်းအောင်ပြီး ၂၀၁၇ ခုနှစ်ကစပြီး ဒဂုံတက္ကသိုလ် သတ္တဗေဒဘာသာရပ်အထူးပြုနဲ့ ပညာသင်ယူခဲ့တယ်။

၂၀၁၈ ခုနှစ်မှာ Unity & Progress ဒဂုံတက္ကသိုလ် ကျောင်းသားအစည်း အရုံးသို့ ဝင်ရောက်ခဲ့တယ်။ဒဂုံတက္ကသိုလ် Cheer leaders အဖွဲ့မှာလည်းပါဝင်ခဲ့တယ်။ အဲဒီနောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ဝင်ရောက်ပြီး ကျောင်းသားအရေးကိစ္စတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တယ်။

မဝတ်ရည်အောင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို Unity & Progress ကျောင်းသားများအစည်းအရုံး ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီနောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တော့ ကျောင်းတွေပိတ်လိုက်ရပြီ။ မဝတ်ရည် အလကားမနေပါဘူး။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့ကစပြီး ကိုဗစ် စေတနာ့ဝန်ထမ်းလုပ်ကိုင်တာခဲ့ပါတယ်။ရောဂါထိန်းချုပ်၊ကုသရေးအတွက် Quaratine Center တွေမှာ မဝတ်ရည် အလုပ်များခဲ့တယ်။

မဝတ်ရည်ဟာ ရန်ကုန်မြို့တင်မကဘဲ ရခိုင်ပြည်နယ်အထိသွားရောက်ပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့စစ်ကောင်စီလက်အောက်ကနေ သူတို့ကို ဦးညွတ်ပြီးလုပ်ရမယ့်အလုပ် ဘာအလုပ်မှ မလုပ်ချင်တော့လို့ မဝတ်ရည်အောင်ဟာစေတနာ့ဝန်ထမ်းအဖြစ်ကနေနှုတ်ထွက်ခဲ့တယ်။

အဲဒီနောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တယ်။

ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ စစ်တပ်ရဲ့ ဆန္ဒပြဖြိုခွင်းမှုတွေဟာ အတော်လေးဆိုးရွားလာခဲ့ပါပြီ။ မဝတ်ရည်တို့တတွေ အေးချမ်းစွာ ဆန္ဒပြနေချိန် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ပြီး ဖြိုခွင်းတာတွေ ခံရတယ်။ မဝတ်ရည်အောင်တို့ဟာ မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ မကြာခဏ ရင်ဆိုင်ကြရတယ်။ လာဖမ်းရင် ရပ်ကွက်လမ်းတွေထဲဝင်နေတယ်။ မိနစ်ပိုင်းအတွင်း လူပြန်စုတယ်။ ပြန်ချီတက်တယ်။

ကျောင်းသူတချို့တော့ အသံဗုံးစင်တဲ့ဒဏ်ကြောင့် ဒဏ်ရာအနည်းငယ်ရတယ်။ ရပ်ကွက်လူထုရဲ့ ရေ၊ အဝတ်၊ ကိုလာ စတာတွေ ပြင်ဆင်ထားပေးတဲ့အတွက် အတော်သက်သာရာရတယ်။

မဝတ်ရည်အောင်တို့ လှိုင်မြို့နယ်မှာ ဆန္ဒပြရင်း ရပ်ကွက်တွေထဲပိတ်မိတဲ့အခါ ပြည်သူတွေရဲ့ ကူညီမှုတွေကိုလည်း စိတ်ထဲ ပီတိဖြစ်ခဲ့ကြတယ်။

ကျောင်းသားလေးတွေ သူတို့လမ်းထဲရောက်လာတဲ့အခါ ပြည်သူတွေက “ဘာမှစိတ်မပူနဲ့ ဦးတို့အန်တီတို့ရှိတယ်”ဆိုပြီး အစားအသောက်ကအစ လုံခြုံရေးကအဆုံး သူတို့ပဲတာဝန်ယူပေးသွားတာတွေ မဝတ်ရည်အောင် ကြုံခဲ့ရတယ်။

စစ်သားတွေ အနောက်ကနေ လိုက်ဖမ်းခံရလို့ စစ်ကြောင်းကွဲပြီး ကျန်ခဲ့တော့ ရပ်ကွက်နေ ပြည်သူတွေ အသီးသီး တုတ်ဆွဲပြီး ပိတ်မိနေတဲ့ကျောင်းသား/သူတွေကိုလာထုတ်ပေးပြီး ဖွက်ပေးခဲ့တာတွေ၊ လမ်းအသီးသီးကနေပတ်ခေါ်ပြီး အန္တရာယ် ကင်းတဲ့နေရာအထိ ပို့ပေးခဲ့တာတွေ၊ အိမ်ပြန်ဖို့အတွက်ကားတွေပါ စီစဉ်ပေးတာတွေဟာ မဝတ်ရည်အောင် တစ်သက်မမေ့နိုင်တော့ပါဘူး။

ကျောင်းသားတွေကို ကာကွယ်ပေးရင်း ပြည်သူတချို့ ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွင်းခံရတော့လည်း မဝတ်ရည်အောင် စိတ်ထိခိုက်မိခဲ့တယ်။

“စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ဆိုရင် ကျောင်းသားပြည်သူ ညီဖို့လိုပါတယ် ကျွန်မတို့အတူတူပူးပေါင်းတိုက်ထုတ်ကြမယ် ပိုပြီးဆိုးရွားလာနိုင်ချေရှိတဲ့ တိုက်ပွဲက်ိုကျွန်မတို့အတူတူတွဲလက်မဖြုတ်ပဲ အဆုံးထိရင်ဆိုင်သွားကြမယ်”လို့ မဝတ်ရည်အောင် ဆိုခဲ့ပါတယ်။

မဝတ်ရည်အောင်တို့တတွေဟာ သူတို့ရဲ့ကျောင်းတော်ကြီး ဒဂုံတက္ကသိုလ်ဝင်းတံခါးကို စစ်ကောင်စီတပ်တွေမဝင်နိုင်အောင် ဝရိန်ဆော်ပြီး ပိတ်ထားခဲ့တယ်။ ဒါပေမယ့် မတ်လ ၇ ရက်နေ့မှာတော့ စစ်တပ်က ဒဂုံတက္ကသိုလ်ဝင်းအတွင်းထဲကို ဘေးအပေါက်ကနေ အလုံးအရင်းနဲ့ဝင်ရောက်လာပြီး တပ်စွဲလိုက်ပါတော့တယ်။

၂၀၂၁ ခုနှစ် နှစ်လယ်မှာတော့ စစ်တပ်ရဲ့အကြမ်းဖက် ဖြိုခွင်းတာတွေကြောင့်မြေပြင် ဆန္ဒပြတာတွေ တဖြည်းဖြည်း အင်အားနည်းလာခဲ့တယ်။ ဆန္ဒပြလူငယ်တွေကို စစ်တပ်က ပိုက်စိပ်တိုက်လိုက်ဖမ်းနေလို့ မဝတ်ရည်အောင်တို့ လူငယ်တွေ နေရာတွေပြောင်းရွှေ့နေကြရတယ်။

အဲဒီအချိန်မှာပဲကိုဗစ်တတိယလှိုင်းကြီးကပြန်ဆောင့်တက်လာခဲ့ပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ မြန်မာပြည်သူတွေ လှိမ့်နေအောင်ခံကြရတယ်။ရန်ကုန်မြို့မှာ ​နေ့စဥ်လူ​ရာ​ပေါင်းများစွာ​သေခဲ့ပါတယ်။​သေဆုံးသူ​တွေများလွန်းတာ​ကြောင့်မီးသဂြိုဟ်စက်​တွေ မနိုင်မနင်းဖြစ်၊​ဆေးရုံ​တွေ မနိုင်မနင်းဖြစ်ကုန်ပါတယ်။အောက်ဆီဂျင်တွေ ပြတ်တယ်။ ကုန်စျေးနှုန်းတွေတက်၊ ဆေးဝါးတွေပြတ်လ​ပ်ကုန်တယ်။

ကိုဗစ်စကတည်းက အတွေ့အကြုံရှိတဲ့ မဝတ်ရည်အောင် ငြိမ်မနေနိုင်တော့ဘူး။ စစ်ကောင်စီနဲ့ မပတ်သက်ဘဲ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အဖွဲ့နဲ့ကူညီနေတဲ့ ဗော်လန်တီယာအဖွဲ့တွေနဲ့ ချိတ်ဆက်တယ်။

မဝတ်ရည်အောင်ဟာ လူနာတွေအတွက် ပြတ်နေတဲ့ဆေးတွေကို ရန်ကုန်တမြို့လုံးက ဆေးဆိုင်တွေ၊ ပုဂ္ဂလိကဆေးဆိုင်တွေမှာ ပတ်ရှာဝယ်ပေးတယ်။ တချို့ဆေးတွေဆို ရှာရတာ နှစ်ရက်လောက် အချိန်ကုန်တယ်။ ဟိုမှာရတယ်ဆိုလို့ ပြေးပြီးတော့တန်းစီ ကိုယ့်အလှည့်ရောက်တော့ ကုန်ပြီဆိုတဲ့အဖြစ်မျိုး မဝတ်ရည်အောင် ခဏခဏကြုံရတယ်။ “ကိုယ်ကူညီလိုက်ရတဲ့ လူနာတွေ အဆင်ပြေသွားတယ်ဆိုရင်ပဲ ကျေနပ်ရပါပြီ”လို့ မဝတ်ရည်အောင် ဆိုခဲ့တယ်။

စစ်တပ်ရဲ့​နှိပ်စက်ညှင်းပန်းမှု​တွေ​ကြောင့် ​ဆေးကုသခွင့် ​ကောင်းစွာမခဲ့တဲ့ မဝတ်ရည်​အောင်

မဝတ်ရည်အောင်ဟာကိုဗစ်ကာလတလျှောက် လုံး တတိယလှိုင်းအထိ ကိုဗစ်လူနာတွေကိုအသက်ပေးကူခဲ့သူတွေထဲ ပါဝင်ခဲ့တယ်။ တတိယလှိုင်း အဆိုးဝါးဆုံးအချိန်မှာ လူနာတွေအိမ်ကို အရောက်သွား “သမီး ဆေးတွေတန်းစီပြီး ရသလောက်ဝယ်ထားပေးမယ်” ဆိုပြီး လူနာတွေအသက်ကို အမှီကယ်ပေးနိုင် အောင် ကြိုးပမ်းခဲ့တယ်လို့ သူနဲ့အတူ ဗော်လန်တီယာ လုပ်ခဲ့သူတွေက ပြောပါတယ်။

မဝတ်ရည်အောင်တို့ လုပ်သာလုပ်နေရတာ အတော်လေး စိတ်ဖိစီးခဲ့တယ်။ ဘာလို့ဆို စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါအတွက် ကူညီပေးနေတဲ့ ဗော်လန်တီယာတွေကိုပါ ဖမ်းဆီးခဲ့လို့ပါ။

၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်က လူနာတစ်ဦး အောက်ဆီဂျင်ကျပြီး အရေးပေါ်ဖြစ်နေတာကြောင့် မြောက်ဒဂုံမြို့နယ်က ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ရုံးကိုလာရောက် ကြည့်ရှုပေးဖို့ ဖုန်းဆက်ခေါ်လို့ မြေပြင်ကုသရေး ဆရာဝန် သုံးဦးက သွားရောက်ခဲ့တယ်။ အဲဒီဆရာဝန် ၃ ဦး တိုက်ခန်းကို ရောက်တဲ့အချိန်မှာပဲ တကယ့်လူနာရှိမနေဘဲ စစ်ကောင်စီရဲ့ ထောင်ချောက်ဆင်ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ ကျန်တဲ့ ၂ ဦးကတော့ ရုံးကို စီးနင်းချိန် အဖမ်းခံလိုက်ရတာပါ။

ဒါကြောင့် မဝတ်ရည်အောင်တို့ ဗော်လန်တီယာတွေ အတော်လေး ဂရုစိုက် သွားလာ လုပ်ကိုင်ကြရတယ်။

ဒါ့အပြင် နိုင်ငံရေးသမားတွေကိုလည်း စစ်တပ်က မမေ့မလျော့ဖမ်းပြန်ပါတယ်။ သူစိတ်ထိခိုက်ခဲ့ရတဲ့အကြောင်းတွေထဲမှာ တခုလည်းရှိသေးတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက်က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းက နေအိမ်တိုက်ခန်းတခုကို စစ်ကောင်စီတပ်ဖွဲ့ဝင် ဝင်ရောက် ဖမ်းဆီးတော့ ယောကျာ်းလေး ၄ ယောက်နဲ့ မိန်းကလေးတစ်ယောက် တိုက်နောက်ဖေးလမ်းကြားထဲကို ခုန်ချသွားခဲ့ကြတယ်။ မဝေဝေမြင့်နဲ့ ကိုဝေဇော်ဖြိုးတို့နှစ်ဦး နေရာမှာပဲ သေဆုံးခဲ့ရတယ်။

အဲဒီအဖွဲ့ထဲမှာ မဝတ်ရည်အောင်နဲ့ဆုံဖူးခဲ့သူတွေပါတယ်။ ဆုံခဲ့တုန်းက တကယ်လို့များ စစ်တပ်က လာဖမ်းတဲ့အချိန် ပြေးပေါက်မရှိရင် ဘယ်လိုလုပ်ကြမတုန်းလို့ ပြောခဲ့ကြဖူးတယ်။ သူတို့က မဝတ်ရည်အောင်ကိုစသလိုနောက်သလိုနဲ့

“ပြေးပေါက်မရှိရင်ခုန်ချမှာပေါ့”လို့ဖြေခဲ့ကြတယ်။

တကယ်လည်း ခုန်ချသွားတော့ မဝတ်ရည်အောင် စိတ်ထိခိုက်ခဲ့ရတယ်။

ထောင်ထဲရောက်သွားတဲ့ ရဲဘော်ရဲဘက်တွေ ဖိနှိပ်ခံရတဲ့ သတင်းတွေကြားတိုင်း သူဒေါသထွက်ရတယ်။ ထောင်တွင်းသပိတ်တိုက်ပွဲတွေလုပ်ကြတဲ့အကြောင်း ကြားလာရင်တော့ ရဲဘော်တွေရဲ့ စိတ်ဓာတ်အတွက် ဂုဏ်ယူအားတက်ရတယ်။

ထောင်တွင်းမှာ အာဏာပိုင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်တွန်းလှန်ပြီး သပိတ်တိုက်ပွဲလုပ်ရင် နောက်ဆက်တွဲ ဖြစ်နိုင်ခြေအန္တရာယ်တွေကို အကျဉ်းကျရဲဘော်တွေ အသိဆုံး။ မိမိတို့ အသက်နဲ့ခန္ဓာအပါအဝင် အရာအားလုံးကို စွန့်လွှတ်စတေးနိုင်တဲ့ စိတ်ဓာတ်ရှိပါမှ ထောင်တွင်းသပိတ်တိုက်ပွဲဆိုတာ ဆင်နွှဲလို့ရတယ်လို့ မဝတ်ရည်အောင် ယူဆတယ်။

ဒါကြောင့် ဒီဘေးဒုက္ခ အန္တရာယ်အားလုံးကို သိသိကြီးနဲ့ အကျဉ်းထောင်တွေထဲမှာ သပိတ်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်အပေါင်းကို ထောင်အကျယ်ကြီးထဲ မဝတ်ရည်အောင်တယောက် ဦးညွှတ်အလေးပြုခဲ့ဖူးတယ်။ ရဲဘော်တွေရဲ့ သံတိုင်ကြားက ကြွေးကြော်သံတွေဟာ နွေဦး တော်လှန်ရေးရဲ့ အားမာန်တွေလို့ သူယူဆတယ်။ အကျဉ်းပဲ ကျကျ၊ အကျယ်မှာပဲ နေနေ၊ တိုက်ပိတ်လိုက်လို့ ငြိမ်သွားမယ့်အထဲမှာ အမှန်တရား မပါဘူးလို့ သူယုံကြည်ခဲ့တယ်။

အာဏာရှင်ကို တော်လှန်ကြသူတွေအချင်းချင်း ဝိဝါဒကွဲပြားတာတွေ၊ ပွတ်တိုက်မှုတွေ တွေ့လာရင် မဝတ်ရည်အောင် စိတ်မကောင်းဖြစ်မိတယ်။ သူ့ရဲ့ခံယူချက်က “တော်လှန်​ရေးမှာ မင်းဘယ်အပိုင်းကပါဝင်ရပါဝင်ရအ​ရေးမကြီးဘူး။ အဓိကမင်းရဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်ကိုဖြုတ်ချဖို့ပဲမဟုတ်လား”တဲ့။

စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် တကွဲတပြားနဲ့ တနေရာစီ ရောက်သွားကြရတဲ့ ရဲဘော်တွေကို မဝတ်ရည်အောင် မှာတာက ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ပါ။ သူ့ဆန္ဒက “ရဲ​ဘော်​တွေနဲ့ ​တော်လှန်​ရေးကြီးပြီးသွားရင် ​နေ​ကောင်းကျန်းမာစွာနဲ့ ပြန်​တွေ့ချင်ပါတယ်”တဲ့။

မဝတ်ရည်အောင်လည်း ဂရုစိုက်နေတဲ့ကြားက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် ၅ဦးနဲ့အတူ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတော့တယ်။ စစ်ကြောရေးရဲ့ ပြင်းထန်တဲ့ နှိပ်စက်မှုတွေကြောင့် ဖမ်းဆီးခံရပြီး သုံးလအကြာမှာ လေဖြန်းဝေဒနာ ခံစားခဲ့ရတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်မှာ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံလိုက်ရတယ်။ ဧပြီလမှာ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတယ်။ အဲဒီနောက် ကျန်းမာရေးဆိုးရွားလာလို့ အင်းစိန်ထောင်ကို ပြန်လည်ပြောင်းရွှေ့ခံရတယ်။၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာတော့ ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၄နှစ်ချမှတ်ခံရရာ စုစုပေါင်း ထောင်ဒဏ် ၇နှစ်ဖြစ်လာခဲ့တယ်။

ဒိုက်ဦးထောင်ကနေ အင်းစိန်‌ထောင်သို့ ပြောင်းရွှေ့ခံရပြီးတဲ့နောက် စစ်ကြောရေးတွင်း နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဦးနှောင်အကျိတ်တည်ဒဏ်ရာနဲ့ (၂၂) နာရီကြာခန့် သတိလစ်သွားခဲ့ပါသေးတယ်။

အင်းစိန်အကျဉ်းထောင်အတွင်း ဆိုးရွားတဲ့ အကျဉ်းထောင်စနစ်တွေကြောင့် မဝတ်ရည်အောင်ဟာ ဆေးကုသမှူလုံလောက်စွာမရရှိဘဲ ဒဏ်ရာအခံကြောင့် မကြာခဏတက်တာ၊ သတိလစ်တာ ၊ နှလုံးရပ်တာတွေ ဖြစ်လာခဲ့တယ်။

ဝတ်ရည်အောင်ဟာ ထောင်ထဲမှာ သူသာမကျန်းမာပေမဲ့ သူများကျန်းမာရေးကျစိတ်ပူတတ်တယ်။ ကျန်းမာအောင်ဂရုစိုက်နေပေးပါလို့မှာတတ်တယ်။

မဝတ်ရည်​အောင်သဂြိုလ်ပြီး​နောက် အထိန်းအမှတ်အုတ်ဂူ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် မနက် (၃) နာရီမှာတော့ အင်းစိန်အကျဉ်းထောင်အတွင်းမှာ ကျဆုံးခဲ့ရပါတယ်။

မဝတ်ရည်အောင်ဟာ အဖေလည်းမရှိတော့သလို အငယ်ဆုံးလည်းအငယ်ဆုံးမို့ သူ့အမေကသိပ်ချစ်တယ်။ အမတွေက အိမ်ထောင်ကျတော့အမေ့မှာ ခင်တွယ်စရာဆိုလို့အငယ်ဆုံးသမီးလေးပဲရှိတယ်။

မဝတ်ရည်အောင်ကို သူ့မေမေက ဆုံးမခဲ့ဖူးတယ်။

“ဘာပဲလုပ်လုပ် ကို့ယ်ဘဝကိုတန်ဖိုးထားတဲ့” အမေကိုချစ်လွန်းတဲ့ မဝတ်ရည်အောင်ဟာ အမေ့စကားလေးကို ထာဝရရင်ထဲသိမ်းထားခဲ့တယ်။ လိုက်နာခဲ့တယ်။

သမီးငယ်လေးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာလေးကိုကြည့်ရင်း သူ့မိခင်က ပြောတယ်။ “ငါ့သမီးကသေတဲ့အထိ မျက်နှာကို တချက်မတွန့်ဘဲ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး သေခြင်းတရားကို ရင်ဆိုင်သွားတာ”တဲ့။

မဝတ်ရည်အောင်ဟာ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း အလေးထားတယ်။ သူ့ရဲ့ရဲဘော်တွေကို ရည်းစားထက်ကို ပိုအချိန်ပိုပေးရတယ်တဲ့။

“ဖြစ်နိုင်မယ်ဆိုရင် ရဲဘော်တို့ အားလုံးနဲ့ ဒီကာလကြီးပြီးရင် နေကောင်းကျန်းမာစွာပြန်ဆုံတွေ့ချင်ပါတယ်”လို့ ဆိုခဲ့တယ်။

မဝတ်ရည်အောင်ဟာ အမြဲတမ်းတောက်တောက်ပပ ပြုံးပြီး အေးချမ်းစေခဲ့ပါတယ်လို့ သူ့မိတ်ဆွေတဦးက ဆိုပါတယ်။

သူ့ရဲ့လူသားချင်း တန်ဖိုးထားတဲ့စိတ်၊ လိုအပ်နေရင် ကူညီပေးချင်တဲ့စိတ်နဲ့ ကျောင်းသားစိတ်ဓာတ် သမဂ္ဂစိတ်ဓာတ်ကိုင်ပြီး အဆုံးထိ အာဏာရှင်ကို ဒူးမထောက် အယူခံမဝင်တဲ့စိတ်ဓာတ်တွေကို မိတ်ဆွေတွေ ရဲဘော်ရဲဘက်တွေက လေးစားခဲ့ကြတယ်။

အခုတော့မဝတ်ရည်အောင်ဟာဒီမိုကရေစီရဲ့ လမ်းခုလပ်မှာပဲ အားလုံးကို နူတ်ဆက်သွားခဲ့တယ်။ သူ့မိတ်ဆွေတွေ ဇူလိုင်မိုးနဲ့အတူ မျက်ရည်ဖြိုင်ခဲ့ရတယ်။

မဝတ်ရည်အောင်က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ စာသားလေးတစ်ခု တင်ခဲ့ဖူးပါတယ်။ အဲဒီစာသားလေးကတော့

“သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ
ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင်
ကျန်ခဲ့တဲ့ ငါတို့မျိုးဆက်
ရွှေထီးဆောင်းရစေမယ်”တဲ့။ ။

ဆက်စပ်သတင်းများ

သတင်း

အင်းစိန်ထောင်မှာကျဆုံးသွားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဗဟိုအလုပ်အမှုဆောင်နိုင်ငံရေးအကျဉ်းသူမဝတ်ရည်အောင်ရဲ့နာရေးစျာပနကို ဒီနေ့ (ဇူလိုင် ၂၂ )ရက်ကရန်ကုန်မြို့၊ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ကျဆုံးသွားတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ရဲ့ရုပ်အလောင်း ကို အင်းစိန်ဆေးရုံကြီး ကနေ ရေဝေး သုဿန်အအေးခန်းဆီ ဒီနေ့ (ဇူလိုင် ၂၁) ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က အသိပေးထားပါတယ်။

သတင်း

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ဒီနေ့ (ဇူလိုင်လ ၂၀ ) မနက်ပိုင်း မှာ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။